From :မေသင်္ကြန်ဟိန်(မြစ်မခ)
www.MyanmarExpress.net
ဇန်န၀ါရီလ ၆၊ ရန်ကုန်မြို့။
အပိုင်း(၂၃)
အချိန်ကလည်း ၂နာရီ၊ လူတကိုယ်လုံးလည်း ဖုန်တွေနဲ့ ပင်ပန်းလည်း ပင်ပန်းနေပြီ အဲလို ဆိုတော့ ရေက ချိုးချင်နေပြီ။ အဲဒါနဲ့ ငါရေချိုးချင်တယ် ဆိုတော့ ရေစီးကလည်း ကြမ်းတယ်၊ ကျမက ရေမကူးတတ်ဘူး ဆိုတော့ မြစ်ဘေးနားမှာပဲ ပုံးလေးနဲ့ ရေခပ်ပြီး ပုံးထဲက ရေကို ခပ်ခပ်ပြီးတော့ လောင်းချိုးတယ်။ မြင်လည်း မမြင်ရဘူး။
ရေလည်း ချိုးပြီးရော မိုးလည်း လင်းချင်နေပြီ။အဲဒီက ရွာတရွာမှာပဲ ခဏ တည်းလိုက်ကြတယ်။ အိမ်ကလေးရဲ့ အဖီလေးထဲမှာပဲ အိပ်လိုက်ကြတယ်။
မိုးလင်းခါနီးမှာမှ အိပ်ယာဝင်ကြတော့ မနက် ၁၀ နာရီ လောက်မှာ ကျမ အိပ်ရာနိုးတယ်။ နိုးလိုက်တော့လည်း ရေပြန်သွားချိုးတယ်၊ အိပ်ရာထ ရေမချိုးရရင်လည်း မနေနိုင်ဘူးလေ။ အဲဒီတော့မှေ၇ကို ကြည့်လိုက်တယ် အား လားလား ရေက တော်တော်နောက်တာ ညတုန်းကတော့ မှောင်နေလို့ မမြင်ဘူး။ ဟာ ပြဿနာပဲ ငါကတော့ ဒီရေကို ချိုးခဲ့လိုက်ပြီ ဆိုပြီးတော့ တကယ်ကို စိတ်မသန့်တော့တာ။
ရေကလည်း အနံ့လည်း ရှိတယ်။ ဘာအနံ့လည်း မသိဘူး တော်တော်နောက်ပြီး ရွံ့ရေတွေလို ဖြစ်နေတာပြီးတော့ ကိုယ်ချိုးခဲ့တဲ့ နေရာကလည်း တကယ်ကို စိတ်မသက်သာစရာကြီး၊ အဲဒါနဲ့ ရေသန့်မဲ့ နေရာလေးကို မနည်းရှာပြီး ကျောက်တုံးလေး ကြားကနေ ခပ်ချိုးခဲ့တယ်။
အဲဒီအချိန်မှာ လမ်းပြ ၂ဦးကတော့ ရွာထဲမှာရှေ့ခရီးစဉ်အတွက် သွားစုံစမ်းနေကြတယ်။ မကြာပါဘူး နှစ်ယောက်သား အပြေးအလွှားပြန်လာကြပြီးသဗ္မာန်ရောက်နေပြီ ။ခရီးဆက်ထွက်ကြမယ်ဆိုတာနဲ့ ကျမလည်း ကျောပိုးအိတ်ဆွဲပြီး မဲခေါင်မြစ်ဘက်ကို ပြေးဆင်းလာခဲ့တယ်။
ပြေးဆင်းလာပြီး ကိုယ်စီးရမဲ့ သဗ္မာန်ကို ကြည့်လိုက်တော့လည်း ဟာ…လာပြန်ပါပြီ နောက်တခေါက် .. တိရိစ္ဆာန်တင်တဲ့ သဗ္မာန်တစင်းပဲ။ နွားနဲ့ဝက်တွေအပြည့်တင်ထားပါတယ်။ ဟာ ငါ တလမ်းလုံး တိရိစ္ဆာန်အနံ့တွေ နံပြီးတော့ လာတာ ခုလည်း ကြည့်ပါဦး ဒါကြီးနဲ့ သွားရဦးမယ်ပေါ့။ စိတ်ညစ်သွားတယ်။
ခရီးသည်ဆိုလို့ ကျမနဲ့ လမ်းပြ ၂ ဦးနဲ့ဘဲရှိတယ်။ ၀က်တွေနဲ့ နွားတွေနဲ့ ကြားမှာ အိပ်ဖို့ နေရာလည်း မရှိဘူး၊ လူလည်းမပါဘူး တကယ်ကို ကုန်ကူးတဲ့ သဗ္မာမန်ပဲ။ ကျန်တာတွေက သဗ္မာန်အလုပ်သမားတွေပါတယ်။ သူတို့ကို တချက်လှမ်းကြည့်လိုက်တော့လည်း အသွင်အပြင်တွေက ကြောက်စရာတွေ။ ကြမ်တမ်းတဲ့ဘဝတွေနဲ့ကြီးပြင်းခဲ့လို့နဲ့တူပါတယ်။ သူတို့ကလည်း ကျမကို လှမ်းကြည့်ကြတယ်၊ ဒီက ဒေသခံနဲ့ မတူဘူးဆိုတာလည်း သူတို့ သတိထားမိပုံရတယ်။
သူတို့က ကြည့်လာတော့လည်း ကြောက်တယ်၊ ဒါပေမဲ့ ဒီလှေကြီါ်ကိုမှ မစီးရင်လည်း မဖြစ်တော့ဘူး၊ မထူးပါဘူးလေ ငါ့ဘ၀ကလည်း ဆိုပြီး ဒီလှေနဲ့ပဲ သွားတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ရေကလည်း မကူးတတ်တော့ ပလပ်စတစ်ရေဗူးးတွေလည်း လမ်းပြက ကျမအတွက် ယူလာပေးတယ်၊ အဲဒီရေဗူးတွေလည်းပါတယ်။
အဲဒီရွာကလေးကနေ နည်းနည်းလေး ထွက်လိုက်တာနဲ့ ဟာ…ဘယ်လိုပြောမလဲ လှလိုက်တာ မဲခေါင်မြစ်လေ …။ မြစ်ကြောင်းက သာယာလိုက်တာ။ အရမ်းကို လှတယ်၊ သာယာတာလည်း မပြောနဲ့တော့ ဘယ်လို ပြောရမှန်းတောင် မသိဘူး။
ကျမမှာ ကင်မရာလည်း မရှိဘူး၊ ဒီတိရိစ္ဆာန်တွေ နွားတွေကြားနေပြီးတော့လေ ထိုင်ပြီး မြစ်ကြောင်းကို တစိမ့်စိမ့်ကြည့်ပြီး လိုက်လာခဲ့တာ။
နောက်တော့ဟိုကြည့်ဒီကြည့်ရင်းနဲ့ ၂ နာရီလောက်ခရီး ဆက်တော့ ထမင်းစားဖို့ လာခေါ်တယ်။ ကောက်ညှင်း၊ ငရုပ်သီးထောင်း နဲ့ငါးကင်ပေါ့။ ဟာ ငါးကင်ကလည်း သိပ်ကောင်းတယ်။ ကျမတသက်မမေ့နိုင်ဘူး။ လတ်လတ်ဆတ်ဆတ် မို့လား၊ မနက်ကတည်းက ဘာမှမစားရသေးလို့လားမသိဘူး။ အရမ်းကောင်းတယ်။
စားပြီးတော့မှ သဗ္မာန်သမားတွေနဲ့ရင်းနှီးမှု့ရလာတော့ သဗ္မာန်အရှေ့ဘက်မှာထွက်ထိုင်ဖြစ်ပြီး သဘာဝအလှတွေ ခံစားရင်း လိုက်လာတာ လက်ရှိ ဘ၀နဲ့ အခြေအနေကိုတောင် မေ့သွားတယ်၊ တကယ်ကို မေ့သွားခဲ့တာ။
တကယ်တော့ ကျမ ဘ၀က မေ့လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျမ KIAကနေ ထွက်မလာခင်တုန်းကလည်း သစ္စာဆိုခဲ့တာတွေ ရှိတယ်။ ကိုထွန်းအောင်ကျော်ကို ကတိပေးထားခဲ့တာတွေ ရှိတယ်။ အသတ်ခံခဲ့ရတဲ့ သူတွေအတွက် မသေပဲ ကျန်ခဲ့တဲ့ သူတွေက ဖြစ်ရပ်မှန်ပေါ်ဖို့ တာဝန်ယူရမှာပဲ။
ကျမအနေနဲ့ ခုလို အဆင့်ဆင့်လွတ်မြောက်လာပြီး ခုမဲခေါင်မြစ်တလျှောက်ခရီးဆက်နေတယ်ဆိုပေမဲ့ စိတ်မကောင်းဘူး။ ခုချိန်မှာ ကတိအတွက်ရော သစ္စာအတွက်ရော ကျမ ဘာမှ မလုပ်နိုင်သေးဘူးလေ။
ကြည့်ရင်းရင်းနဲ့ မြစ်ရေက ရေးစီးကြမ်းလာတယ်။ တချို့နေရာတွေမှာတော့ မြစ်က ကျဉ်းမြောင်းပြီး ကျောက်ဆောင်ကျောက်တုန်းတွေများတယ်။ ကျောက်ဆောင်တွေကြားမှာ ကွေ့ဝှက်ပြီး သွားနေလိုက်တာ လှေမောင်းတဲ့ သူတွေ တော်လိုက်တာလို့ စိတ်ထဲကနေ ချီးကျူးနေမိတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုက မြစ်ထဲမှာ လုံခြုံစေတယ်လေ။ မြစ်ကလည်း အချို့နေရာတွေမှာမြစ်ကျယ်ပြီး ရေစီး ငြင်သာလိုက်တာ ဂီတသံလေး ကျနေတာပဲ။
ကျမကမြို့ပြ လူနေထူထပ်တဲ့နေရာထက် တိတ်ဆိတ်တဲ့ တောတောင်သဘာဝကိုပိုနှစ်သက်တယ်။
ဒီလိုနဲ့ည ၈ နာရီလောက်ဖြစ်မယ်ထင်တယ် ။ကျိန်းလောဆိုတဲ့ရွာလေးကိုရောက်လာခဲ့တယ်။ တညအိပ်စခန်းချရတာပေါ့.။ ဒေသခံလူတွေသိပ်ရိုးသားကြတာဘဲ။ ကျမတို့ကို တည်းခိုခွင့်ပေးပြီးရှိတာလေးတွေ ချက်ပြုတ်ကျွေးကြတယ်။ ကျမသတိထားမိတယ်။ လောဝ် မှာကျမဖြတ်သန်းခဲ့တဲ့တောက်လျှောက် ထမင်းထက် ကောက်ညှင်းချက်စားကြတာများတယ်။ ကောက်ညှင်းနဲ့လေဝ် ဝက်အူချောင်းနဲ့ငရုပ်သီးထောင်းနဲ့ ကအရမ်းလိုက်ဘက်ညီတယ်။
၂ဝ. ၄ . ၁၉၉၃ ( အင်္ဂါနေ့) မနက်စောစောကျိန်းလောမှ ကျမတို့ဆက်ထွက်ခဲ့ကြတယ်။ မဲခေါင်မြစ်တလျှောက်သဘာဝရဲ့သာယာမှု့တွေကိုငေးမောနေရင်း ဖြစ်ပျက်ခဲ့တာတွေ စဉ်းစားကြည့်ရင်း မယုံကြည်နိုင်ခဲ့ဘူး။ ဘဝမှာတခါမှ စိတ်ကူးထဲမထဲ့ခဲ့တာတွေ ကြံဖန်ဖြစ်ခဲ့တာတွေ..။ မဲခေါင်မြစ်တလျှောက် ရှုခင်းတွေတအားလှတာဘဲ ။ သမ္ဗာန် သမားတယောက် ကျမနားလာထိုင်ပြီး စကားပြောတယ် ။
သူကလည်း ရှမ်းစကားပြောပေမဲ့ လေယူလေသိမ်းကွာတော့ ဒေသခံမဟုတ်မှန်းသိတယ်လေ။ ကျမနဲ့ သူနဲ့ စကားပြောဖြစ်ကြတယ် တော်တော်များများကို ပြောဖြစ်ကြတယ်။ ကျမက ကျမ အကြောင်း သူ့ကို ပြောပြတယ်။ သူကလည်း သူ့ဖြစ်စဉ်တွေကို ပြောပြတယ်။
သူက ကမ္ဘောဒီးယားကဖြစ်နေတယ် ။ သူကလည်း သူ့ဘ၀မှာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကနေ လွတ်မြောက်လာကြတာခြင်း တူတယ်။ ကျမနဲ့ သူနဲ့ အခြေအနေခြင်း တော့ကွာခြားတာပေါ့လေ ။ သူကလည်း သူ့ဘ၀ကို သူ ပြန်တည်ဆောက်နေခဲ့ချိန်ပဲ။
လမ်းတဝက်မှာ သမ္ဗာန်ဆိုက်ပြီးခဏနားကြတယ်။ မဲခေါင် မြစ်ရေက နောက်ပေမဲ့ အဲ့ဒီချောင်းရေက ကြည်လင်နေရော။ မြစ်၂ ခု ဆုံတဲ့နေရာမှာနားကြတယ်။
အဲဒီမှာ သမ္ဗာန်သမားတွေကတော့ အကျီာင်္တွေ ချွတ်ပြီး ရေထဲကို ဒိုင်ဗင်ထိုးပြီး ချိုးကြတယ်။
ကျမလည်း ရေချိုးချင်လိုက်တာ။ ရေမကူးတတ်ဘူးလေ။ ကြည့်တော့လည်း ရေက တော်တော် နက်တယ်။
နောက်မှ လမ်းပြနဲ့ကျမ ချောင်းတောက်လျှောက်လိုက်ကြည့်မှာ တနေရာမှာကျောက်ဖျာ အစွန်းတခုတွေ့မှ ကျမအတွက်ရေချိုးဖို့နေရာကို တွေ့လိုက်တာပဲ။ ပျော်သွားတယ်။ အဲဒီနေရာမှာ ရေချိုးခဲ့တယ်။
နောက်ကျမတို့ ခရီးဆက်ကြတော့ မြန်မာပြည်နယ်စပ်ဘက်ကို ရောက်တယ်။ သိလား တချို့နေရာ မြစ်ရဲ့တဘက်တချက်မှာ တဲတလုံးစ နှစ်လုံးစတွေ့တာပေါ့နော်။ ဟိုဘက်က မြန်မာပြည် ဒီဘက်ကလောဝ် ပေါ့လေ။ မြန်မာပြည်ဘက် အဲ့ဒီအချိန်က အဲ့ဒီ ရှမ်းရွာတွေဘက်မှာ ဘုန်းကြီးတပါးနာမည်ကြီးနေတယ် .။ စေဝ်ဝန်းစွန့် ဆိုလားဘဲ ..အဲ့ဒီဘက်ပိုင်းက လူတွေ
တော်တော်သွားဖူးကြတယ်လို့ သမ္ဗာန်သမားကရှင်းပြနေသေးတယ်။ နောက်တော့ ညနေပိုင်း ၆ နာရီ လောက်မှာဒီလောဝ် ဘက်က မုမ်းမမ်း(Muangmom)ဆိုတဲ့ရွာကို ရောက်တယ် ။ ဒါကျမရဲ့ လောဝ် ခရီးဆုံးတဲ့ ရွာလေးပါဘဲ ။ဒါပါဘဲ ။နာမည်ကျော် ရွှေတြိဂံ နယ်မြေ ။ မြန်မာ ယိုးဒယား လောဝ် ၃ နိုင်ငံ မဲခေါင်မြစ်မှာ ဆုံတဲ့နေရာပေါ့ ။ သိပ်ကို လှပါတယ်။ အေးအေးချမ်းချမ်းလည်း ရှိတယ်။ အဲဒီ မဲခေါင်မြစ်ကို ဖြတ်သန်းခွင့်ရခဲ့တဲ့ အတွေ့အကြုံကို အရမ်းကျေနပ်တယ်။ ဒီလိုလေး သွားနိုင်ဖို့ ဆိုတာ လွယ်မှ မလွယ်တော့တာနော်။ ဘ၀မှာ ထပ်မတွေ့ရတော့တဲ့ အတွေ့အကြုံပဲ။
နောက် အဲဒီမှာ ကျမ ရောက်နေတဲ့ လောဝ်ရွာ မုမ်းမမ်း(Muangmom) ရဲ့ မျက်နှာချင်းဆိုင်ကတော့ မြန်မာပြည် မုမ်းလင်း(Monglin) ရွာလေးပေါ့ ။ မြန်မာနိုင်ငံတော်အလံလွှင့်ထူထားတာမြင်ရတော့ စိတ်ထဲ ခံစားချက်တခုဖြစ်တာအမှန်ဘဲ ။ ဒါ…ငါတို့ တိုင်းပြည်ပေါ့။ အဲဒီအလံကို ကြည့်ပြီးတော့လည်း ငိုချင်သလိုလိုနဲ့ တခုခုကို နင့်နင့်သည်းသည်း ခံစားရတာပဲ။ ဘာမှန်းတော့လဲ မဖေါ်ပြနိုင်ဘူး။
လောဝ်ကလမ်းပြအမျိုးသမီးရယ် ၊ တရုပ်ကလမ်းပြ စိုင်းခမ်းပန်းရယ် ၊ ကျမ ရယ် လောဝ်ပိုင် မုမ်းမမ်းရွာလေးမှာနေ ဖို့အိမ် သမ္ဗာန်သမားကရှာပေးတယ်။ကျမတို့ သမ္ဗာန်ဆိုက်တဲ့နေရာက မနက်ဆိုဈေး ပေါ့နော်။ ဒါနဲ့ အဲ့ဒီည ရွာခံအိမ်တအိမ်မှာတည်းခိုခဲ့ကြရတယ်။ နောက် ကျမ ဟိုဘက်ကို ကူးဖို့ စဉ်းစားကြတယ်။
နောက်တနေ့ မနက်မိုးလင်းကျမတို့ဈေးဘက်လျှောက်လာကြတော့ မြန်မာကမ်းဘက်က ရဲဘော်တချို့ လောဝ်ဘက်မှာဈေးလာဝယ်ကြတာတွေ့တယ်။ ကျမနဲ့စိုင်းခမ်းပန်း နဲ့ မော်တော်တစင်းငှားပြီး ယိုးဒယား နိုင်ငံ ချိန်းဆိုင်(Chiang Sane)ကိုသွားကြတယ်။ချိန်းဆိုင် ရဲ့မျက်နှာချင်းဆိုင်က လောဝ် ရွာပေါ့ ။ ကမ္ဘာလှည့်ခရီးသည် အများအပြားကိုတွေ့ရတယ်။ အဲ့ဒီတုန်းက မြန်မာနိုင်ငံဘက်မှာParadise Resort တောင်မရှိသေးပါဘူး။
ဆိုတော့ ကျမ ချိန်းမိုင် မှာကျမကိုစောင့်နေတဲ့ ပီစိုင်းထွန်းဆီ ဆက်သွယ်တော့ ကျမကို အကိုက ဘယ်ရောက်နေလဲတဲ့။ ကျမက ရွှေတြိဂံ နယ်မြေမှာ ဆိုတော့ အကိုက အံ့သြသွားတယ်။ ပြီးတော့ သူက ပြောတယ်။ ယိုးဒယား နိုင်ငံ မယ်ဆိုင်မြို့ မှာစောင့်နေဖို့ ပြောတယ်။ မယ်ဆိုင်မှာ ကျမတို့ အမျိုးတွေ ရှိတယ်လေ၊ အကိုကတော့ ချင်းမိုင်မှာပဲ။
တကယ်တော့ ချိန်းဆိုင်ကနေ ကျမက တာချီလိတ်ကို သွားတာ မဟုတ်ဘူး။ အဲဒီအခြေအနေတုန်းက ယိုးဒယားပလိတ်တွေက တအားစစ်တယ်။ ဟိုဘက်က မြန်မာဘက်ကို ကြည့်လိုက်တော့လည်း မြန်မာ စစ်သားတွေက စစ်တယ်။ သိတယ်အတိုင်းပဲ ကျမက အစစ်ဆေးကို မခံနိုင်တော့တာလေ။
အဲဒီမှာ တခါ ဆုံးဖြတ်ရပြန်ပြီ လမ်းပြ စိုင်းခမ်းပမ်းကို ပြောလိုက်တယ် ငါ့ကို လောဝ်င်နာမည်တခုပေးပါ။ ဒီမြန်မာဂိတ်ဘက်နေ ဖြတ်မယ်လို့ ပြောလိုက်တယ်။ ဒီမြန်မာရွာကနေ တာချီလိတ်ကို ဘယ်လောက်ကြာကြာသွားရမလဲ မော်တော်ဆိုင်ကယ်ငှားပြီး သွားမယ်ရင် နာရီဝက်ပဲတဲ့။ အဲဒါနဲ့ ကျမ ဆုံးဖြတ်လိုက်တယ် အဲဒီလမ်းကပဲ ဖြတ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီမှာ တခုပြောချင်တယ်၊ တကယ်တော့ ကျမမှာ ယူနီဖောင်းတစုံကို ထည့်ပြီး ယူလာခဲ့တယ်။ ကျောင်းသားတပ်ရဲ့ ယူနီဖောင်း အဲဒါလေးကိုသိမ်းထားတာ။ အဲဒါကို ယူလာခဲ့တယ်။ ဒီရောက်တော့ မြန်မာဂိတ်ကနေ ဖြတ်ရမယ်ဆိုတော့ ဒါလေးကို ဆက်သယ်သွားဖို့ မဖြစ်နိုင်တော့ဘူး လို့ စဉ်းစားပြီး ထားခဲ့ရတယ်။အဲလို ထားခဲ့ရတာကို တွေးမိရင် စိတ်မကောင်းဘူး။
အဲဒီမှာ စိုင်းခမ်းပန်းက လောဝ်နာမည်တခု ပေးတယ်၊ လောဝ်အ၀တ်အစားတွေ ၀ယ်ဝတ်တယ်။ ဒါနဲ့ ကျမက စိုင်းခမ်းပန်း ငါ လောဝ်နဲ့ တူလား ဆိုတော့ သူက သေချာကြည့်ပြီး ပြောတယ်၊ အ၀တ်အစားကတော့ တူတယ်တဲ့ ရုပ်ကတော့ မတူဘူးတဲ့။ ကဲ…။
မတတ်နိုင်ဘူး မတူလည်း ငါကတော့ ၀င်သွားတော့မှာပဲလို့ ဒါပေမဲ့ ငါကတော့ စကားတခွန်းမပြောဘူးနော်လို့ စိုင်းခမ်းပန်းကပဲ အားလုံး ပြောရမယ်ဆိုပြီးတော့ စကားတခွန်းမှ မပြောဘဲ ဂိတ်ကို ဖြတ်မယ်ပေါ့။
အဲဒါတဲ့ လှေလေးနဲ့ ဟိုဘက်ကမ်းကို ကူးကြပြီးတော့ ဂိတ်ကို ဖြတ်ဖို့ ဂိတ်ရှိတဲ့ နေရာကနည်းနည်းမြင့်တယ် မြေကြီးလှေကားအထစ်ထစ်လေးတွေကနေ တက်သွားတယ်။ အလံတွေကလည်း တထူထူနဲ့ပေါ့။ အဲဒါနဲ့ လောဝ်၀တ်စုံဝတ်ပြီး စစ်သားတွေကြားထဲမှာ ဂိတ်ဖြတ်ဖို့ လုပ်ရတယ်။ စိုင်းခမ်းပန်းက မယ်ဆိုင်ကိုသွားမယ်ပေါ့။ စိုင်းခမ်းပန်းကလည်း ဗမာစကားမတတ်တော့ ရှမ်း ဆိုက်ကယ်သမားတွေကို ငှားသွားတယ်။ အဲဒီရှမ်းတွေက တာချီလိတ်ရှမ်းတွေကမှ ကျမတို့ ရှမ်းတွေ၊ သူတို့ ပြောတာတွေ နားလည်တယ်၊ ဒါပေမဲ့ တခွန်းမှ ၀င်မပြောဘူး။
ကျမက အသာပဲ ကြည့်နေတယ် စကားတခွန်းမှ မပြောဘူး။ ဆိုက်ကယ်သမားတွေနဲ့လည်း မပြောဘူး ၊ အားလုံးကို စိုင်းခမ်းပန်းကပဲ ပြောတယ်။
ဂိတ်ကို ဖြတ်ကြတော့ သူတို့ကတဆင့် စစ်သားတွေကို စကားပြောရတယ်။ နယ်ဖြတ်ခွင့်အတွက်ပေါ့။ ဒီတာချီလိတ်မြို့ကလေးကို ဖြတ်ခွင့်ပေးပါပေါ့။ အဲဒီမှာ ရုံးထဲကို ၀င်သွားပြီး နယ်စပ်ဖြတ်ခွင့် တံဆိပ်ထုတာကိုစောင့်ယူခဲ့ကြတယ်။
အဲဒါနဲ့ ဆိုက်ကယ်နဲ့ တာချီလိတ်ကို ရောက်တယ်၊ နောက် ၂၂.၄.၁၉၉၃ မှာ ကျမ မုမ်းမမ်း ကနေ ထွက်ပြီး မယ်ဆိုင်ကို ရောက်ရှိခဲ့တယ်။ မယ်ဆိုင်မှာလည်း သိပ်ကြာကြာမနေတော့ဘူး။ တရက်နေပြီး နောက်တနေ့ ၂၃ ရက်နေ့မှာ ပီစိုင်းထွန်း အကြိုလွှတ်လိုက် တဲ့သူနဲ့ ချိန်းမိုင်ကိုရောက်တယ်။
အဲဒီကနေ ညမှာဘဲ ပီထွန်းနဲ့ အတူ ချိန်းမိုင်လေဆိပ်မှ ဘန်ကောက်မြို့ ကိုရောက်တယ်။ ကျမ ဘန်ကောက်မြီု့မှာရှိနေစဉ် အကိုတော်စပ်သူ ပီစိုင်းထွန်းအိမ်မှပဲနေခဲ့တယ်။ ဘန်ကောက်မှာတုန်းက ခေတ်ပြိုင်ဂျာနယ်တိုက်ကို ခဏခဏသွားခဲ့တယ်။
နောက် ဘန်ကောက်က ABSDF ရုံးခန်းကို ရောက်ခဲ့သေးတယ်။ အဲဒီတုန်းကလည်း …။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကိုလေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်