Subscribe to our RSS Feed

ပုသိမ်ခရိုင်၊ သာပေါင်း၊ ရေကြည်၊ ကျုံပျော်မြို့နယ်များရှိ ရေဘေး ကယ်ဆယ်ရေးစခန်းများသို့ နတ်စင်တစ်ရာ နယ်လှည့် စတုဒီသာ အလှူတော်အဖွဲ့၏ အစီအစဉ်ဖြင့် ပြည်ခို

ရန်ကုန်တိုင်း၊ သံလျင်မြို့၊ နတ်စင်တစ်ရာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် ဦးပညာတေဇ ဦးစီးသော နတ်စင်တစ်ရာ စတုဒီသာ အလှူတော်အဖွဲ့၏ အစီအစဉ်ဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးနှင့် ဇနီး ဒေါ်နီနီဝင်းတို့ ဦးဆောင်လှူဒါန်းသည့် စတုဒီသာ အလှူတော်ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ် အသုတ်ဒေသ၊ ငါးသိုင်းချောင်းဒေသနှင့် ကျုံပျော်မြို့နယ်တို့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့က ပြုလုပ်ခဲ့ပါသည်။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်းတို့မှ ဦးဆောင်၍ ရေဘေးကယ်ဆယ်ရေးစခန်းများအတွက် စတုဒီသာကျွေးမွေးရန် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် စေတနာရှင်များမှ ၀ိုင်းဝန်းလုပ်အားပေး ဆောင်ရွက်နေကြစဉ်

အဆိုပါအလှူဒါန်းပွဲသို့ နတ်စင်တစ်ရာ ဆရာတော်ကြီးအပါအ၀င် အလှူတော်အဖွဲ့နှင့်အတူ ဧရာဝတီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နာယက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်ဆင့်၊ စည်ပင် သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပုသိမ်ခရိုင်နှင့် ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်တို့မှ ပါတီ ကော် မတီဝင်များနှင့် ပါတီဝင်များသည် အသုတ်ဒေသနှင့် ငါးသိုင်းချောင်းဒေသ၊ ကျုံပျော်ဒေသတို့သို့ လည်းကောင်း၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထိန်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပုသိမ် ခရိုင်နှင့် ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် ပါတီဝင်များက သာပေါင်းမြို့နယ် သို့လည်းကောင်း လိုက်ပါကူညီ အားပေးဆောင်ရွက်ခဲ့ကြပါသည်။


ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ဝေငှရန် ထမင်းထုတ်များအား မော်တော်ယာဉ်များဖြင့် သယ်ဆောင်စဉ်

လှူဒါန်းသည့် ဟင်းလျာများကို သံလျင်မြို့၊ နတ်စင်တစ်ရာ ကျောင်းတိုက်၌ ချက်ပြုတ်၍ အလှူတော်အဖွဲ့မှ မော်တော်ယာဉ်များနှင့် သယ်ဆောင်ခဲ့ပါသည်။

လှူဒါန်းသည့် ဆန်(၅၅) အိတ်အား ပုသိမ်မြို့ရှိ မောင်းထောင်ကျောင်းတိုက်၊ မြောင်းမြ ကျောင်းတိုက်၊ ဘုရားကြီးကုန်း ကျောင်း တိုက်၊ ပေါက်ကုန်း ကျောင်းတိုက်၊ ရီဟိုသတ်သတ်လွတ်ကျောင်း နှင့် မြို့မ ဆွမ်းလောင်း အသင်းတို့တွင် သံဃာတော်များ၊ သာသနာ့ အကျိုးတော်ဆောင် အဖွဲ့များနှင့် မြို့မ ဆွမ်းလောင်း အသင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရွှေမုဋ္ဌော ဘုရားဆိုင်ခန်းများမှ ဈေးသူဈေးသားများ တို့မှ ၀ိုင်းဝန်းကူညီ ချက်ပြုတ် ထုတ်ပိုးပေးကြပြီး ထမင်းထုတ်များအား သာပေါင်း၊ ရေကြည်၊ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များမှ မော်တော်ယာဉ်များ၊ သင်္ဘောများဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နာယက တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့် နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များမှ ရေကြည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးအပ်စဉ်

အဆိုပါ စတုဒီသာ လှူဒါန်းပွဲတွင် ဦးဆောင်မတည်အလှူရှင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၏ လမ်းညွှန်ချက်အရ ဧရာဝတီ တိုင်းဒေသကြီးပါတီ၊ ပုသိမ်ခရိုင်နှင့် သာပေါင်း၊ ရေကြည်၊ ကျုံပျော် မြို့နယ်တို့မှ ပါတီအတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ပါတီဝင်များသည် တပျော်တပါး လုပ်အား ဒါနပေးလှူခဲ့ပါကြောင်း သတင်းရရှိပါသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်