Subscribe to our RSS Feed

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အတွင်း ငွေနှင့် ပစ္စည်းများ ခိုးယူ နေသည့် အဖွဲ့အား ဖော်ထုတ် ဖမ်းဆီး ရမိ

From : .. MWD


ဇွန် ၃ဝ ရက် နံနက် ၉ နာရီခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပ ဆိုက်ရောက်/ထွက်ခွာ၌ ခရီးသည်များ အပ်နှံထားသော ခရီးဆောင်အိတ်များ အတွင်းမှ ငွေနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများအကြိမ် ကြိမ် ခိုးယူနေသည့် အဖွဲ့အား လေကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ် မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပ ဆိုက်ရောက်/ထွက်ခွာတွင် ခရီးသည်များ အပ်နှံထားသော ခရီးဆောင် အိတ်များအတွင်းမှ ငွေနှင့်အခြားတန်ဖိုးရှိ ပစ္စည်းများ ပျောက်ဆုံးမှုဖြစ်စဉ် မကြာခဏဖြစ်ပေါ် လျက်ရှိပြီး သက်ဆိုင်ရာ လေကြောင်းလိုင်းများက တာဝန်ယူဖြေရှင်းမှု နည်းပါးသဖြင့် ခရီးသည်များက လေကြောင်း ရဲတပ်ဖွဲ့(ရန်ကုန်) သို့ မကြာခဏ လာရောက် တိုင်ကြားခဲ့သည်။

အဆိုပါ ပစ္စည်းပျောက်ဆုံးမှုများနှင့် ပတ်သက်၍ လေကြောင်းရဲ တပ်ဖွဲ့ခွဲ(ရန်ကုန်) မှ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် CCTV ကင်မရာ တာဝန်ကျ တပ်ဖွဲ့ဝင်များဖြင့် မသင်္ကာသူများအား စောင့်ကြည့်ခြင်း၊ လေဆိပ် အတွင်းသို့ ဝင်ရောက် ခိုးယူသူများ၏ သတင်းအား နီးစပ်ရာမြို့နယ်များရှိ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်မေးမြန်း စုံစမ်းခြင်းတို့ကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း နေ့စား အလုပ် လုပ်ကိုင်ကြသည့် အထွေထွေ လုပ်သား လေးဦး သည် ရန်ကုန်လေဆိပ် ခရီးသွား/ခရီးလာများထံမှ ပစ္စည်း ခိုးယူနေသူများ ဖြစ်ကြောင်း စုံစမ်းဖော်ထုတ် ရရှိခဲ့သည်။

၎င်းတို့မှာ ဘုန်းမြင့်ကျော်(ခ) ကုလား (ဘ) ဦးမြင့်ဦး အမှတ်(၂၄) ကမ်းနား အလယ်ရပ်ကွက် ရတနာသုခ လမ်း အင်းစိန်မြို့နယ်၊ စိုင်းသီဟနိုင်(ခ) ငစိုင်း (ဘ) ဦးဝင်းနိုင် အမှတ်(၄၅)၊ ဘီအိုစီလမ်း မင်္ဂလာဒုံမြို့နယ်၊ ချက်ကြီး(ခ) သန့်ဇင်ဝင်း (ဘ) ဦးရဲလွင် အမှတ်(၁၅/ဇ) ကျန်စစ်သားလမ်း အနန်းပင်ရပ်ကွက် မင်္ဂလာဒုံ မြို့နယ်၊ နေမျိုးအောင်(ဘ) ဦးစန်းညွန့်အောင် အမှတ်(၄၅) ဘီအိုစီလမ်း မင်္ဂလာဒုံမြို့နယ်တို့ ဖြစ်ကြသည်။ ၎င်းတို့အား စစ်ဆေးခဲ့ရာ ၂ဝ၁၄ ခုနှစ် ဧပြီလအတွင်း တရုတ် လေကြောင်းလိုင်း (CI) လေယာဉ်ပေါ်သို့ ခရီးဆောင်အိတ်များ အတင်/ အချ ဆောင်ရွက်စဉ် ၎င်းတို့လေးဦးအနက် ဘုန်းမြင့်ကျော်(ခ) ကုလားနှင့် ချက်ကြီး(ခ) သန့်ဇင်ဝင်းတို့မှ လူအဝင်/အထွက် စောင့်ကြည့်ပေးခဲ့ပြီး နေမျိုးအောင်နှင့် စိုင်းသီဟနိုင် (ခ) ငစိုင်းတို့က လေယာဉ် ဝမ်းဗိုက်အတွင်းရှိ ခရီးဆောင် အိတ်များအား ရှာဖွေခဲ့ရာ ခရီးဆောင် အိတ်တစ်လုံး (အမျိုးအစားမမှတ်မိ) အတွင်းမှ တယ်လီဖုန်းအခွံဖြင့် ထည့်ထားသော ဒေါ်လာ ၁ဝဝ တန် အရွက် ၅ဝ အနက်မှ အရွက် ၄ဝ ဒေါ်လာ ၄ဝဝဝ အား နေမျိုးအောင်က ယူဆောင်သွားခဲ့ပြီး ကျန်ဒေါ်လာ ၁ဝဝ တန် ၁ဝ ရွက်အား ချန်ထားခဲ့ကြောင်းနှင့် ၎င်းနောက် နေမျိုးအောင်မှ ဒေါ်လာ ၄ဝဝဝ အား ရောင်းချခဲ့ရာ မြန်မာကျပ် ငွေ ၃၆ သိန်း ရရှိခဲ့ပြီး ၎င်း တို့လေးဦး တစ်ဦးလျှင် ကိုးသိန်းစီ ခွဲဝေယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

၎င်းတို့လေးဦးအား ဇွန် ၃ဝ ရက် ညပိုင်းတွင် လေကြောင်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) က မင်္ဂလာဒုံမြို့နယ် မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးပို့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၇၉) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဆက်လက်၍ ကွင်းဆက်တရားခံများ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။


.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်