Subscribe to our RSS Feed

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမများပေါ်တွင် ပြေးဆွဲလျက်ရှိသော ကုန်တင်ယာဉ်အားလုံး အာဆီယံစံနှုန်းအတိုင်းသာ တင်ဆောင်ရမည်

From :ခေတ်လူငယ်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမများပေါ်တွင် ပြေးဆွဲလျက်ရှိသော ကုန်တင်ထားသည့် ယာဉ်များအားလုံး ဝင်ရိုးအလိုက်သာ ကုန်တင်ရသည့် အာဆီယံစံနှုန်းအတိုင်းသာ ကုန်တင်ဆောင်ရမည်ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ ''ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းက လမ်းတွေပေါ်မှာ ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေလည်း အဝေးပြေးလမ်းမကြီးတွေမှာလို အာဆီယံစံနှုန်းအတိုင်းပဲ ကုန်တင်ဆောင်ရတော့မယ်။ ဒါကို စည်ပင်က ထုတ်ပြန်ထားတယ်။ ယာဉ်အမျိုးအစားအလိုက် ဝင်ရိုးအလိုက်ပဲ ကုန်တင်ရမှာ ဖြစ်ပါတယ်'' ဟုလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ ယင်းကဲ့သို့ ရန်ကုန်မြို့တွင်း လမ်းများပေါ်ရှိ ကုန်တင်ယာဉ်များကို အာဆီယံစံနှုန်းအတိုင်း တင်ဆောင်ခြင်းရှိ၊ မရှိကို နေရာလေးခုတွင် မိုဘိုင်းကတ္တားများဖြင့် တန်ပိုစစ်ဆေးလျက်ရှိကြောင်းလည်း သိရှိရသည်။ ''ရန်ကုန်က နေရာလေးခုမှာ မိုဘိုင်းကတ္တားတွေ အသုံးပြုပြီး စစ်ဆေးနေပါတယ်။ လတ်တလောမှာတော့ စနေ၊ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ပညာပေးကာလအနေနဲ့ မတ်လ ၉၊ ၁ဝ ရက်နဲ့ ၁၁ ရက်နေ့က လိုက်စစ်နေပါတယ်။ နောက်ပိုင်းကျရင်တော့ တန်ပိုတာကို လိုက်ပြီး အရေးယူသွားမယ်လို့လည်း သိရပါတယ်။ ဘုရင့်နောင်မှာလည်း မိုဘိုင်းကတ္တားနဲ့ လမ်းတွေထဲမှာ လိုက်စစ်မယ်'' ဟုလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းမှ သိရသည်။ ''ရန်ကုန်မြို့တွင်းမှာ ဆိပ်ကမ်းက ထွက်လာတဲ့ သံချောင်း၊ ဘိလပ်မြေ စတာတွေတင်တဲ့ ခေါက်တိုယာဉ်တွေမှာ တန်ပိုတင်ပြီး သွားလာနေကြလို့ လမ်းပျက်စီးမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ဆိပ်ကမ်းကလာတဲ့ ကားတွေက ဘုရင့်နောင်ကိုသာ အဝင်များတာမို့ ဘုရင့်နောင် အဝင်လမ်းမတွေမှာ လမ်းပျက်စီးနေတယ်။ ဆိပ်ကမ်းကနေ ဘိလပ်မြေတင်လာတဲ့ ခေါက်တိုယာဉ်တစ်စီးက ဘိလပ်မြေအိတ် ၁ဝဝဝ၊ ၁၂ဝဝ တင်လာတော့ တန် ၆ဝ လောက်ရှိတယ်။ ကားဝိတ်က တန် ၂၅ ရှိရင် စုစုပေါင်း ၈၅ တန်လောက်ကို တင်နေကြတာ။ ဒါတွေကြောင့် မြို့တွင်းလမ်းပျက်စီးမှုတွေဖြစ်တာ'' ဟုလည်း ရန်ကုန်မြို့တွင်းလမ်းများ ပျက်စီးမှု နည်းပါးစေရန် အတွက် ရန်ကုန်မြို့ခံတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ သတ်မှတ်ထားသော ကုန်တန်ချိန်ထက် ဝန်ပိုတင်ဆောင်ပါက သတ်မှတ်တန်အထက် တစ်တန်မှ ၅ တန်အထိ တစ်တန်လျှင် ကျပ် ၅ဝဝဝ နှုန်း၊ ၆ တန်နှင့်အထက် တစ်တန်လျှင် ကျပ် ၁ဝဝဝဝနှုန်း တန်ပိုကြေး ပေးဆောင်ရမည်ဖြစ်ကြောင်း  သိရှိရပါသည်။

 

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်