From : ခေတ်လူငယ်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ (Asean Business Club) မှ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။ အာဆီယံနိုင်ငံများမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်ပါဝင်သော အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာဆီယံစီးပွားရေး လုပ်ငန်းစုကနေပြီးတော့ ပါဝင်လုပ်ဆောင်နိုင်ဖို့အတွက် လာတာပါ။ ကျွန်တော်တို့အဖွဲ့ ထဲမှာတော့ အာဆီယံ ၁၀ နိုင်ငံက ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် ၃၀ ကျော်လောက်ပါမယ်” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းစု၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် CIMB ASEAN RESEARCH INSTITUTE မှ Chief Executive Officer John Pang ကပြောသည်။ ယင်းအာဆီယံ စီးပွားရေးလုပ်ငန်းစုအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်မွန်းလွဲ ၁ နာရီတွင် UMFCCI မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ညနေ ၃ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကာ ဖေဖော်ဝါရီ ၇ ရက်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တွေ့ဆုံပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ “Asean Business Club စီးပွားရေးလုပ်ငန်းစုက အာဆီယံမှာတော့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေချည်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ သူတို့ဝင်လာရင်လဲ ဒေသတွင်းစီးပွားရေး လုပ်ငန်းတွေက အများကြီးဖွံ့ဖြိုးလာနိုင်မယ်။ သူတို့ဆီမှာ ကဏ္ဍအစုံက လုပ်ငန်းရှင်တွေ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအစုံမှာလဲ ဖွံ့ဖြိုးလာနိုင်မယ်” ဟု ပြည်တွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်