Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း

From : ခေတ်လူငယ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၈ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများ၊ လွတ်လပ်၍ တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏မေးမြန်းမှု များ ကို ပြန်လည်ဖြေကြားခဲ့သည်။ မဲရုံအတွင်းသို့ မီဒီယာများ သတင်းဓာတ်ပုံ ရိုက်ကူးခွင့်နှင့် ပတ်သက်၍ မီဒီယာ တစ်ခုက မေးမြန်းခဲ့ရာ ''မဲရုံအတွင်းကိုတော့ မီဒီယာတွေ ၀င်ခွင့်မရှိပါဘူး။ မဲရုံပြင်ပကနေပဲ ဓာတ်ပုံရိုက်ကူးခွင့်၊ သတင်း မေးမြန်းခွင့် ရှိပါတယ်။ မဲရုံအတွင်းကိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မဲရုံ ကိုယ်စားလှယ်တွေ၊ ပါတီ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေပဲ ၀င်ခွင့်ရှိပါတယ်။ ကိုယ်စားလှယ်တွေ အနေနဲ့လည်း မဲရုံထဲကို စကားပြောစက်၊ ကင်မရာ၊ ဖုန်းတွေ ယူနိုင်သော်လည်း သုံးစွဲခွင့် မပြုထားပါဘူး'' ဟု ပြည်ထောင်စုေ ရွးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည်ဖြေကြားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက် ၍လည်း ''လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ မဲစာရင်း တိကျမှန်ကန်ဖို့ အလေးထား ပြီး ဆောင်ရွက်နေပါတယ်။ အဲဒီအတွက်လည်း ၀န်ကြီးဌာန အသီးသီးက ပြည်ထောင်စု ၀န်ကြီးတွေ၊ ပြည်ထောင်စုဒုတိယ၀န်ကြီးတွေကို ဖိတ်ကြားပြီး မဲပေးရာမှာ ဘက်လိုက်ခြင်း မပြုဖို့နဲ့ ဥပဒေနဲ့အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ ခုကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ ၁၇ ခုက ကိုယ်စားလှယ် ၁၆၀ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ကြားဖြတ်ရွေးကောက်ပွဲကို လာရောက်လေ့ လာဖို့ ပြည်ပက လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်ဦးရေ ၁၅၀ ကျော်ကိုလည်း ဖိတ်ကြားထားပါတယ်။ အောင်မြင်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ယခင်ရွေးကောက်ပွဲ အတွေ့အကြုံတွေထဲက ကောင်းတာတွေယူပြီး မကောင်းတာတွေပြင်ပြီး ဆောင်ရွက်နေပါတယ်။ ကိုယ်စား လှယ်တွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းကမ်းဖောက်ဖျက်တာတွေ တွေ့ရင် ကော်မရှင်ကို ချက်ချင်း တိုင်နိုင်ပါတယ်'' ပြောကြားခဲ့သည်။ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် သမ္မတကြီး ဦးသိန်းစိန် ဓာတ်ပုံအား သုံးစွဲနေမှုများနှင့် ပတ်သက်၍ သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကိုလည်း ''သမ္မတကြီးရဲ့ ဓာတ်ပုံကို အသုံးပြုပြီး မဲဆွယ်တာကို ဖြေကြားရမယ် ဆိုရင်တော့ ဒါကတော့ အဖြစ်မှန်ပဲလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ အငြင်းမပွားလိုပါဘူး။ ကျွန်တော့်အနေနဲ့ သမ္မတကြီးပုံနဲ့ စည်းရုံးတာကိုတော့ ဘာမှမပြောလိုပါဘူး'' ဟု ပြန်လည် ဖြေကြားခဲ့သည်။ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိ၍ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်တော့သည့် ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်များတွင်လည်း ကျင်းပနိုင်သည့် အခြေအနေရှိပါက ချက်ချင်း ကျင်းပပေးမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်