Subscribe to our RSS Feed

ရန်ကုန်မြို့တော်တွင် တရားဝင် မှတ်ပုံတင် ထားသော မော်တော်ယာဉ် အစီးရေမှာ နှစ်သိန်းခွဲကျော်သာ ရှိသေး

From :မြဝတီ


ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရားဝင် မှတ်ပုံတင် ထားသော မော်တော်ယာဉ် အစီးရေမှာ နှစ်သိန်းခွဲကျော် သာရှိနေသေးကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာ တစ်နိုင်ငံလုံး တရားဝင် မှတ်ပုံတင် ထားသော ယာဉ်အစီးရေ နှစ်သန်းကျော် ရှိသည့် အနက် ယာဉ်အစီးရေ အများဆုံး တည်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်နိုင်ငံလုံး ယာဉ်အစီးရေ၏ ၁ဝ ရာခိုင်နှုန်းမျှသာ ရှိနေပြီး စာရင်းများ အရ ယာဉ်အစီးရေ ၂၆၇၈၁၃ စီးသာ ရှိနေ သည်ဟု သိရသည်။

ယင်းတွင် မော်တော်ယာဉ် များသာမက မော်တော်ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်၊ ထော်လာဂျီ များလည်း ပါဝင်နေသည်။

လက်ရှိ ရန်ကုန်တွင် လူစီးယာဉ် ၁၅၉၄၆၁ စီး၊ ကုန်တင်ယာဉ် (ဝန်ပေါ့) ၁၆၄၁၁ စီး၊ ကုန်တင်ယာဉ် (ဝန်လေး) ၁ဝ၉၁၄ စီး၊ ခရီးသည် တင်ယာဉ် ၁၁၃၈၄ စီး၊ အခြား ၁၁၈၉၇ စီး၊ နှစ်ဘီးတပ် ၅၆ဝ၉၄ စီး၊ သုံးဘီးတပ် ၂၄၄ စီး၊ ထော်လာဂျီ ၁၁၈၉ စီး၊ စက်ယန္တရား ၂၁၉ စီး စုစုပေါင်း ၂၆၇၈၁၃ စီးသာ ဖြစ်ကြောင်း သိရသည်။

ယာဉ်အစီးရေ အားဖြင့် များပြားခြင်း မရှိသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ နေရာအနှံ့ ဖြစ်ပေါ်နေသည့် အပေါ် မြို့ပြရေးရာ ကျွမ်းကျင်သူများက ''ကား များလွန်းလို့ မဟုတ်ပါဘူး။ ရန်ကုန်ရဲ့ ယာဉ်အစီးရေက ဘယ်လောက်မှ မရှိပါဘူး။ အဓိက စီမံခန့်ခွဲမှု စနစ်ပါပဲ။ အခု တော့ တဖြည်းဖြည်းချင်း သက်ဆိုင်ရာက လမ်းတွေ ချဲ့တာ၊ တံတားတွေ ဆောက်တာ၊ ကားရပ်နားမယ့် နေရာတွေ ဖော်ထုတ် နေတာ တွေ့ရပါတယ်။ တကယ်တော့ လမ်းမကြီးတွေ အပြည့်အဝ အသုံးချ နိုင်မယ်၊ စည်းကမ်း ရှိကြမယ်၊ ကားတွေကို လမ်းပေါ်မှာ ရပ်ချင် သလို မရပ်ကြဘူး၊ လမ်းမပေါ်မှာ ဈေးမရောင်း ကြဘူးဆိုရင် ဒီပမာဏနဲ့ ပိတ်ဆို့မှု ဖြစ်တာ မရှိနိုင်ပါဘူး။ အထပ်မြင့် တိုက်တွေအားလုံး ကားရပ်စရာ နေရာကို မရှိကြဘူး။ မြို့ထဲလို နေရာမှာ ကားရပ်စရာ နေရာ မရှိဘူး။ အထပ်မြင့်ကား ရပ်နားနေရာတွေ ဖော်ထုတ် ရပါမယ်။ ခရီးသည်တင် ယာဉ်ပဲ ဖြစ်ဖြစ်၊ အိမ်စီး ပဲဖြစ်ဖြစ် ရန်ကုန်လူဦးရေ၊ ရန်ကုန် အကျယ်အဝန်းနဲ့ မော်တော်ယာဉ် လိုအပ်ချက်တွေ ကတော့ ရှိနေဆဲပါပဲ။ ကားသစ်တွေ တင်သွင်း နေရဦးမှာ ပါပဲ။ ဒါနဲ့ လျော်ညီတဲ့ စီမံခန့်ခွဲမှု စနစ်တွေကိုသာ အကောင်အထည်ဖော် သွားရမှာ ပါ'' ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဝင် အငြိမ်းစား အင်ဂျင်နီယာမှူး (လမ်းတံတား) တစ်ဦးက သုံးသပ်သည်။

''မြို့တော် စည်ပင်အနေနဲ့ ဆောင်ရွက်ရမယ့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တစ်ဆင့်ချင်း ဆောင်ရွက် နေပါတယ်။ ရန်ကုန်မြို့ထဲမှာ စုပြုံ ကျပ်တည်း နေတာ တွေကိုလည်း ချဲထုတ် သွားမယ့် မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ အိမ်ရာ စီမံကိန်းတွေ၊ စီးပွားရေး စင်တာကြီးတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ မကြာမီမှာပဲ အကောင်အထည် ဖော်သွား ကြမှာပါ။ တည်ဆောက်ဆဲ ကာလမှာ အခက်အခဲတွေ ရှိတတ် တာပါပဲ။ မဖြစ်မနေ လုပ်သွား ရမယ့်၊ ဖွံ့ဖြိုး လာမယ့် လုပ်ငန်း တွေပါပဲ။ အခုဖြစ်နေတဲ့ အခက်အခဲ တွေဟာ ပြေလည်သွားပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကောင်အထည် ပေါ်လာတာနဲ့ နောင်တစ်ချိန် အားလုံး ကျော်လွှား သွားနိုင်မှာပါ''ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်