Subscribe to our RSS Feed

ဗုဒ္ဓသာသနာတွင် အဓမ္မ၀ါဒတချို့ မသိမသာ ခေါင်းပြူလာ၍ ကာကွယ်ရန် လိုအပ်ဟုဆို


From : Myanmar Times
စန္ဒာလွင်
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

ဗုဒ္ဒသာသာနာတော်တွင် အဓမ္မ၀ါဒ တချို့ မသိမသာ ခေါင်းပြူ လာသည်ကို တွေ့ရှိရကြောင်းနှင့် သံဃာတော်များ၏ ညီညွတ်မှု၊ ဒါယကာ ဒါယိကာမများ၏ ညီညွတ်မှုဖြင့် ဆရာဒကာလက်တွဲ၍ ကာကွယ်သွားရန် လိုအပ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးမြင့်မောင်က ပြောကြားသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့က မှော်ဘီ မြို့နယ်၊ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် (၁၈) ကြိမ် မြောက် ဗုဒ္ဓ သာသနာတော်လုံးဆိုင်ရာ ရွှေကျင် နိကာယ သံဃာ့အစည်းအဝေးဖွင့်ပွဲ လျှောက်ထားလွှာတွင် ၀န်ကြီးက ယင်းသို့ ထည့်သွင်းလျှောက်ထားခြင်း ဖြစ်သည်။

သာသနာရေးဝန်ကြီးဌာနသည် ဗုဒ္ဓသာသနာနှင့်ပတ်သက်၍ မကြာ သေးမီက မိုးပြာဂိုဏ်းအမည်ဖြင့် ပေါ်ပေါက်ခဲ့သည့် ဂိုဏ်း၏ အယူ အဆများကို ဖြေရှင်းခဲ့သည်။

ရွှေကျင်နိကာယအစည်းအဝေးတွင် သီရိလင်္ကာနိုင်ငံမှ အင်္ဂရုဝတ္တေပိယာ နန္ဒထေရ်ဖတ်ကြားသည့် သီရိလင်္ကာ ရွှေကျင်နိကာယ၏ လျှောက်ထား လွှာ၌လည်း ဘာသာပြန်ဆိုမှားယွင်းမှုကြောင့် အနောက်နိုင်ငံများသို့ ပိဋကတ် တော်၏ မူလဆိုလိုချက်မှ သွေဖည်ကာ ပြန့်ပွားနေမှုများ ရှိကြောင်း လျှောက်ထားသည်။

ယင်းလျှောက်ထားချက်ကို သီတဂူ ဆရာတော်အရှင်ဉာဏိဿရက ဘာသာပြန်ဆိုဖတ်ကြားရာ၌ အနောက်နိုင်ငံမှ တက္ကသိုလ် များတွင် သာမက သီရိလင်္ကာ မှ တက္ကသိုလ်များတွင်ပါ ယင်းသို့ အဓိပ္ပာယ်မှားယွင်းသည့် စာပေတချို့ကို ပြဋ္ဌာန်းပို့ချမှုများ ရှိလာ သည့်အတွက် ယင်းနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန်လည်း အစည်းအဝေးသို့ တက်ရောက်လာသည့် သံဃာတော်များအား လျှောက်ထား တိုက်တွန်းခဲ့သည်။

သာသနာတော်ဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင် ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်က မိန့်ကြားရာတွင် သာသနာတော်ပြဿနာများနှင့် ပတ်သက်၍ နိုင်ငံတော် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယကအဖွဲ့က ဓမ္မ၊ အဓမ္မ ၀ိနိစ္ဆယသီးခြားဖွဲ့စည်းဖြေရှင်းလျက်ရှိကြောင်းနှင့် အဓိပ္ပာယ်ကောက် ယူမှုလွဲမှားမှုများအတွက် အဓိပ္ပာယ် အမှန်ကို မကြာ မကြာ သံဃာများစုဝေး ဆုံးဖြတ်ဖြေရှင်းရန် လိုအပ်ကြောင်း မိန့်ကြားသည်။

ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကို ဇန်န၀ါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ရွှေကျင်နိကာယ၀င် သံဃာတော် ၈၉၁ ပါးတက်ရောက်ခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်