From : မြဝတီ
www.MyanmarExpress.net
နေပြည်တော်၊ ဇန်နဝါရီ(၆)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင် အမျိုးသား အစည်းအရုံး (KNU)
ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ဝင် များအား ယနေ့ နံနက် (၇)
နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် ရင်းနှီး ခင်မင်စွာဖြင့်
လက်ခံ တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူုးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ
ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ကရင် အမျိုးသား
အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး နှင့်အတူ အထွေထွေ
အတွင်းရေးမှူးချုပ် ဖဒို စောကွယ်ထူးဝင်း၊ အတွင်းရေးမှူး (၂) ဖဒို
စောမန်းမန်း၊ ဗဟို ကော်မတီဝင်များ ဖြစ်ကြသည့် ဖဒို စောရော်ဂျာခင်၊ ဖဒို
မန်းညိမ်းမောင်နှင့် ဖဒို စောလှထွန်းတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီး
မူတူးစေးဖိုး နှင့်အဖွဲ့ဝင် များအား ရင်းနှီး ခင်မင်စွာ ကြိုဆို
နှုတ်ဆက်သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်မှ ဆွေးနွေး ပြောကြားရာတွင် ကရင် အမျိုးသား အစည်းအရုံး (KNU)
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံရသည့် အတွက် အထူး ဝမ်းမြောက်ပါကြောင်း၊
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အား မိမိ အနေဖြင့် စိတ်ဝင်စားမှု
ရှိခဲ့ပါကြောင်း၊ ကရင် အမျိုးသား အစည်းအရုံးနှင့် ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းစဉ် များသည် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီး
ညှိနှိုင်း ဆောင်ရွက်မှု အဆင့်သာ ကျန်ရှိတော့သည်ဟု ယူဆပါကြောင်း၊
ငြိမ်းချမ်းရေး စတင် ဆွေးနွေးစဉ် ကတည်းကပင် အောင်မြင်မှု ရရှိစေရန် ဆန္ဒပြု
ခဲ့ပါကြောင်း၊ ကရင်ပြည်နယ် အေးချမ်း သာယာရေး အတွက် တပ်မတော် အနေဖြင့်
တတ်နိုင်သည့် ဘက်မှ အားပေး ကူညီမည်ဟု ဆုံးဖြတ်ချက် ချထားပြီး
ဖြစ်ပါကြောင်း၊ မိမိရောက်သည့် နေရာတိုင်း တွင်လည်း တိုင်းပြည် တည်ငြိမ်
အေးချမ်းဖို့ အတွက် ပြောကြား ခဲ့ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး
အတွက် ငြိမ်းချမ်းရေးအား ခိုင်ခိုင်မာမာ ဖြစ်စေချင် ပါကြောင်း၊
ငြိမ်းချမ်းသော ဒေသများသို့ တပ်မတော်မှ နယ်လှည့် ဆေးကုသရေး အဖွဲ့များ
စေလွှတ်၍ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းများ ဆောင် ရွက် ပေးလျက်ရှိရာ အောင်မြင်မှု များစွာ ရရှိပါကြောင်း၊
ကရင် ပြည်နယ်ရှိ အချို့ နေရာများ တွင်လည်း ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ တပ်မတော် အနေဖြင့်
ကရင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျန်းမာရေးနှင့် လမ်းပန်း
ဆက်သွယ်ရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက် ပေးရန် ဆန္ဒ ရှိပါကြောင်း၊
လူတစ်ဦးတွင် ရိုးသားမှု၊ ကတိ တည်မှုသည် အရေးကြီးပြီး ကရင် အမျိုးသား
အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည်လည်း စိတ်တူ သဘောတူ
ရှိကြသူများ ဖြစ်ပါကြောင်း၊ တပ်မတော်သည် နေရာဒေသ ပေါင်းစုံမှ ရောက်ရှိလာ
ကြသော ပြည်ထောင်စုသား တိုင်းရင်းသား များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု
တပ်မတော် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား အားလုံးသည် ပြည်ထောင်စု စိတ်ဓာတ်
ထားရှိ ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုး
တိုးတက်မည် ဖြစ်၍ ထာဝရ ငြိမ်းချမ်းရေး ရရှိပြီး တိုင်းပြည် တည်ငြိမ်
အေးချမ်းကာ ဖွံ့ဖြိုးတိုးတက် စေချင်သော စိတ်ဆန္ဒ အမြဲရှိ ပါကြောင်း၊ ယခု
နှစ်သစ်သည် ငြိမ်းချမ်းရေးနှစ်၊ မင်္ဂလာရှိသော နှစ်သစ်ဟု အပြည့်အဝ ယုံကြည်ပါ
ကြောင်းဖြင့် ပဏာမ ဆွေးနွေး ပြောကြားသည်။

ထို့နောက် ကရင် အမျိုးသား အစည်းအရုံး
(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက KNU အနေဖြင့် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်အား ရှေ့ဆက် သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့်
ပတ်သက်ပြီး ရှင်းလင်း ပြောကြားရန် လာရောက် ဂါရဝပြု တွေ့ဆုံခြင်း
ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် အတွင်း အပစ်အခတ် ရပ်စဲရေး စတင် ဆွေးနွေးချိန်
မှစ၍ သေနတ်သံ မကြားသလောက် ဖြစ်ခဲ့ပါကြောင်း၊ ကရင် အမျိုးသား အစည်းအရုံး
(KNU) အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအား နောက်ဆုတ်ဖို့ မရှိဘဲ
ကောင်းသည်ထက် ကောင်းအောင်၊ ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက် သွားမည်
ဖြစ်ပါကြောင်း၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ညီလာခံ ပြီး သည့်နောက်
ကော်မတီ (၇) ရပ် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး ကော်မတီ ကိုလည်း ပြန်လည် ဖွဲ့စည်းရန် စီစဉ်ထား ရှိပြီး ဖြစ်ပါ
ကြောင်းဖြင့် ပြန်လည် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ အထွေထွေ အတွင်းရေးမှူးချုပ် ဖဒို
စောကွယ်ထူးဝင်း၊ အတွင်းရေးမှူး (၂) ဖဒို စောမန်းမန်း၊ ဗဟို ကော်မတီဝင် ဖဒို
မန်းညိမ်းမောင် တို့က ငြိမ်းချမ်းရေး ခိုင်မာစေရန် အတွက် နှစ်ဖက်
လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ အသေးစိတ် ပြန်လည်ညှိနှိုင်း ထားရှိလို
ပါကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် နားလည်မှု တည်ဆောက်ချိန်တွင် စည်းကမ်းတစ်ခု
ကန့်ထားနိုင်က အဆင် ပြေနိုင်မည် ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး
ကောင်းမွန် လာပါမှ ကရင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်မှု ရှိလာမည်
ဖြစ်ပါကြောင်း၊ တပ်မတော်မှ နယ်လှည့် ဆေးကုသရေး အဖွဲ့နှင့် ကရင် အမျိုးသား
အစည်းအရုံး (KNU) မှ ဆေးအဖွဲ့များ ပူးပေါင်း၍ ကရင်ပြည်နယ် အတွင်းရှိ ဒေသခံ
ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအား ဆောင်ရွက်ပေးစေ
လိုပါကြောင်း၊ ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခမှာ ငြိမ်းချမ်းရေး
ဖော်ဆောင်မှု အတွက် အဟန့်အတား တစ်ခုလို ဖြစ်နေပါကြောင်း၊ ရာစုနှစ်
တစ်ဝက်ကျော် ပြည်တွင်း စစ်ဖြစ်ခဲ့၍ တိုင်းရင်းသား အချင်းချင်း တစ်ဦးနှင့်
တစ်ဦး သံသယများ အနည်းငယ် ကျန်ရှိနေ ပါကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ
လမ်းကြောင်းပေါ် လျှောက် လှမ်းမှုအား စောင့်ကြည့် နေသူများ အတွက်
ကချင်ပြည်နယ် အရေးသည် သံသယ ဖြစ်ဖွယ် ဖြစ်လာနိုင်ပါ ကြောင်းဖြင့် ပြန်လည်
ဆွေးနွေး ပြောကြား သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်က တပ်မတော် အနေဖြင့် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ
ဖွဲ့စည်း ဆောင်ရွက်မည့် ကော်မတီ (၇) ခုနှင့် တူညီ သက်ဆိုင်သည့် ကိစ္စရပ်
များတွင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းပြည်ချစ်စိတ်
ရှိသူတိုင်းသည် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက် စေချင်သလို ကရင် အမျိုးသား
အစည်းအရုံး (KNU) မှ ငြိမ်းချမ်းရေး ရယူခြင်း သည်လည်း ကရင်ပြည်နယ်
ဖွံ့ဖြိုးတိုးတက် စေလို၍ ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ အားလုံး
ရိုးသားမှု၊ ကတိတည်မှု ရှိရှိဖြင့် ကောင်းသည့် ဘက်ကို ဦးတည်
ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ စည်းကမ်းဆိုသည့် ဘောင် ကန့်ထားပါက
စည်းခြားထား သလိုဖြစ်ပြီး အတားအဆီး တစ်ခု ဖြစ်သွားနိုင် ပါကြောင်း၊
စည်းကမ်းထက် အားလုံး ပူးပေါင်း ဆောင်ရွက်ပါက ပို၍ လေးနက်မည်ဟု ယုံကြည်
ယူဆပါကြောင်း၊ မိမိတို့ အားလုံးသည် ပြည်ထောင်စု ဆိုသည့် မိသားစု
တစ်ခုအတွင်းမှ ဖြစ်၍ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိချင်ပါကြောင်း၊
တူညီသော ရည်မှန်းချက်ကို ပေါင်း၍ လုပ်ကိုင်ကြခြင်း ဖြစ်သဖြင့် မိသားစု
အားလုံး တစ်နေ့နေ့ ဆုံရပ် တစ်ခုတွင် ဆုံကြရမည် ဖြစ်ပါကြောင်း၊ တပ်မတော်၏
တာဝန်မှာ နိုင်ငံတော်ကို ကာကွယ်ရန်၊ ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို
ကာကွယ်ရန် ဖြစ်ပါကြောင်း၊ KIA မှ စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များ၊
တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရ ဌာနများ၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ များကို တိုက်ခိုက်လာ သဖြင့် တပ်မတော် အနေဖြင့် ပြည်သူများ၏
အသက်အိုးအိမ် လုံခြုံရေး၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေး၊
နယ်မြေ ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် မိမိကိုယ်ကိုယ် ခုခံ ကာကွယ်မှုနှင့်
စစ်ရေးအရ ပြန်လည် တုံ့ပြန်မှု များကို မလွှဲ မရှောင်သာ ပြုလုပ်ခဲ့ရခြင်း
ဖြစ်ပါကြောင်း၊ ၎င်းတို့သည် အဓမ္မ လူသစ် စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း
များကိုလည်း ပြုလုပ်ခဲ့ ပါကြောင်း၊ ငြိမ်းချမ်းရေးကို မထိခိုက်စေ လို၍
တစ်နှစ်လုံး သည်းခံ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ယခုအခါ ကချင် ပြည်နယ် အတွင်း
လမ်းပန်း ဆက်သွယ်ရေး လုံခြုံမှုကို များစွာ ထိခိုက် လာခဲ့ပါကြောင်း၊
မိမိတို့ နိုင်ငံသည် ပြည်ထောင်စု နိုင်ငံဖြစ်၍ ဒို့တာဝန် အရေးသုံးပါးကို
အထိပါး မခံနိုင်ပါကြောင်း၊ ဒို့တာဝန် အရေးသုံးပါးသည် ပြည်ထောင်စုသား
အားလုံး၏ အမျိုးသားရေး တာဝန်ဖြစ် သဖြင့် ဒီတာဝန် အပေါ် တိုင်းရင်းသား
အားလုံး ဦးတည် ဆောင်ရွက်ပါက မည်သည့် ပြဿနာမှ မဖြစ်လာ နိုင်ပါကြောင်း၊
ကချင်ပြည်နယ် အတွင်း မြေပြင်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် မီဒီယာ
များတွင် ဖော်ပြနေသော အခြေအနေ များသည် မတူညီမှုများ ရှိသဖြင့် ကရင်
အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် လက်တွေ့ မြေပြင် အခြေအနေအား သွားရောက်
ကြည့်ရှုနိုင် ပါကြောင်း၊ ကရင် အမျိုးသား အစည်းအရုံး (KNU) သည်
ငြိမ်းချမ်းရေး မရခင် ကတည်းက ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေး၊
ကျန်းမာရေး ကိစ္စများ ထိခိုက်မှု မရှိအောင် ဆောင်ရွက်သော စိတ်ထားရှိ၍
မိမိတို့ အနေဖြင့် ချီးကျူးပါကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် မိမိတို့
စာပေ၊ စကား၊ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်မှုကို မိမိအားပေး
ထောက်ခံပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု၏ အဓိက စာပေနှင့် စကားဖြစ်သည့်
မြန်မာစာပေ၊ မြန်မာစကား ပြောဆို သင်ယူမှုများ ကိုလည်း စာသင်ကျောင်း များကအစ
အားပေး သင်ကြားရမည့် အပြင် နိုင်ငံတကာသုံး အင်္ဂလိပ်စာနှင့် ယခုခေတ်
ကွန်ပျူတာ နည်းပညာများ ကိုလည်း သင်ယူရန် လိုပါကြောင်း၊ ကချင်ပြည်နယ်
အတွင်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်မှု
များကိုပင် နှောက်ယှက်မှုများ ရှိခဲ့ပါကြောင်း၊ တပ်မတော် အနေဖြင့်
တိုင်းပြည် တည်ငြိမ် အေးချမ်းပြီး တိုးတက်စေ ချင်သော ဆန္ဒ အပြည့်အဝ
ရှိပါကြောင်း၊ ကချင်ပြည်နယ် အတွင်းတွင်လည်း ငြိမ်းချမ်းရေး ရရှိမည်ဟု
ယုံကြည် ပါကြောင်းဖြင့် ပြန်လည် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင် အမျိုးသား အစည်းအရုံး
(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ဝင် များအား
နံနက်စာဖြင့် တည်ခင်း ဧည့်ခံပြီး ချစ်ခင် ရင်းနှီးစွာ အတူတကွ
သုံးဆောင်ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင် အမျိုးသား အစည်းအရုံး
(KNU) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အမှတ်တရ
စုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်း ရရှိသည်။


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်