From : ခေတ်လူငယ်
ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေအေးချမ်းတည်ငြိမ်မှု အားနည်းခဲ့သည့်အတွက် ၎င်းမြို့နယ်များအတွင်းရှိ ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ အချို့သည် တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံစိတ်ချရမှုရှိရာ မန်စီမြို့ပေါ်နှင့် ကွတ်ခိုင်မြို့ပေါ်တို့သို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြသည်။ ယင်းသို့ ပြောင်းရွှေ့ရောက်ရှိလာကြသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် တာဝန်ရှိသူများ၊ စေတနာရှင်များက နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး အစစအဆင်ပြေအောင် ကူညီထောက်ပံ့ ဖြည့်ဆည်းစောင့်ရှောက်ပေးလျက် ရှိသည်။ ယခုအခါ နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေး ကြိုးပမ်းဖော်ဆောင်မှုများကြောင့် နယ်စပ်ဒေသများတွင် ယခင်ကာလများကထက် တည်ငြိမ်အေးချမ်းမှု၊ လုံခြုံစိတ်ချရမှု ပိုမိုတိုးတက်ကောင်းမွန် လာခဲ့ပြီဖြစ်သည်။ အဆိုပါ မန်စီမြို့နယ်နှင့် ကွတ်ခိုင် မြို့နယ်များတွင်လည်း ယခင်နှင့်မတူဘဲ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိနေပြီဖြစ်သည့်အတွက် မြို့ပေါ်သို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြသည့် ဒေသခံပြည်သူများသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ အကူအညီဖြင့် မိမိတို့နေထိုင်ရာ မူရင်းကျေးရွာအသီးသီးသို့ ပြန်လည်အခြေစိုက် နေထိုက်နိုင်ရန် ပြောင်းရွှေ့ထွက်ခွာ လျက်ရှိကြကြောင်း၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်