Subscribe to our RSS Feed

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဇွန်လကုန် ရေဒီယို မိန့်ခွန်း (စာသားအပြည့်အစုံ နှင့် ဗွီဒီယို)


မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြားနေကြဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်တယ်ဆိုတဲ့ အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက်ပြီး အထူးအာရုံစိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် လုပ်ဆောင်နေ တဲ့နည်းတူ ကျွန်တော်ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်များရဲ့ ဖြစ်ထွန်း တိုးတက်မှုများနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်များနဲ့ အခါအခွင့် သင့်တိုင်း တွေ့ဆုံ ဆွေးနွေးလျက်ရှိပါတယ်။ယခု လအတွင်းမှာ ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ကို နေပြည်တော်မှာတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်တဲ့ အခြေ အနေများနဲ့ ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကျွန်တော်တို့တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အမျိုးသား ရေးတာဝန်တစ်ရပ်ဖြစ်ပြီး အနာဂတ်သား မြေး မြစ်မျိုးဆက်သစ်တွေအတွက် တည်ငြိမ်တဲ့အနာဂတ်ကို အမွေခံကောင်းအဖြစ်ထားရှိခဲ့နိုင်ဖို့ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုများ  အားလုံးဟာ ပြည်ထောင်စုကြီးတစ်ခုတည်းမှာ မှီတင်းနေထိုင်ကြတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး အောင်မြင်တာနဲ့ အမျှ ပြည်သူအားလုံး၊ နိုင်ငံသား အားလုံး အကျိုးခံစားကြရမှာလည်း ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဇွန်လ ၁၀ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများကို ခေါ်ယူတွေ့ဆုံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များရဲ့ ဒီမိုကရေစီအရေးတည်ဆောက်မှုအခြေခိုင်မာရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘ၀များမြှင့်တင်ဖို့ ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကိစ္စရပ်များနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများရဲ့ စွမ်းဆောင်ရည် မြင့်မားရေးကိစ္စတွေဟာ အထူးအရေးပါတာကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အောက်ခြေအဆင့်ဆင့်ထိ ပျံ့နှံ့ ရောက်ရှိဖို့အတွက် အခြေခံကျတဲ့ မြို့နယ်များမှာ မြို့နယ်ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှုကော်မတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ စဉ်ဆက် မပြတ်ထိတွေ့ပြီး ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုစနစ် ပိုမိုတိုးတက်အောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ သက်ဆိုင်ရာ  ပြည်ထောင်စုဝန်ကြီးများကို နိုင်ငံအနှံ့လှည့်လည်ကြည့်ရှုပြီး ပြည်သူများနဲ့တွေ့ဆုံ ဆွေးနွေးစေဖို့နဲ့ ပြည်နယ်နဲ့ တိုင်ဒေသကြီး အစိုးရများလည်း အလားတူပဲ ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံဖို့ ညွှန်ကြားထားပါတယ်။

ပြည်သူများအနေနဲ့ ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု ထိရောက်အားကောင်းဖို့အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ မမှန်မကန် ဆောင်ရွက်မှုများ တွေ့ရှိခဲ့လျှင် အဆင့်ဆင့် တိုင်ကြားကြဖို့နဲ့ အရပ်ဘက် အဖွဲ့အစည်းများအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

လက်ရှိ ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များရှင်သန်ရေးအတွက် တာဝန်ရှိသူ အားလုံးကို လက်တွဲခေါ်ဆောင်ခြင်း ဆိုတဲ့ အခြေခံမူများနဲ့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဖို့ အစဉ် ကြိုးပမ်း ခဲ့ပါတယ်။

အဓိကကတော့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဖြစ်စဉ်များဟာ မိမိတို့ တစ်ဦးချင်းစီအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားနေရတဲ့ အခြေ အနေများဖြစ်တဲ့အတွက် ဒါတွေကိုလက်ခံပြီး အမှားအယွင်းများကို ပြင်ဆင် ခွင့်ပေးတဲ့ နည်းလမ်းများနဲ့ လက်တွဲခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူ လူထုရဲ့ အကျိုးစီးပွားအတွက် အန္တရာယ်ရှိလာတဲ့ အဆင့်ဖြစ်လာမှသာ ထိရောက်တဲ့ အရေးယူမှုတွေကို ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အလေးအနက် ယုံကြည်တာကတော့ အသစ်အသစ်သော စိန်ခေါ် မှုများနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် လက်တွဲ ကြိုးပမ်းဆောင်ရွက်ခြင်းနဲ့ ညှိနှိုင်းအဖြေရှာခြင်းများကသာလျှင် နည်းလမ်း မှန်များဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပြီး အစဉ်ခံယူကျင့်သုံးလျက်လည်းရှိပါ တယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးလျက်ရှိတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော့်ရဲ့ သဘောထား အချို့ကို ပြောကြားလိုပါတယ်။ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွက်  အမျိုးသားပညာရေး ဥပဒေမူကြမ်းနဲ့ ပညာရေးမူဝါဒများကို ပြီးခဲ့တဲ့နှစ် ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ရဲ့ ဝိုင်းဝန်းကြိုးပမ်းမှု နဲ့ ရရှိလာခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့် အနေနဲ့ အထူးအလေးအနက်ထား ပြောကြားလိုတဲ့ အချက်ကတော့ အခုဆွေးနွေးနေတဲ့ အမျိုးသား ပညာရေးဥပဒေမူကြမ်းဟာ လုံးဝ ပြီးပြည့်စုံတဲ့ မူဝါဒဖြစ်တယ်သတ်မှတ်ခြင်းမဟုတ်ဘဲ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ဖို့အတွက် ပထမဆုံး ခြေလှမ်းတစ်ရပ်အဖြစ် စတင်လျှောက်လှမ်းခဲ့ရာကနေ အဆင့်ဆင့် ဖြစ်ထွန်းတိုးတက်လာတဲ့ ရလဒ်တစ်ခုပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ကျန်းမာရေးကဏ္ဍ ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ  အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဓိကအားဖြင့်တော့ ပြည်သူ လူထုတစ်ရပ်လုံးကို လွှမ်းခြုံမှုရှိတဲ့ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ် ပေါ်ပေါက်ဖို့ လိုအပ်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အစပျိုးဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လူတိုင်း လက်လှမ်း မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ် သော်လည်း အခုလို ကြီးမားကျယ်ပြန့်တဲ့ စီမံဆောင်ရွက်မှုမျိုးဟာ နေ့ချင်းညချင်း အကောင်အထည်ဖော်ဖို့ ခက်ခဲတာဖြစ်တဲ့အတွက် ကြားကာလမှာလည်း ပြည်သူဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကိုလည်း တစ်ပြိုင်တည်း စီမံဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိကြောင်း အသိပေးပြောကြားလိုပါတယ်။

ကျွန်တော်တို့ အစိုးရ စတင်တာဝန်ယူတဲ့ အချိန်က စပြီး ချောမွေ့ညင်သာတဲ့ အသွင်ကူးပြောင်းရေးဖြစ်စေဖို့နဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် အထူးအလေးထား ဆောင်ရွက်ခဲ့ရတာကတော့ နိုင်ငံရေးတည်ငြိမ်မှုရှိရေးပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အသွင်ပြောင်း ဆောင်ရွက်ရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ မတည်ငြိမ်မှုများနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပြီး အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စဟာပြညတွင်း အခြေအနေများနဲ့ သာမက နိုင်ငံတကာ အခြေအနေများနဲ့ပါ ဆက်စပ် နေတာဖြစ်တဲ့အတွက် သိမ်မွေ့စွာ ကိုင်တွယ် ဆောင်ရွက်ခဲ့ရပါတယ်။

ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ အေးချမ်းတည်ငြိမ်ရေး၊ ပြည်သူ့ဘဝ  လုံခြုံရေးနဲ့ ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် အစဉ်အလေးထားဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေးအရ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ဆောင်နေသလို အုပ်ချုပ်ရေးနည်းလမ်းများနဲ့ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းများကိုလည်း ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့ အဖွဲ့အစည်းများ စသည်ဖြင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူ အသီးသီးနဲ့ တိုင်ပင်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ကာလများမှာ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့ ဒေသ အခြေအနေများကို မှန်ကန်စွာထင်ဟပ်စေမယ့် ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိ မျှတမှုရှိရှိ ပြုလုပ်သွားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။

အခုအချိန်မှာ နိုင်ငံတော်အနေနဲ့ နယ်စပ်လုံခြုံရေးအတွက် လိုအပ်တဲ့ တည်ဆောက်မှုများပြုလုပ်ခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းနဲ့ ရခိုင်ပြည်နယ် အတွင်းမှာလည်း နိုင်ငံသားဖြစ်မှု ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေနဲ့ အညီ ဖြစ်စေဖို့ ဒီလို ဆောင်ရွက်ရာမှာလည်း ဒေသခံပြည်သူများရဲ့ သဘောထား၊ မြန်မာ

နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ရခိုင်ပြည်နယ်ရဲ့ ရေရှည်အကျိုးစီးပွား အားလုံး လွှမ်းခြုံမှုရှိစေဖို့လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်နေရတဲ့အကြောင်း အသိပေး ပြောကြားလိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့အတူ ကမ္ဘာ့မိသားစုအတွင်း ပြန်လည်ဝင်ရောက်ရေး ကြိုးပမ်းမှုများလည်း အဆင့်ဆင့် ဖြစ်ထွန်းတိုးတက်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ဇွန်လကုန်ပိုင်းက သွားရောကခဲ့တဲ့ ချစ်ကြည်ရေး ခရီးစဉ် အတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် နှစ်(၆၀)ပြည့် အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ် ကို မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ အတူ ဦးဆောင်ချမှတ်ခဲ့တာဖြစ်ပြီး  ကုလသမဂ္ဂရဲ့ အဓိက နိုင်ငံတကာ ကြေညာချက်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနဲ့သာမက ကမ္ဘာ့မိသားစုဝင် နိုင်ငံများအားလုံးနဲ့ မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံသားအားလုံးအနေနဲ့ တစ်ဦးနဲ့ တစ်ဦး သဟဇာတရှိရှိနေထိုင် ပူးပေါင်း ဆောင်ရွက်နိုင်မှသာ တိုင်းပြည်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုများရှိပြီး လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလို အောင်မြင်နိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူများအကြားမှာ မုန်းတီးမှုများဖြစ်ပွားစေမယ့် ပြုမူပြောဆိုရေးသားမှုများနဲ့ လှုံ့ဆော်မှုများကိုရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း၊ အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေဒုက္ခမျိုးစုံ တွေ့ကြုံနေကြရတာကို ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြနေပါတယ်။ ဒါကြောင့် နိုင်ငံသားများအကြား အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရမှာလည်းဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါ တယ်။

မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
 
.

.

1 comments:

LIKE . LONG LIFE OUR PRESIDENT .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်