Subscribe to our RSS Feed

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်မှ Hot News သတင်းဌာ၏ လာရောက်မေးမြန်းမှုများကို ဖြေကြားခြင်း


မေး- စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ဘယ်လို အကူအညီပေးပါသလဲ။
ဖြေ- အကူအညီ ပေးတာက နည်းစနစ်နဲ့ မျိုးစေ့တို့ စီစဉ် ထုတ်လုပ်ပြီးတော့မှ အကူအညီ ပေးတာပါ။ လယ်သမားက ဘယ်လောက်ပဲ အကူအညီ ပေးပေမယ့် အဘက်ဘက်က အားနည်းချက်၊ လိုကွက် မပြည့်စုံတာတွေ ရှိမှာ ပေါ့နော်။
ငွေကြေး မတက်နိုင်တာ၊ အရင်းအနှီး မတက်နိုင်တာ၊ နောက် နည်းစနစ် မတတ်နိုင်တာ ဒါတွေကို ဝန်ကြီးဌာန ကနေ အကူအညီ ပေးတာပေါ့။

မေး - ကုန်သွယ်ရေး ဝန်ကြီးကလည်း ဆန်စပါး ကိစ္စတွေကို ပြောသွားတယ်။ ပုလဲသွယ် ဆန်စပါး မျိုးကို လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနက ပြည်ပပို့ကုန် အဖြစ် တင်ပို့ဖို့ အစီအစဉ် ရှိလို့ပါလား။
ဖြေ- နိုင်ငံခြားက ပုလဲသွယ်ဆန် စပါးမျိုးကို နှစ်သက်တဲ့ အတွက် ဆန်ကုန်သည် တွေက သူတို့ သဘောနဲ့ သူတို့ ဈေးကွက် သေချာရင် ဒီစပ်စပါးမျိုးကို စိုက်ပေးမယ် ဆိုရင် သူတို့ ယူပေးမယ် ပြောတယ်။ သူတို့ချင်း လုပ်ခွင့် ပေးလိုက်တာပါ။ တောင်သူက တွက်ခြေကိုက်မှ ဒီနည်းစနစ်တွေ စိုက်မှာ ဘာလို့ဆိုတော့ တွက်ခြေ မကိုက်ရင် သူမလိုက်ဘူး ။

မေး- ယခုခတ် စနစ်က ပြောင်းသွားတယ်။ မူက ပြောင်းသွားတယ်။ ဝန်ကြီးရဲ့လက်ထက်မှာ လယ်ယာကဏ္ဍနဲ့ ပတ်သက်ပြီး ထပ်ချဲ့ထွင် ထားတယ် ဆိုတာတွေ ရှိသလား။
ဖြေ- ဒီဆည်တွေ တာတမန်တွေ မြစ်ရေတွေ ဆိုတာက ငွေကြေး အကျိုးသက်သက် Economy ဖြစ်တာသက်သက် တည်ဆောက်တာ မဟုတ်ပါဘူး။ နိုင်ငံတော်ခေတ် အဆက်ဆက်က ဟိုးရှေးတုန်းက ဘုရင်ခေတ် တုန်းကလည်း ဆည်မြောင်း တာတမံတွေ တည်ဆောက် ခဲ့ကြတယ်။ ဒီဘက်ခေတ် ကျတော့ ပိုပြီတော့မှ အားထည့်ပြီး လုပ်လာတယ်။ အားစိုက် လာတယ်။ စပ်ကူးမတ်ကူး အချိန်မှာ အစိုးရအဖွဲ့ကို တည်ငြိမ်အောင် လုပ်တာတွေက အချိန်တန်ရင် လူတွေက Brain ရှိတာပဲ။ အချိန်တန်ရင် သူ့ဟာနဲ့သူ သိလာကြမှာပဲ။
ရေအား လျှပ်စစ်တွေ ဆည်မြောင်း တာတမံတွေ မြစ်ရေတင် စီမံကိန်းတွေ အတွက် ဘက်ဂျက် အသုံးပြုမှုတွေဟာ ပြည်သူလူထုအပေါ် အကျိုးပြုမှု နည်းပါးပြီး သဘာဝ ရင်းမြစ် ပျက်စီးတယ်လို့ ပြောဆို ဝေဖန်မှုအပေါ်-
ဖြေ- မြစ်ရေတင် စီမံကိန်းတွေ ဆည်မြောင်း တာတမံတွေ လုပ်ပေးထား ခဲ့ခြင်းကြောင့် လယ်တစ်ဧကမှာ ဘယ်လောက် အကျိုးပြုတယ် ဆိုတဲ့ ကိန်ဂဏန်းနဲ့ တိုင်းတာတာ မဟုတ်ဘူး သားစဉ်မြေးဆက် စဉ်ဆက် တိုင်အောင် ဘိုးဘွား ဘီဘင်တွေ ကနေ ပြီးတော့မှ နောင်လာ နောက်သားတွေ အဆက်ဆက် တိုင်အောင်ပင် ရာသီဥတု မျှတအောင် စားရေး နေရေး အဆင်ပြေအောင် ဖွံ့ဖြိုး တိုးတက်အောင် အဲဒီလို ရည်ရွယ်ချက် ကြီးကြီးနဲ့ လုပ်ထားတာ ဖြစ်တဲ့ အတွက်ကြောင့် သူ့ကို တစ်ဧကကို သိန်းဘယ်လောက် ကုန်တယ် လယ်တစ်ဧက ထဲကို ရေရောက်ဖို့ ဘယ်လောက် ကုန်တယ် ဆိုတာကို အဲဒီ ဈေးတွက်နည်းနဲ့ တွက်တာက သက်သက် အပြစ်တင်ဖို့ ဝေဖန်တာ ပါပဲ။ ဒါ ဦးနှောက် မရှိတာပေါ့။ ရှိရဲ့သားနဲ့ သက်သက် Negative ဆန်တာပေါ့ ကမ္ဘာမှာ လူတိုင်းက သိတယ်။ အာဖရိကတို့ ဆိုရင် ရေရဖို့၊ အစ္စရေး နိုင်ငံမှာ ဘယ်လို ရေရအောင် လုပ်လဲ သူတို့မှာက တိုင်းပြည်ရဲ့ အရေးကြီးဆုံး ကိစ္စပဲ Life Security အတွက် လူ့ဘဝကြီး အသက်ရှင် ရပ်တည်ဖို့ နေ့တိုင်း စားဖို့ကို လိုတယ်။ နေ့တိုင်း ရေသောက်ဖို့ ရေလိုတယ်။ ရေအသက် တစ်မနက် ထမင်းအသက် ၇ ရက် ဆိုတာ ရှိတယ်။ အမျှော်အမြင်ရှိတဲ့ လူကြီးတွေ လုပ်ထားတာ တွေကို ဝေဖန်ပြစ်တင် နေတာသည် အင်မတန်မှ မှားယွင်းတဲ့ အလုပ်ပဲ။ တကယ်တော့ တစ်ယောက် နှစ်ယောက်က ဝေဖန်တာ ကိုလည်း အသားပေးပြီး လုပ်တဲ့ အခါကြတော့ အများက နစ်နာတာပေါ့။ ရေရဖို့အတွက် အခက်အခဲ ဖြစ်နေတယ် ဒုက္ခ ဖြစ်တယ် ကသိကအောက် ဖြစ်တာပေါ့၊ ပြည်သူတွေ ပဲပေါ့၊ ပြည်သူဆိုတာ မဲဆန္ဒရှင်တွေ ပဲပေါ့။ တချို့ နေရာမှာ အဲဒီလို အပေါက် ရှာပြီးတော့ ပြဿနာ ရှာပြီးတော့မှ ဒီစက်ရုံကြီးက မြတ်နေသလား ဘာဖြစ်သလဲ၊ ညာဖြစ်သလဲ၊ လျှောက်ပြီး တွက်နေရင် ဒီရုံးကြီး ဆောက်ထားတာ ဒီလောက် အကုန်အကျ ခံပြီးတော့မှ ဖြစ်ပါ့မလား။ ဒီလို ပြောလို့ရှိရင် ဒီနေ့ လွှတ်တော်ကြီးကို ဆောက်ထားတဲ့ တန်းဖိုးကလဲ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ မရှိဘူးလား၊ အဲဒီလိုပေါ့၊ ရှေးတုန်းက ဘုရား ပုထိုးတွေ တည်ထားတဲ့ လူတွေကြောင့် မို့လို့ ပုဂံဆိုတာ မြန်မာ့ ဂုဏ်ရောင်ကို ဆောင်တာပေါ့၊။ ဒါ ရှေးလူကြီးတွေ တည်တာပေါ့၊ အဲဒီတုန်းက ဒီလိုပဲ ငါတို့ ဒီလောက် ဆင်းရဲတဲ့ နိုင်ငံ ဘုရားစေတီတွေပဲ တည်ရလား ဆိုပြီး အပြစ် ပြောသွားလို့ ဘယ်ရမှလဲ၊ သမိုင်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အဖြစ် ထိန်းသိမ်း ထားခဲ့လို့ ဒီနေ့ ဗမာ့ဟေ့ ဆိုတဲ့ ကိုယ့်တိုင်းပြည်ရဲ့ ဗုဒ္ဓဘာသာ ဓမ္မအနှစ်တွေကို စောင့်ရှောက် နိုင်တာပေါ့၊ အဲဒီလို ဝေဖန်တဲ့ သူတွေက တအား မိုက်ရိုင်းလွန်းအား ကြီးတာပေါ့နော်။ မိုက်ရိုင်းတာ မခံနိုင်လို့ ရှင်းပြရတာပါ။

မေး- ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လယ်ယာမြေနဲ့ စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုကြတဲ့ လူတန်းစား တွေဟာ ပညာတက် လူငယ်တွေ များလာကြတာကို တွေ့ရတယ်။ ကျွန်မတို့ နိုင်ငံမှာ လယ်သမား လူတန်းစား တွေကို ကြည့်လိုက်တဲ့ အခါ ပညာတက် နည်းပါးနေတာကို တွေ့ရတယ်။ နိုင်ငံတော် အနေနဲ့ လယ်သမားတွေကို ပံ့ပိုးမှုပေးတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး လယ်သမားတွေဟာ ပညာ အခြေခံ နည်းပါးတဲ့ အတွက် အကျိုးခံစားခွင့် ရရှိသင့်သလောက် မရကြတာကို တွေ့ရတယ်။ စိုက်ပျိုး နည်းပညာ တွေကို ဘယ်လောက်ပဲ ပံ့ပိုးပံ့ပိုး ပညာ အခြေခံ လိုအပ်ချက်ကြောင့် အပြည့်အဝ မရဘူးလို့ ထင်ပါတယ်။
ဖြေ - လယ်သမားကို စောင့်ရှောက်ခြင်းသည် ကိုယ့်ကိုကိုယ် စောင့်ရှောက်တာနဲ့ အတူတူပဲ၊ လယ်သမားတွေ သုံးနိုင်စွဲနိုင်မှ လယ်သမားတွေ ကျောင်းတတ်နိုင်မှ တက္ကသိုလ် တက်နိုင်မှ သူတို့သားတွေ သမီးတွေ ထွန်းကားသူတွေ များများရှိမှ တိုင်းပြည်လည်း တိုးတက်မှာပါ။ လယ်သမား သားသမီးတွေ လှလှပပ ဝတ်နိုင် စားနိုင်မှ မဟုတ်လား၊ လယ်သမား သားသမီး တွေက အောက်ခြေသိမ်း အလုပ်တွေ လုပ်နေ၊ ကျွန်အလုပ် သာသာလောက် လုပ်နေရရင် တိုင်းပြည်က မဖွံ့ဖြိုး မတိုးတက် နိုင်ဘူး။ ဒီအခြေခံ လူတန်းစားတွေ တိုးတက်လာမှ သာလျှင် တိုင်းပြည်က အေးချမ်းမယ်။ တိုင်းပြည် နောင်ရေး စိတ်အေးရမယ်။ တကယ်တမ်း ကျတော့ အဲဒါ လုပ်ရမယ့် ကိစ္စပဲ။ ပညာတတ် တွေလည်း ပေါ်ထွန်း လာအောင် လူကြီးတွေက တော်တော်ကို လုပ်ကြရမယ်။ တက္ကသိုလ်ကြီးတွေ ဆောက်ပေးခဲ့တယ်။ စာသင်ကျောင်းတွေ ဆောက်ပေး ခဲ့တယ်။ ဘာကြောင့်လည်း အခြေခံ ဖြစ်တဲ့ ဒေသ အသီးသီးက လွှတ်တော် ကိုယ်စားလှယ် ဆိုပြီးနောက် လာတဲ့လူက စာမှမတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများ ခလုပ်နှိပ်ဆို နှိပ်တယ်။ သူမှ ဘာမှ မသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ။ အဲဒီဟာတွေကို ဒေသအလိုက် နယ်ပယ် အသီးသီးက ပညာတတ်တွေ ထွက်ပေါ် လာအောင် ဆိုပြီး လုပ်ပေးခဲ့တယ်။ ဒါပေမယ့် အချိန်က ယူရဦးမယ်။ သူငယ်တန်းက စပြီး train လုပ်နေရတာ။ ဆယ်တန်း။ သဘောကတော့ ဆယ်စုနှစ် တစ်စု နှစ်စု လောက်တော့ ကြာဦးမယ်။ အဲလောက် ကျရင်တော့ educated များလာတဲ့ အခါမှာ အစစ အရာရာ ခိုင်ခန့်တဲ့ နိုင်ငံ ဖြစ်လာမှာ ပေါ့နော်။ အဲဒါကတော့ အခြေခံကို ယူရဦးမယ်။ နောက်ပြီးတော့ လူတွေရဲ့ စာရိတ္တတွေ ဆိုတာလည်း အခြေကို ပြန်ပြီးတော့မှ တည်ယူရမှာ။ မကောင်းဘူးလားဆို အခုပြောနေကြတာ ဝေဖန်နေတာ တွေဟာ ကောင်းပါတယ်။ သို့သော် ပျက်လောက် အောင်တော့ မဖြစ်ရဘူး။ တိုင်းပြည် ထိခိုက် သွားအောင်တော့ မဖြစ်သင့် မလုပ်ရဘူး။ အစိုးရ ပျက်အောင် လုပ်တယ်၊ တိုင်းပြည် ပျက်အောင် လုပ်တယ် ဆိုတာတွေ ဒီလှေကြီးထဲမှာ ခရီးသွားတဲ့ လူတွေ လှေဝမ်းကြီး ပေါက်သွားတယ် ဆိုရင် အကုန် နစ်မှာပဲ။ ဝဲထဲမှာ မြှုပ်သွား ဆိုရင်လည်း အကုန်သေမှာပဲ။ တည့်တည့် ပြောမယ် ဆိုရင်တော့ အစိုးရဆိုတာ မောင်းနှင်တာပဲ ထိန်းပေးတာ။ ပြည်သူတွေနဲ့ လက်တွဲပြီးတော့မှ ခရီးသည်ထဲမှာ ပါနေတဲ့ အတွက် လှေဝမ်းကြီး မလူးအောင် ဟန်ချက် ညီအောင် သူထိန်းပေးရမယ်။ လိုအပ်ရင်လည်း ဝိုင်းလှော်ရမယ်။ နောက်က ဥပဒေပြုမဲ့ လွှတ်တော်တို့ ဘာတို့က တည့်တည့်လေး ဖြစ်အောင် လုပ်ရမယ်။ ဥပဒေက ကမောက်ကမ ဖြစ်နေရင် အစိုးရကိုပဲ ဝေဖန်နေမယ်။ အထဲမှာရှိတဲ့ မီဒီယာတွေ အနေနဲ့ကလည်း အစိုးရကို ဝိုင်းပြီး သမနေရင် ကမောက်ကမ ဖြစ်ပြီး လှေကြီး နစ်တဲ့ အခါကျရင် ဘယ်သူက အရင်ဆုံး နာမလဲ။ ပြည်သူက အရင်ဆုံး နာမယ်။ တစ်လှေတည်းစီး တစ်ခရီးတည်း သွားဆိုတာ တဖွဖွ နေရတယ် ဆိုတာ အဲဒါပဲ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင် ကလည်း ငြိမ်ငြိမ် လေးထိုင် အသက်ကြီးပြီ ဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေး မထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်ရင် ဒါကြောင့်လည်း ဘုန်းကြီး အရှုးနဲ့ လှေလူးလို့ ပြောတာ။

မေး- လက်ရှိသွားတဲ့ မူဝါဒအရ လွှတ်တော်နဲ့ လက်ရှိ အစိုးရ ဆိုတာ ဟန်ချက်ညီအောင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ထိန်းကျောင်းရမယ် ဆိုတာသည် မူဝါဒ အရကို သွားရမှာ ပေါ့နော်။ အဲဒီဟာကို ဘယ်လို ဖြစ်နေလဲ ဆိုတော့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ check and balance လုပ်ရမယ့်အစား တစ်ချို့ ဟာလေးတွေမှာ cross section လုပ်သလို ဖြစ်နေတယ်။ အဲလို အမြင် လွဲစေတဲ့ ပုံစံလေး တွေလည်း တွေ့ရပါတယ်။ အခုဆိုရင် ဘတ်ဂျက်ကိစ္စ တွေနဲ့ ပတ်သက်တဲ့ လွှတ်တော် ထဲမှာလည်း အတိုက်အခံ ပါတီဘက်က နေပြီး တက်လာတဲ့ ဒီမိုကရေစီ အင်အားစု အမတ်တွေလည်း ရှိတယ်။ အထူးသဖြင့် သူတို့တွေက ဘတ်ဂျက် ကိစ္စကို ကျယ်ကျယ် လောင်လောင် အော်နေတာ တွေ့ရပါတယ်။ အဲဒီလို အခြေအနေမှာ လက်ရှိ လုပ်နေရတဲ့ ဝန်ကြီး ဌာနတွေ အနေနဲ့ ကတော့ အခက်အခဲ အမြင်ဆုံး ပဲလေ။ ဒီဘတ်ဂျတ်မှာ လယ်ယာ စိုက်ပျိုးရေးကို ၆၀ ရာခိုင်နှုန်း လောက် ဘတ်ဂျက် လျှော့သွား တာကို တွေ့ရပါတယ်။ ထုတ်ပြန် ကြေညာချက်တွေ အရပေါ့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ရော ဒီဘက်မှာ နှောင့်နှေးမှု တစ်ခု ဖြစ်သွား လိမ့်မယ်လို့ မြင်တယ်။ အဲဒါကိုရော ဦးအနေနဲ့ လယ်ယာမြေ ခေါင်းစဉ်ကို ဦးစားပေးပြီး ဘတ်ဂျက် လျှော့သွားတဲ့ အပေါ်မှာ အောင်မြင်အောင် ဆက်လုပ်သွားဖို့ ဘယ်လို စဉ်းစား ထားပါသလဲ။
ဖြေ- အဘတို့ အတွက်က မခက်ခဲဘူး။ ဘာလို့ မခက်ခဲလဲ ဆိုတော့ ရှိတဲ့ အခြေအနေနဲ့ ရုန်းကန်ဖို့ ဆိုတဲ့ လုပ်တတ် ကိုင်တတ်တဲ့ အလေ့အထ ရှိတဲ့ အတွက် လောက်ပဲ ငွေကိုပုံပေး တိုင်းပြည်ကို ချက်ချင်း ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ မပြောင်းလဲ နိုင်သေးတဲ့ ကာလမှာ လွှတ်တော် ပြီးတော့မှ ဘတ်ဂျက်တွေကို ဆုံးဖြတ် လိုက်တာမျိုး သူတို့တာဝန် ပြီးသွားတာပေါ့။ အဘတို့ ကတော့ ပြည်သူတွေရဲ့ ဒါလေး ဆောက်ပေးပါ၊ ဒါလေး လုပ်ပေးပါ မီးလင်း ချင်ပါတယ် လမ်းလေး ဖောက်ပေးပါ ဆိုတဲ့ ကဏ္ဍ အသီးသီးပေါ့ ဆည်မြောင်း တာတမံနဲ့ မီးလင်းတာလည်း ဆက်စပ်တယ်။ အဲဒါလေးတွေ မတိုးတက် လာတာကိုလည်း သူ့ဒေသ အလိုက် တောင်းဆိုတယ်။ တစ်ယောက်က ဘတ်ဂျက် ဖြစ်တယ်။ တာဝန်ရှိတဲ့ လူကြီးတွေ အနေနဲ့ကတော့ လစ်မစ် ရှိတာပေါ့။ ငါတို့ အတိုင်းအတာနဲ့ ငါတို့ ပြည်သူအတွက် ဘယ်လောက် လုပ်နိုင်မလဲ။ လွှတ်တော်ဆိုတာ ပြည်သူတွေထဲက လူတွေပဲလေ။ သူတို့ တွေးတာ ခေါ်တာ မှန်လို့ရင် တိုင်းပြည်အတွက် အဖြေမှန် ထွက်မှာပေါ့။ သူတို့ ရွေးတာပဲလေ။ တစ်တိုင်းပြည်လုံး ပျံ့နှံ့ဖို့ ဆိုရင် သုတေသန လုပ်ငန်းတွေ မျိုးစေ့ထုတ်တဲ့ လုပ်ငန်းတွေ အကုန်လုံးနဲ့ စက်မှုလယ်ယာကို ဖွံ့ဖြိုးအောင် တစ်ပြိုင်တည်း လုပ်နိုင်မယ်။ နည်းနည်းပဲဆိုရင် နေပြည်တော် တစ်ဝိုက်ပဲ လုပ်မှာပေါ့။ နေပြည်တော်နှင့် တဝိုက် ရန်ကုန်မြို့နှင့် တစ်ဝိုက် သာယာစေပဲ ဖြစ်မှာပေါ့။ ပြည်နယ်နှင့် တိုင်း မြန်မြန် ပျံ့အောင် တစ်ခါတည်း ဖြန့်ကျက်ပြီး လုပ်ရမှာ။ အဲလောက် မလုပ်နိုင်လည်း လုပ်နိုင်တဲ့ အတိုင်းအတာ အထိ လုပ်မယ်။ တည့်တည့် ပြောမယ် ဆိုရင်တော့ အစိုးရ အဖွဲ့ဝန်ကြီးတွေ အနေနဲ့က သက်သာတယ်။ အလုပ်က ပေါ့သွားတယ်။ အော်……ငါတို့ ဆယ်ခုလုပ်ဖို့ ရှိနေတာ တစ်ခုပဲ လုပ်နိုင်တော့တစ်ခုပဲ သက်တောင့် သက်သာလေးပေါ့။ အမှန်ကတော့ သက်သာတယ်။ သို့သော် တိုင်းပြည် သူ့အပေါ်မှာ တာဝန် ကျေချင်တဲ့ သူကျတော့ မခံနိုင်ဘူးပေါ့။ ငါတို့ တိုးတက်အောင် လုပ်ရမယ့် ကာလမှာ ငွေအား၊ လူအား အရမ်း အရေးကြီးတယ်။ နည်းပညာရှင် တွေရော အကုန်လုံးပေါ့။ အဲဒီလို လိုနေတဲ့ အချိန်မှာ တစ်ဖက်ကို ဖိထားရင် မတိုးတက် နိုင်ဘူးပေါ့။ နာတာကတော့ ပြည်သူပဲ နာတာ။ တည့်တည့် ပြောရရင် အစိုးရ ဝန်ထမ်းတွေက သက်သာပါတယ်။

Myanmar Express

2 comments:

good question and good answer

ဒီအမေးအဖြေနဲ့ ပက်သက်ပြီးတော့ လွှတ်တော်ထဲမှာ မကျေနပ်မှုတွေ ၊ တိုင်တန်းတာတွေ ရှိနေပါတယ်လို့ ကြားမိပါတယ်ဗျာ.......အဲဒီကိစ္စ မှန်မမှန်သိချင်ပါတယ်...။ ပြီးတော့ ဘာတွေဆက်ဖြစ်လဲဆိုတာကို တင်ပေးလို့ရရင် သိချင်ပါတယ်ဗျာ....လေးစားစွာဖြင့်......

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်