Subscribe to our RSS Feed

နိုင်ငံတော်လုံခြုံရေး အန္တရယ်ပေးလာပါက မီဒီယာများကို ထိရောက်စွာ အရေးယူမည်ဟု သမ္မတဦးသိန်းစိန် သတိပေး




ရန်ကုန်၊ မဇ္ဈိမ။           ။ သမ္မတဦးသိန်းစိန်၏ မန္တလေးပဋိပက္ခနှင့် ပတ်သက်သည့် မိန့်ခွန်းတွင် နိုင်ငံတော် လုံခြုံရေးအတွက် အန္တရယ်ပေးလာပါက မီဒီယာများကို တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူသွားမည်ဟု သတိပေးပြောကြားလိုက်သည်။

မန္တလေးပဋိပက္ခများနှင့် ပတ်သက်၍ ဇူလိုင် ၇ ရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယေဘုံယျခြုံငုံ၍ 'မီဒီယာများ' ဟု သုံးနှုန်း သတိပေးလိုက်ခြင်းဖြစ်သည်။

“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှုအမြင့်မားဆုံး နိုင်ငံများထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်’’   ဟု သမ္မတက ​ပြောသည်။

ထိရောက်စွာအရေးယူမည်ဟူသည့် သမ္မတ၏ ပြောစကားနှင့်ပတ်သက်၍ " သမ္မတကိုယ်တိုင်က ဒီလိုပြောလာပြီဆိုတော့ သတင်းသမား အားလုံး ဆင်ခြင်ရတော့မှာပေါ့၊ အရင်ကလို ငွေရပြီးရော သတင်းရေးနေတာမျိုးမလုပ်ပဲ သေချာဆင်ခြင်ပြီးမှ သတင်းတစ်ပုဒ်ကို တင်ရတော့မှာပေါ့ " ဟု မြန်မာဂျာနယ်လစ်ကွန်ရက် ဦးမြင့်ကျော်က သုံးသပ်သည်။

မန္တလေးတွင် ပဋိပက္ခမဖြစ်ပွားခင်ကတည်းက အွန်လိုင်းဘလော့တစ်ခုဖြစ်သည့် သစ်ထူးလွင်ဘလော့မှ မှုခင်းသတင်းတစ်ခုအနေနှင့် စတင်၍ သတင်းများပြန့်ပွားခဲ့ခြင်း ဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာများ၊ ဖေ့စ်ဘွတ်များတွင် ပြန့်နှံ့ခဲ့ပြီးနောက် မန္တလေးတွင် ပဋိပက္ခများ ရုတ်တရက် ကြီးထွားခဲ့သည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် မီဒီယာသမားများအပေါ် ပထမဆုံးအကြိမ် တပ်လှန့်ခဲ့သည့် ကိစ္စမှာ Eleven Media မှ သတင်း​ထောက် ဖြစ်သူ မနော်ခိုင်ခိုင်အေးချို ၂ဝ၁၃၊ အောက်တိုဘာက အိမ်ကျော်နင်းမှု၊ အသရေဖျက်မှုတို့နှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ပိုင်နက်ကျူးလွန်မှုဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

ထို့ပြင် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်အပါအဝင် သတင်းထောက်လေးဦးတို့ကို မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(က)/(၉) ဖြင့် မေလအတွင်းပိုင်းက ရုံးတင် စစ်ဆေးလျှက်ရှိသည်။ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ထောင်ဒဏ် ၁၄ နှစ်ကျခံရမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏လက်ထက်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မီဒီယာလွတ်လပ်ခွင့်အမြင့်မားဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ၎င်းတို့၏ ပြုပြင် ပြောင်းလဲမှုများကြောင့် ရောက်ရှိခဲ့သည်။

မန္တလေးပဋိပက္ခဖြစ်ပွားပြီးနောက် သမ္မတဦးသိန်းစိန်က မိန်းခွန်းပြောရာတွင် သွေးထိုး လှုံ့ဆော်မှုများနှင့် အကြမ်းဖက်ဖျက်ဆီးမှုများကို လုံးဝသည်းခံမည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း ထပ်မံ သတိပေးလိုက်သည်။

“သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ” ဟု ​ပြောသည်။

ပဋိပက္ခများ ဖြစ်​ပေါ်ခြင်းအတွက် ဦးသိန်းစိန် ဦး​ဆောင်သည့် အစိုးရ၏ ပုံရိပ်ကို ထိခိုက်လာနိုင်သည်ဟုလည်း နိုင်ငံ​ရေး ​လေ့လာ သုံးသပ်သူ ဦး​ကျော်လင်းဦးက ​ပြောသည်"၂ဝ၁၅ နီးလာတဲ့အချိန်မှာ ပဋိပက္ခတွေ ဆက်ရှိနေဦးမယ်ဆိုရင် ဦးသိန်းစိန်နဲ့ သူ့ရဲ့  အစိုးရပုံရိပ်ကို ထိခိုက်လာနိုင်တယ်လို့ သူတို့ ယူဆလာတဲ့အတွက် ထိထိရောက်ရောက် လုပ်တော့မယ်လို့ ယူဆရတယ်" ဟု မဇ္ဈိမကို ပြောသည်။

သမ္မတဦးသိန်းစိန်သည် ပုံမှန်အားဖြင့် ၎င်း၏ရေဒီယိုမိန့်ခွန်းများကို တစ်လတစ်ခါ ပြောကြားလေ့ရှိသော်လည်း ယခု မန္တလေးတွင် ဖြစ်ပွားသည့် ကိစ္စများကိုမူ ဇွန်လ အတွက် မိန့်ခွန်းပြောကြားပြီး ၄ ရက်အကြာတွင် ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

4 comments:

သမ္မတကြီး ဦးသိန်းစိန် သက်တော်ရာကျော် ရှည်ပါစေ ။
ကျန်းမာပါစေ ။

သမ္မတကြီးရဲ့မိန့်​ခွန်းအတိုင်း ​ပေါက်​လို့ပဲစားမီဒီယာ​တွေကိုပြင်းထန်​စွာအ​ရေးယူသင့်​ပါတယ်​။

မီဒီယာ ဂျာနယ်အများစု ဟာအမှိုက်တွေ များ နေပါတယ်။ နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမဲ့ ကိစ္စတွေ၊ အစိုးရကို တိုက်ခိုက်တာတွေသာမက၊ ချမ်းချမ်း-နေနေ ညီအမ ကို ရန်တိုက်ပေးတာတို့၊ မင်းသားမိုးမင်းတို့ကိုရန်တိုက်ပေးတာတို့၊ မေမြတ်နိုးနဲ့ မန်နေဂျာ ကို ရန်တိုက်ပေးတာတို့ စတဲ့ အောက်တန်း ကျတာတွေ လဲသိက္ခာမရှိ တွေ၊ သူများမိသားစုအတွင်းရေးတွေ နှိုက်ထုတ် တာတွေချည်း ဖေါ်ပြပြီး -လူတွေပိုက်ဆံကို လိမ်ယူ မှိုင်းတိုက်ပြီး တိုင်းပြည်ဒုက္ခရောက်အောင်လဲ လုပ်နေပါတယ်။ သူတို့ မှားလဲ လုံးဝမတောင်းပန်ဘူး။ သူတို့ ချည်းမှန်သလို ဟန်နဲ့နေတယ်။ အစိုးရကောပြည်သူတွေကို ကျ တော့ အမြဲတမ်းစော်ကားနေသလို လူတွေ သိလာခံစားလာကြပါတယ်။ ၈၈ အရေးအခင်းကာလတုံးက တပ်မတော် ပြည်သူနဲ့လက်တွဲပြီတို့၊ အဆိပ်ခတ်တဲ့သူတွေကို ခေါင်းဖြတ်ဆုံးမ ပြီ-ဆိုပြီး အမှောင့်သတင်းတွေရေးတဲ့ ဂျာနယ်တွေပလူပျံ နေတာ သတိရမိပါတယ်။ အခုလဲ အဲ့ ကောင်တွေ တရား ၀င် ဂျာ နယ် ပြန်လုပ် နေတာ ဖြစ်ဖို့ များ ပါတယ်။ ဒီမိုကရေစီ နိုင်ငံကြီးတွေ တောင် အမျိုး သား လုံခြုံ ရေး ကို ထိခိုက်စေမဲ့ စာတွေ ခွင့်မပြု ပါဘူး။

ကျင့်ဝတ်သိက္ခာနဲ့မညီတဲ့မီဒီယာတွေကို အရေးယူရလို့ကတော့ ပြည်သူတွေ ဖတ်စရာဂျာနယ်တောင်
ရှိမှာမဟုတ်တော့ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်