Subscribe to our RSS Feed

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ (၆၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း အပြည့်အစုံ



၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၇) နှစ်မြောက်
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသရေစည်သူမင်းအောင်လှိုင် ပြောကြားသည့်
မိန့်ခွန်း


ရဲဘော်တို့

ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ကြောင်းနဲ့ အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့တဲ့ ဒို့တပ်မတော်ရဲ့ (၆၇) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။ ခေတ်သစ် စနစ်သစ်နဲ့ နိုင်ငံတော်သစ်ဆီ ချီတက်နေတဲ့ ကာလမှာ ပထမဦးစွာ ကျင်းပတဲ့ တပ်မတော်နဲ့ အခမ်းအနားလည်း ဖြစ်လို့ သိသင့်သိထိုက်တာတွေကို အလေးအနက် မှာကြားသွားမှာ ဖြစ်တယ်။


ရဲဘော်တို့

ဒို့နိုင်ငံတော်ကို နယ်ချဲ့ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ဒို့နိုင်ငံသားတွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် တပ်မတော် တစ်ရပ်ဖွဲ့စည်း ထူထောင်ပြီး လက်နက်စွဲကိုင် တိုက်ပွဲဝင်မှသာ လွတ်လပ်ရေး ရရှိနိုင်မယ်လို့ နားလည် ယုံကြည်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့ မျိုးချစ်လူငယ် ရဲဘော် သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာတွေ သင်ယူခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဘီအိုင်အေ လို့ ခေါ်တဲ့ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။ ဂျပန်တပ်များနဲ့ အတူ နယ်ချဲ့ဗြိတိသျှတွေကို မြန်မာနိုင်ငံ ကနေ တိုက်ထုတ်ခဲ့ကြတယ်၊ ဘီအိုင်အေ ဖွဲ့စည်းစမှာ အင်အား ၂၀၀ ကျော်သာ ရှိရာက အင်အား ၅၀,၀၀၀ ကျော်အထိ တိုးပွားလာတာကို စိုးရိမ် ပူပန်လာတဲ့ ဂျပန်တို့ဟာ ၁၉၄၂ ခုနှစ်မှာ ဘီအိုင်အေ အစား အင်အား ၃,၀၀၀ ခန့်သာ ရှိတဲ့ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ပြန်လည်ဖွဲ့စည်းပေး ခဲ့တယ်။ ၁၉၄၃ ခုနှစ်မှာ ဘီဒီအေ ကို ဗမာ့တပ်မတော် ( ဘီအင်န်အေ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဗမာ့ တပ်မတော်ဟာ ပြည်သူ လူထူနဲ့လက်တွဲပြီး ဖက်ဆစ်ဂျပန်တွေကို တော်လှန် တိုက်ထုတ်ခဲ့ကြတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဗမာ့တပ်မတော်ကို မျိုးချစ်ဗမာ့ တပ်မတော် (ပီဘီအက်ဖ်) လို့ ပြောင်းလဲ သတ်မှတ် ခေါ်ဝေါ် ခဲ့ကြတယ်။ ဒီ သမိုင်းကြောင်းတွေကို ကြည့်ခြင်း အားဖြင့် ဒို့ တပ်မတော် ဟာ နိုင်ငံတော် အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ အတူ ပြည်သူကြားက ပေါက်ဖွား လာတဲ့ မျိုးချစ် တပ်မတော် ဖြစ်တယ် ဆိုတာ ထင်ရှား စွာတွေ့မြင်ရမှာ ဖြစ်တယ်။


ရဲဘော်တို့

သမိုင်းကြောင်းကောင်းတဲ့ ဒို့တပ်မတော်ဟာ ပြည်သူ ကြားက ပေါက်ဖွား လာတဲ့ တပ်မတော် ဖြစ်တာနဲ့ အညီ နိုင်ငံတော်နဲ့ နိုင်ငံသူ ၊နိုင်ငံသား အားလုံးရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို အစဉ် ကာကွယ်စောင့်ရှောက် ဖို့ အမြဲ ဦးထိပ် ပန်ဆင် ဆောင်ရွက် လျက်ရှိ တယ်။ လွတ်လပ်ရေး ရပြီး နောက် ပိုင်း ပေါ်ပေါက် လာခဲ့တဲ့ တရုတ်ဖြူ ကျူးကျော်စစ် အပါအ၀င် ပြည်တွင်းပြည်ပ အန္တရာယ် မှန်သမျှကို ဒို့ တပ်မတော်သားတွေ ရဲ့ အသက်၊ ခန္ဓာတွေ စွန့်လွှတ်ပြီး ကာကွယ် စောင့်ရှောင့် ခဲ့ကြတယ်။ ဒို့နိုင်ငံတော်ကြီးကို ဒုက္ခရောက်စေမယ့်၊ ပြိုကွဲ ပျက်စီးစေမယ့် ၊ တိုင်းရင်းသားများ ချစ်ကြည် စည်းလုံးမှု ပြိုကွဲပျက်စီးစေမယ့်၊ ဒို့နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးမယ့် ပြည်တွင်းပြည်ပ အန္တရာယ် မှန်သမျှနဲ့ အဖျက် လုပ်ရပ် မှန်သမျှကို သမိုင်း အစဉ်လာ ရှိရှိ ကာကွယ် စောင့်ရှောက် ခဲ့သလို ရှေ့ဆက်ပြီး လည်း ကာကွယ်စောင့်ရှောက် သွားမှာ ဖြစ်တယ်။ တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ နိုင်ငံတော် သမိုင်းကြောင်းနဲ့ ခွဲခြားလို့ မရကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

ဒို့တပ်မတော် စတင်ဖွဲ့စည်းချိန်က စလို့ ယနေ့ အချိန်အထိ ခေတ်အဆက်ဆက်ဖြတ် သန်းကျော်ဖြတ် လာတဲ့ ကာလအတွင်းမှာ မျိုးချစ် တပ်မတော်ခေါင်းဆောင် ကြီးတွေ ဟာ နိုင်ငံတော် ကာကွယ်ရေး စွမ်းအား မြင့်မားနေစေဖို့ ဒို့တပ်မတော်ကို အရေအတွက်သာမက အရည်အချင်းပါ တိုးတက်ကောင်းမွန်အောင် တည်ဆောက် ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် တည်ထောင်ခဲ့တဲ့ ကာလတွေ မှာလည်း လူ၊ လက်နက် အင်အားတိုးတက်ရေး ၊ စစ်ပညာရပ်များ မြင့်မာရေးတို့ကို အခြေအနေပေး သရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့တယ်။ လွတ်လပ်ရေး ရပြီးစ ပြည်တွင်းပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရ ချိန်မှာလည်း ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တပ်မတော်ခေါင်းဆောင် များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော် အင်အားကို တိုးချဲ့ တည်ဆောက် နိုင်ခဲ့ကြတယ်။ တပ်မတော်ကို ခေတ် မှီတဲ့ စစ်လက်နက် ပစ္စည်းများနဲ့ ပြောင်းလဲ တပ်ဆင်ပေးနိုင်ခဲ့တယ် ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော် အကြီးအကဲ များက (ကြည်း၊ ရေ၊ လေ) တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့ အညီ ရင်ဘောင် တန်းနိုင်အောင် လက်နက်၊ ပစ္စည်း ၊ ကိရိယာများ ဖြည့်ဆည်း အောင်ရွှက်ပေးခြင်း ၊ တပ်မတော် အဆင့် အတန်း မြင့်မားရေး အတွက် တပ်မတော် ဆိုင်ရာ တက္ကသိုလ် ၊ စစ်ကျောင်း ကြီးများနဲံ့ လေ့ကျင့်ရေး ကျောင်းများကို အဆင့်မြင့် တင် ဖွင့်လှစ်ပေးခြင်း စတာတွေ ဆောင်ရွက် ပေးခဲ့တယ်။ တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း နဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ တို့က လက်ဆင့် ကမ်း အမွေ ဆက်ခံပြီး စည်းကမ်း ကောင်းတဲ့ ၊ စနစ်တကျရှိတဲ့ ခေတ်မှီ တပ်မတော် တစ်ရပ် အဖြစ် ခေတ်ကာလနဲ့ အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ်။ ဒို့ တတွေ အနေ နဲ့လည်း တပ်မတော်ကြီးကို နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက် နိုင်စွမ်းရှိတဲ့ အင်အားတောင့် တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မှီ မျိုးချစ် တပ်မတော် ဖြစ်အောင် ဆက်လက် တည်ဆောက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ် ။


ရဲဘော်တို့ 

၁၉၈၈ ခနှစ်မှာ နိုင်ငံတော်ရဲ့ အခြေ အနေ အရပ် ရပ် ယိုယွင်း ပျက်စီးလာ တာကြောင့် ဒို့ တပ်မတော်ဟာ နိုင်ငံတော်တာဝန်ကို ရယူခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးတွေကို ပြည်သူ လူထုနဲ့ အတူ လက်တွဲဆောင်ရွက်ခဲ့တယ်။ ဒီလို ဆောင်ရွက် ရာမှာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဦးတည် ချက် တွေစနစ် တကျ ချမှတ်ဆောင်ရွက်ခဲ့ တာကြောင့် နိုင်ငံတော်ရဲ့  စီးပွါးရေး ၊လူမှုရေး ကဏ္ဍ မှာလည်း အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနဲ့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့တယ်။ နိုင်ငံတော်ကို ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ရောက်ရှိအောင် ဖော်ဆောင်ပေး မယ်လို့ ကတိပေးထားခဲ့ တာနဲ့ အညီ အမျိုးသား ညီလာခံကို ကျင်းပပြီး ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲ ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ နိုင်ငံတော်ရှေ့ ဆက်သွားမယ့် မူဝါဒ လမ်းစဉ် ၇ ရပ် ချမှတ်ပြီး အဆင့် လိုက် ဆက်လက် ဆောင်ရွက် ခဲ့တယ်။ အမျိုးသား ညီလာခံ က တစ်ဆင့် ဖြစ်ပေါ် လာခဲ့တဲ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်မှာ ပြည်လုံး ကျွတ် ဆန္ဒ ခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌန်း နိုင်ခဲ့တယ်။ ၂၀၁၀ ပြည့် နှစ်မှာ ပါတီ စုံဒီမိုကရေစီ ရွေး ကောက်ပွဲ ကျင်းပ ပေး ခဲ့ပြီး ရွေးကောက် ပွဲ မှာ ပြည်သူတွေ ရွေးချယ် လိုက် တဲ့ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့မှာ လွတ်တော်ခေါ်ယူ ကာ လွတ်တော်က ရွေးကောက် တင်မြှောက်တဲ့ နိုင်ငံတော် သမ္မတနဲ့ အစိုးရ အဖွဲ့ ထံ နိုင်ငံတော် အာဏာ အရပ်ရပ်ကို စနစ်တကျ ပြန်လည် လွဲပြောင်း ပေးအပ် ခဲ့တယ်။ ဒို့ နိုင်ငံတော် ကို ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ဆက်လက် လျှောက်လှမ်း နိုင်အောင် တပ်မတော် ဟာ ပေးထားတဲ့ ကတိအတိုင်း မှန်ကန် တည်ကြည်စွာ ဖြင့် လမ်းကြောင်း မှန်ပေါ် ရောက်အောင် ဆောင်ရွက် ပေးခဲ့တယ်။


ရဲဘော်တို့

ခေတ်မီ ဖွံဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံအဖြစ် ဆက်လက် လျှောက်လှမ်း တဲ့လမ်းကြောင်းမှာ တို့တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သတ်လို့ ပြောကြား လိုတယ်။ ဒို့နိုင်ငံရဲ့ ပထ၀ီ အနေအထား သမိုင်းကြောင်းများ အရ နိုင်ငံတော် နဲ့နိုင်ငံသား အားလုံးရဲ့ အမျိုးသား အကျိုး စီးပွားကို ထိန်းသိမ်း စောင့်ရှောက် အကောင် အထည် ဖော်ဖို့ အတွက် ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံး ညီညွတ်မှု့ မပြို ကွဲရေး၊ အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး(၃)ပါး ကို အမျိုးသားရေး မူဝါဒ အဖြစ် ချမှတ် ထားတယ်။ နိုင်ငံတော်ရဲ့ ကာကွယ်ရေး မူဝါဒ ချမှတ်ထား ရာမှာ ဒို့တာဝန် အရေး(၃)ပါး ကို ကာကွယ်စောင့်ရှောက် ရန်ဆိုတဲ့ အချက် တစ်ချက် ပါရှိသလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ လည်း ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိ တယ်လို့အတိအလင်း ပြဠာန်းထားတယ်။ ဒါကြောင့် တပ်မတော်ဟာ ဒို့တာဝန် အရေး(၃)ပါးကို စွဲမြဲစွာ ခံယူစောင့်ထိန်း သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဠာန်းချက်များနဲ့အညီ လွှတ်တော် အသီးသီးမှာ တပ်မတော် ကိုယ်စားလှယ် များ ပါဝင်ဆောင်ရွက်နေတာ ဟာ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကြောင်းများ အရ တပ်မတော်က နိုင်ငံတော်ရဲ့ အကျိုးကို ဖော်ဆောင် ဖို့ ပါဝင်ဆောင်ရွက်နေခြင်းသာ ဖြစ်တယ်။ တစ်နည်းအားဖြင့် အမျိုးသား နိုင်ငံရေး တာဝန် တစ်ရပ်ကို ထမ်းဆောင်နေခြင်း ပဲဖြစ်တယ်။ တပ်မတော် ဆိုတာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များ နဲ့ စနစ်တကျ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒို့တပ်မတော်မှာ တိုင်းရင်းသား အားလုံး ပါဝင် ဖွဲ့စည်းထား တာကြောင့် ဒို့တပ်မတော်ဟာ အမျိုးသား တပ်မတော်၊ တစ်နည်း အားဖြင့် ပြည်ထောင်စု တပ်မတော်ပဲ ဖြစ်တယ်။ ဒီကနေ့ တာဝန် ထမ်းဆောင်နေကြတဲ့ ပြည်ထောင်စုဖွား ဒို့ တပ်မတော် သားတွေဟာ နိုင်ငံတော် စစ်မှု့ထမ်း ဥပဒေအရ ၀င်ရောက်ခဲ့ ကြသူများ မဟုတ်ဘဲ မိမိသဘော ဆန္ဒ အလျောက် ၀င်ရောက် တာဝန် ထမ်းဆောင် နေကြသူတွေ ဖြစ်တယ်။ ခန္ဒာကိုယ် ပင်ပန်းဆင်းရဲမှာ စိတ် ပင်ပန်းဆင်းရဲမှာ မိမိ အသက်နဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ စွန့်လွှတ် ပေးဆပ်ရမှာကို သိလျက်နဲ့ အခြေခံ အားဖြင့် အလွန် မွန်မြတ်တဲ့ စိတ်ဓါတ်တွေ နဲ့ ပြည်ထောင်စုကြီးကို၊ တိုင်းရင်းသား ပြည်သူများကို ကာကွယ် စောင့်ရှောက်ဖို့ ၀င်ရောက် တာဝန် ထမ်းဆောင်နေကြတာ ဖြစ်တယ်။ ဒါ့အပြင့် ဒို့တပ်မတော် ဟာ ဒို့ တာဝန် အရေး(၃)ပါး ကို ဦးထိပ်ထား ပြီး နိုင်ငံတော် ရဲ့ အကျိုး စီးပွား ပြည်သူလူထု ရဲ့ အကျိုး စီးပွားများ နဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်နေ တာ ဖြစ် သလို နိုင်ငံတော် ဖွံ့ ဖြိုး တိုးတက်ရေး၊ ဒေသ အလိုက် ဖွံ့ ဖြိုး တိုးတက်ရေးတွေကို ပြည်သူ လူထုနဲ့ ပူးပေါင်းဆောင် ရွတ်လျက်၇ှိတယ်။ ဒီလို ဆောင်ရွတ် ရာမှာ ပါတီ နိုင်ငံရေး ကင်းရှင်းစွာ နဲ့ လူမျိုးစွဲ၊ ဒေသစွဲတွေ မပါ၇ှိဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုး သားလုံး အကျိုး စီးပွားကို ဖော်ဆောင် နိုင်မယ့် အမျိုးသား နိုင်ငံရေး သက်သက် ကိုသာ ဆောင်ရွတ်နေတာ ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်မှန်သော မျိုးချစ် စိတ်ဖြစ် တဲ့ ပြည်ထောင်စု စိတ်ဓာတ် နဲ့ တပ်မတော်က ပါဝင် ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်းပြော ကြားလိုတယ်။


ရဲဘော်တို့

ဒို့တပ်မတော် သားတွေက တပ်မတော် နည်းဥပဒေ၊ အက်ဥပဒေတွေကို လိုက်နာ၇ုံသာမက နိုင်ငံတော် က ထုတ်ပြန် ထားတဲ့ နယ်ဘက်ဆိုင်ရာ ဥပဒေကိုလည်း ပြည်သူများ နည်းတူ လိုက်နာစောင့်ထိန်း ကြရမယ်။ နိုင်ငံတော်ရဲ့ အသက် သဖွယ်ဖြစ်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နိုင်ငံသား အားလုံးနဲ့ အတူ ဒို့တပ်မတော်က လေးစား လိုက်နာ ရမှာဖြစ်သလို ကာကွယ် စောင့်ရှောက် သွားရမှာလည်း ဖြစ်တယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ) မှာ "တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။" လို့ အတိအကျ ဖော်ပြ တာဝန် ပေးအပ်ထားပြီး ဖြစ်တယ်။ ဒါကြောင့် ဒို့ တပ်မတော် အနေနဲ့ ခေတ်မီ ဖွံ့ဖြိုး တက်သော ဒီမိုကရေစီ နိုင်ငံတော် သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက တာဝန်တစ်ရပ် အနေနဲ့ ကာကွယ် စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို.

ဒို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့သော်လည်း နယ်ချဲ့တို့ရဲ့ သွေးခွဲ အုပ်ချုပ်မှု တွေကြောင့် တိုင်းရင်းသား အချင်းချင်း အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်လည်း မငြိမ်မသက် ဖြစ်ခဲ့ ရတယ်။ ပြည်တွင်း ပြည်ပ ထိုးနှက်ချက်တွေကြောင့် အာဏာရ ပါတီ၊ အစိုးရနဲ့ လွှတ်တော်များ အတွင်း အုပ်စုကွဲမှုတွေ ညီညွတ်မှု မရှိခဲ့တာတွေ ဖြစ်ခဲ့ရတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ဆောင် ရွက်ရမဲ့ အချိန်မှာ ပြသနာတွေ ဖြေရှင်းနေ ရတာ နဲ့ အချိန်ကုန် လူပင်ပန်းပြီး တိုင်းပြည် ဖွံ့ဖြိုး တိုး တက်မှုတွေ နောက် ကျ ခဲ့ရတာကို သင်ခန်းစာ ယူရမှာ ဖြစ်တယ်။ ယခု အချိန်မှာ မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နေတာကြောင့် ဒို့တတွေ အားလုံး နိုင်ငံတော်ကို ကမ္ဘာ့ အလယ်မှာ တင့်တယ်စွာ ရှိနေစေရေး အတွက် စိတ်ကောင်း စေတနာ ကောင်းနဲ. ညီညွတ်စွာ ဆောင်ရွက် ကြဖို.လိုတယ်။ နိုင်ငံတော် တစ်ရပ် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ခေတ် အဆက်ဆက် ကြိုးပမ်းခဲ့ ရာမှာ ထာဝရငြိမ်း ချမ်းရေး ရတဲ့အထိ အောင်မြင်မှု မရသေးတဲ့ အတွက် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်က အလေးထား ဆောင်ရွက် နေတယ်။ ပထမအဆင့် အနေဖြင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း နဲ့ ပြည်နယ်၊ တိုင်း ဒေသကြီး အဖွဲ့မှ ငြိမ်းချမ်းရေး ဆွေးနွေး မယ့်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခြင်း၊ ဒုတိယအဆင့်မှာ ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး မယ့် အဖွဲ့များနဲ့ တွေ့ဆုံ ဆွေးနွေး ခြင်း၊ နောက်ဆုံး အဆင့် မှာ ပြည်ထောင်စု လွှတ်တော် တွင် ထာဝရ ငြိမ်းချမ်းရေး အတွက် အပြီးသတ် ဆောင်ရွက်သွားရန် ဖြစ်တယ်။ ပြည်ထောင်စု အဆင့် သဘော တူညီချက်များ လက်မှတ်ရေးထိုးပြီးတဲ့ ဒေသတွေမှာ တပ်မတော်ဟာ သဘော တူညီချက်များ အတိုင်း တည်ငြိမ် အေးချမ်းရေး ကို ရှေးရှု ဆောင်ရွက်လျက် ရှိတယ်။ အခြေအနေပေးတဲ့ နေရာတွေ မှာလည်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို တစ်ဆက်တည်း အားသွန် ခွန်စိုက် ဆောင်ရွက် ပေးလျက် ရှိတယ်။ အသက် ခန္ဓာတွေကို စွန့်လွှတ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေကို ထမ်းဆောင် ကြရတဲ့ ဒို့တပ်မတော် ဟာ ထာဝရ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုပြီး လိုလားတယ်။ ဖြစ်နိုင်သမျှ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်နှင့် နိုင်ငံတော်နဲ့ အတူ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီကတစ်ဆင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက် သွားမှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုတယ်။


ရဲဘော်တို့

ဒီမိုကရေစီနိုင်ငံ အဖြစ် လျှောက်လှမ်းနေတာ တစ်နှစ်သက်တမ်း သာရှိသေးတဲ့ ဒို့နိုင်ငံဟာ မြင့်မား ခိုင်မာစွာ ရပ်တည်နိုင်ဖို့ အတွက် နိုင်ငံရေး စွမ်းအား၊ စီးပွားရေး စွမ်းအားနဲ့ ကာကွယ်ရေး စွမ်းအားတွေ မြင့်မား ခိုင်မာစွာ အချိတ် အဆက်မိမိ ဟန်ချက်ညီစွာ တိုးတက်နေဖို့ လိုအပ်တယ်။ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြတဲ့ ဒို့နိုင်ငံတော်မှာ နိုင်ငံရေး စွမ်းအားမြင့်မားရေး အခြေခံ လိုအပ်ချက်ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နဲ့ နိုင်ငံ အေးချမ်း တည်ငြိမ်မှု ရှိရေးပဲ ဖြစ်တယ်။ တည်ငြိမ် အေးချမ်းမှု ရှိလာ တာနဲ့ အမျှ အုပ်ချုပ်ရေးနဲ့ အစိုးရ ယန္တရား လည်ပတ်မှုတွေ ပီပြင်လာမယ်၊ တရား ဥပဒေ စိုးမိုးမှုနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ထဲ ကနေ နိုင်ငံရေး စွမ်းအား စုတွေ အားလုံး မှန်မှန် ကန်ကန် ပါဝင် ဆောင်ရွက် လာနိုင်မှာ ဖြစ်တယ်။ နိုင်ငံတကာ မျက်နှာစာ မှာ ၀င်ဆန့်မှုတွေ ပိုမို အားကောင်း လာပြီး ပြည်တွင်း ပြည်ပ နိုင်ငံရေး အနေ အထားတွေ မြင့်မား လာမှာပဲ ဖြစ်တယ်။

နိုင်ငံရေး တည်ငြိမ်ခိုင်မာ မှုဟာ စီးပွားရေး တိုးတက်မှု အတွက် တွန်းအား တစ်ရပ်ဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး နဲ့အတူ နိုင်ငံတော် နဲ့ ပြည်သူများ ရဲ့ စီးပွားရေး တိုးတက် မြင့်မားရေး ကို ဆောင် ရွက်နိုင်မှာ ဖြစ်တယ်။ နိုင်ငံတော်မှာ ရှိပြီးဖြစ်တဲ့ သဘာဝ သယံဇာတ များနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ကို အသုံးချပြီး လယ်ယာ စိုက်ပျိုးရေး၊ စက်မှုနဲ့ နည်းပညာ၊ ၀န်ဆောင်မှုနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေကို တိုးတက်အောင် ဆောင်ရွက်နိုင်ရင် နိုင်ငံတော်ရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီကနေ့ ၂၁ ရာစုမှာ ၁၉ ရာစုနှစ် တွေ ကလို နိုင်ငံ တစ်နိုင်ငံကို အခြားနိုင်ငံ တစ်နိုင်ငံက စစ်ရေး သက်သက်နဲ့ ကျူးကျော် သိမ်းပိုက်ပြီး ကျွန်ပြုတဲ့ ခေတ် မဟုတ်တော့ ဘဲ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ် အသီးသီးကနေ နည်းမျိုးစုံနဲ့ လွှမ်းမိုး ချုပ်ကိုင်တဲ့ နည်းတွေ ကျင့်သုံး ဆောင်ရွက် လာကြတယ်။ ဒီလို ပြောင်းလဲ လာတာတွေ ကြောင့် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်ခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ကောင်းစွာ ကာကွယ် စောင့်ရှာက်နိုင်ဖို့ ကာကွယ်ရေး စွမ်းအား မြင့်မား နေစေရေး အတွက် ဒို့ တပ်မတော်ဟာ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်။ အလားတူ စစ်ရေး မဟုတ်တဲ့ နည်းလမ်းတွေနဲ့ လွှမ်းမိုး ချုပ်ကိုင် လိုမှုများကို ကာကွယ် စောင့်ရှောက် နိုင်ရေး အတွက် အားလုံး အမြင် ကျယ်ပြန့်စွာ သိရှိ ဆင်ခြင် ဆောင်ရွက် သွားဖို့ လိုအပ်တယ်။

နိုင်ငံတော် ကာကွယ်ရေး စွမ်းအား မြင့်မား နေစေ ဖို့ ဒို့ တပ်မတော် အင်အား တောင့်တင်း ခိုင်မာရေး အတွက် နိုင်ငံတော်၊ တပ်မတော် နဲ့ နိုင်ငံသား အားလုံးက တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေး စွမ်းအား တောင့်တင်း ခိုင်မာစေဖို့ ခတ်မီ စစ်လက်နက် ပစ္စည်းတွေ ရရှိ ပိုင်ဆိုင်ရေး အတွက် တပ်မတော်ကလည်း သုသေသနပြု တီထွင်ထုတ်လုပ် ရမှာဖြစ်တယ်၊ မိမိတို့ ထပ်မံလိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍငွေ ရရှိမှုပေါ် မူတည်ပြီး ၀ယ်ယူ ဖြည့်တင်း ရမှာဖြစ်တယ်။ ဒေသတွင်း နိုင်ငံများ အပါ အ၀င် နိုင်ငံ အသီးသီးက ကာကွယ်ရေး စွမ်းပကားများ မြှင့်တင် ဆောင်ရွက်နေ တာကို မပြတ်လေ့လာပြီး မိမိတို့ ကလည်း နိုင်ငံတော် ကာကွယ်ရေး အတွက် ပြင်ဆင် ဖြည့်တင်း ဆောင်ရွက် သွားဖို့လိုတယ်။ တပ်မတော်ရဲ့ စွမ်းပကား၊ ပြည်သူ လူထုရဲ့ စွမ်းပကား များ ပူးပေါင်းပြီး နိုင်ငံတော် ကာကွယ်ရေး စွမ်းပကား မြင့်မား ခိုင်မာအောင် လုပ်ကြရမယ်။

စစ်သားကောင်းတို့ရဲ့ အရည်အချင်းဟာ စစ်စည်းကမ်း ကောင်းခြင်းနဲ့ အမိန့် နာခံခြင်း တို့ပဲဖြစ်တယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နေတဲ့ နေရာမှာ စည်းကမ်းနဲ့ စနစ် တကျ ရှိတဲ့ လမ်းကြောင်း ပေါ်မှာသာ သွား ရမှာဖြစ်တယ်။ ဒါကြောင့် ဒို့ တပ်မတော်သားတွေ အနေနဲ့ စစ်စည်းကမ်း၊ စစ်မြေပြင် စည်းကမ်း အပြင် နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းကမ်း များကို နိုင်ငံသား များနည်းတူ လေးစား လိုက်နာ ကြရမှာ ဖြစ်တယ်။ မည်သူမဆို မြို့၊ ရပ်ကွက်၊ ကျေးရွာမှာ နေရင် သက်ဆိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာ လုပ်ကိုင်နေထိုင်ရ သလို၊ တပ်မတော် အတွင်းမှာလည်း တပ်ပိုင်း ဆိုင်ရာ စည်းကမ်း များနဲ့ လိုက်နာ နေထိုင် လုပ်ကိုင် ကြရမှာ ဖြစ်တယ်၊ စစ်စည်းကမ်း ဟာ တပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင် ဖြစ်တာနဲ့ အညီ စစ်စည်းကမ်း ကောင်းမွန်တာနဲ့ အမျှ စိတ်ဓာတ်နဲ့ အမိန့်နာခံမှုပါ အလိုလို ကောင်းလာ တာ တွေ့ရတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင် ခိုင်မာစေဖို့အတွက် စစ်စည်းကမ်းကို အမြင့်မားဆုံး လိုက်နာ စောင့်ထိန်းတဲ့ တပ်မတော်၊ အမိန့်နာခံ မှုကောင်းတဲ့ တပ်မတော်အဖြစ် ခေတ် အဆက်ဆက် တပ်မတော် ခေါင်းဆောင်ကြီးတွေ တည်ဆောက်ခဲ့ကြတယ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကစလို့ ဒီကနေ့ အထိ နိုင်ငံတော်ရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ ခြင်း ဟာ ဒီလို အခြေခံကောင်းတွေ နဲ့ ပြည့်စုံခြင်း၊ တပ်မတော် အစဉ်အလာ (၁၂)ရပ် ပြည့်စုံခြင်းနဲ့ တပ်မတော်ရဲ့ အမျိုးသားနင်ငံရေးအသိ နိုးကြားမှု ရှိခြင်းတို့ ကြောင့်ဖြစ်တယ်၊ ဒါကြောင့် ရှေ့ ဆက်လက်ပြီး နိုင်ငံတော်ရဲ့ တာဝန်၊ အမျိုးသားရေး တာဝန်တွေကို ထူးချွန် ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ဖို့ အခြေခံ ကောင်းတွေ၊ အစဉ်လာ ကောင်းတွေကို ဆက်လက် သယ်ပိုး စောင့်ထိန်းသွားကြဖို့  မှာကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် နေကြတဲ့ ဒို့ တပ်မတော် သားတွေဟာ စစ်ရေးအမြင် သက်သက်နဲ့ ရည်မှန်းချက် တာဝန်တွေ အောင်မြင်မှာ မဟုတ်တဲ့ အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်(၄)ရပ်ပြည့်စုံနေအောင် ဖြည့်ဆည်းနေ ကြဖို့ လိုအပ်တယ်၊ နိုင်ငံ တကာမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကို မျက်ခြေမပြတ် လေ့လာပြီး ဒို့နိုင်ငံ ရဲ့ ပကတိ အခြေအနေနဲ့ အညီ ညီညွတ်စွာ ဦးတည် ချီတက် နေတဲ့ ဒီမိုကရေစီ လမ်းကြောင်း အတိုင်း လျှောက်လှမ်းနိုင်ရေး၊ နိုင်ငံတော် အချုပ် အခြာ အာဏာ ထိပါး မခံရရေး၊ ပြည်သူ၊ တပ်မတော်နဲ့ နိုင်ငံတော် အစိုးရ ပူးပေါင်းပြီး တရားဥပဒေနဲ့ အညီ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နိုင်မယ့် အခြေ အနေတွေကို မပြတ်လေ့လာနေဖို့ လိုအပ်တယ်။ နိုင်ငံတကာရဲ့ တိုးတက် ဖြစ်ပေါ်နေတဲ့ စီးပွားရေး အခြေ အနေများနဲ့ မိမိတို့နိုင်ငံမှာ ပြည်သူ့ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်နိုင်မယ့် စီးပွားရေး လုပ်ငန်းများ သိရှိနေအောင် လေ့လာနေကြဖို့ လိုအပ်တယ်။ နိုင်ငံတော် ရဲ့ စီးပွားရေး တိုးတက်စေဖို့ အတွက် စိုက်ပျိုးရေး ကဏ္ဍ၊ စက်မှုကဏ္ဍ နဲ့  ၀န်ဆောင်မှု ကဏ္ဍတွေ အချိုးကျကျ ပါဝင်နေဖို့ လိုအပ်တယ်။ ငွေကြေး ခိုင်မာမှုရှိဖို့ လည်း လိုအပ်တယ်။ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာ ဖူလုံစေဖို့ အတွက် စိုက်ပျိုးရေး ကဏ္ဍ ကို လက်လွှတ်လို့ မရသလို ခေတ်မီတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ စက်မှုနိုင်ငံအဖြစ် မဖြစ်မနေ သွားရမှာဖြစ်တဲ့ အတွက် စိုက်ပျိုးရေးကို အခြေခံပြီး ရရှိလာတဲ့ အရင်း အနှီးတွေနဲ့ စက်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ၀ိုင်းဝန်း ဆောင်ရွက် သွားကြရမယ်။ စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက် လာတာနဲ့ အမျှ ၀န်ဆောင်မှု ကဏ္ဍကိုလည်း တိုးတက်အောင် ဆောက်ရွက် သွားရမယ်။ လူနေမှုအဆင့် အတန်းမြင့်မားရေးနဲ့ အရင်း အနှီးဖွံ့ဖြိုး တိုးတက်ရေး အတွက် ကုန်သွယ်မှု၊ ရင်နှီး မြှုပ်နှံမှုနဲ့  ၀န်ဆောင်မှု လုပ်ငန်းတွေကို တိုးမြှင့် ဆောင်ရွက် သွားရမယ်။ ဒို့နိုင်ငံကို ခေတ်မီ စက်မှုနိုင်ငံ တစ်ခုဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ နိုင်ငံတော်ရဲ့ စီးပွားရေး ဦးတည်ချက်တွေ အတိုင်း တပ်မတော်က သက်ဆိုင်ရာ ကဏ္ဍမှ တစ်တပ် တစ်အား ပါဝင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ဒီကနေ့ နိုင်ငံတော်က ချီတက်နေတဲ့ ဒီမိုကရေစီ လမ်းကြောင်းမှာ အစိုးရရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို တပ်မတော်က မှန်မှန်ကန်ကန် ရပ်တည် ဆောင်ရွက်ပေး သွားမှာဖြစ် လို့ ပြောင်းလဲလာတဲ့ ခေတ် စနစ်နဲ့ အညီ ဆောင်ရွက်နေ တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှု ပုံစံတွေကို မျက်ခြေမပြတ် လေ့လာနေကြဖို့ လိုအပ်တယ်။ ဒို့နိုင်ငံဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံအဆင့်ကို ရောက်ရှိဖို့ တက်လှမ်းနေတဲ့ ဒေသတွင်း နိုင်ငံကြီး ၂ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ် နေရုံသာမက တောင် အာရှနိုင်ငံများနဲ့ အရှေ့တောင် အာရှနိုင်ငံများ ကို ပေါင်းကူးဆက် သွယ်ပေးထားတဲ့ နိုင်ငံတစ်ခု အဖြစ် တည်ရှိနေတာ ရဲဘော်တို့ အသိပဲဖြစ်တယ်။ ဒို့တပ်မတော်ဟာ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့အညီ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော်တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသလို မဟာဗျူဟာအရ အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့ ဒို့နိုင်ငံရဲ့ ပထ၀ီ အနေအထား ကို မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နိုင်ငံတော် ရဲ့ အချုပ်အခြာ အာဏာပိုင် မြေပြင်၊ ရေပြင်၊ ဝေဟင် ပိုင်နက်တို့ကို ကာကွယ်နိုင် ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်တွေနဲ့ ပြည့်စုံနေအောင် ကြိုးပမ်းနေကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့

မိမိတို့ တပ်မတော်မှာ တပ်ဆင်ထားတဲ့ ခေတ်မီ စစ်လက်နက် ပစ္စည်းတွေကို မှန်ကန် ထိရောက်စွာ အသုံးချနိုင်အောင်၊ ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ် တတ်အောင် လေ့ကျင့်နေ ကြရမှာဖြစ်တယ်။ ကိုယ့်နိုင်ငံ ရေမြေသဘာဝ အနေအထား၊ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ အညီ အံဝင်ဂွင်ကျဖြစ်မယ့် မှန်ကန်တဲ့ စစ်နည်းဗျူဟာ များကို ကျင့်သုံးနိုင်အောင်လည်း လေ့ကျင့်နေကြရမှာ ဖြစ်တယ်။ စစ်လက်နက် ပစ္စည်းတွေ၊ စစ်နည်း ဗျူဟာတွေကို ကျွမ်းကျင် ပိုင်နိုင်မှု ရှိအောင် လေ့ကျင့်ရမှာ ဖြစ်သလို လက်တွေ့ စစ်မြေပြင်မှာ ရန်သူကို ရင်ဆိုင် တိုက်ပွဲ ၀င်နိုင်အောင် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုတွေ ပြည့်စုံအောင် လည်း လေ့ကျင့်နေ ဖို့ လိုအပ်တယ်။ ဒီလို ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု၊ စစ်နည်း ဗျူဟာကောင်းမွန်မှု တွေနဲ့ ပြည့်စုံမှသာ စစ်မြေပြင်မှာ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်တယ်။

ဒို့တပ်မတော်ကို စတင် တည်ထောင်ကတည်းက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်းကြီး(၃) ရပ်နဲ့ စနစ်တကျ တည်ဆောက် ထားခဲ့တယ်။ ဒီလုပ်ငန်း ကြီးတွေမှာ သူ့စနစ်နဲ့ သူရှိပြီး၊ ကောင်းမွန် ပြည့်စုံပြီး ဖြစ်တာကြောင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်း ပင်နီယံကြီး(၃)ခု ကောင်းမွန်စွာ လည်ပတ်နေအောင် ဆောင်ရွက် ခြင်းဖြင့် တပ်မတော်ရဲ့ အုပ်ချုပ်ရေးကို ကောင်းမွန်းအောင် တည်ဆောက် သွားကြဖို့ မှာကြား လိုတယ်။

ရဲဘော်တို့

သက်သာ ချောင်ချိရေးမှာ နိုင်ငံတော် အစိုးရနဲ့ တာဝန်ရှိ သူများက ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းနဲ့ စစ်သည်များ ကိုယ်တိုင် သက်သာ ချောင်ချိမှုရှိအောင် ဆောင်ရွက် ခြင်းဆိုပြီး နှစ်ပိုင်းရှိရာမှာ နိုင်ငံတော် အစိုးရနဲ့ တာဝန် ရှိသူများ က လိုအပ်သည် များ ဆောင်ရွက် ပေးနိုင်သလောက် ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိသလို စစ်သည် မိသားစုများ ကိုယ်တိုင်ကလည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီး တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေး မြူရေးဆောင်ရွက်ခြင်း၊ ၀င်ငွေနှင့် ထွက်ငွေ မျှတအောင် စိစစ် သုံးစွဲခြင်းဖြင့် မိသားစု သက်သာချောင်ချိ မှုရှိအောင် ဆောင်ရွက် ရမှာဖြစ်တယ်။ တပ်မိသားစုများရဲ့ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေဟာ မိသားစု များရဲ့ အသုံးစရိတ် ချွေတာနိုင်ပြီး သင့်တင့် တဲ့ အထောက် အပံ့ ရရှိစေမှာ ဖြစ်သလို တပ်မတော် တစ်ရပ်လုံးရဲ့ စိုက်ပျိုးရေး ကဏ္ဍက ထွက်ကုန်များဟာ ဒေသ ထွက်ကုန်များ တိုးတက် မြင့်မားခြင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုကို အထိုက် အလျောက် ဖြစ်စေခြင်း စတဲ့ အကျိုးများ ရရှိတာကြောင့် တပ်မတော်ရဲ့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေကို တိုးတက်အောင် စေတနာထားပြီး ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ အလုပ် တာဝန်တွေကို ညီညွတ်မျှတစွာ မှန်မှန်ကန်ကန် ခွဲဝေပေးခြင်း၊ စစ်သည် များ တပ်နေပျော်ရေး ကို အလေးထား ဆောင်ရွက် ပေးခြင်း၊ သက်သာ ချောင်ချိရေးကို ညီညီ မျှမျှ ရှိအောင် အလေးထား ဆောင်ရွက်ပေးခြင်း စတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဆိုင်ရာ နှစ်မျိုးလုံး ကို ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်းဖြင့် စစ်သည်တွေရဲ့  စိတ်ဓာတ်ပိုင်း ဆိုင်ရာများ မြင့်မားလာမှာ ဖြစ်တယ်။ စစ်ပွဲ အောင်နိုင်ရေး မှာ စိတ်ဓာတ် မြင်းမားရေးဟာ အဓိက ကျတဲ့အတွက် တပ်မတော် တစ်ရပ်လုံးရဲ့ စိတ်ဓာတ် တိုးတက် မြင့်မား ခိုင်မာရေးကို အလေးထား လုပ်ဆောင်သွားကြဖို့  မှာကြားလိုတယ်။


ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့ မှာကြား လိုတာ ကတော့ နိုင်ငံတော်ကို ခေတ်သစ် စနစ်သစ်နဲ့ ချီတက်နေတဲ့ အချိန်မှာ ဒို့ တပ်မတော်အနေနဲ့ နိုင်ငံတော် တာဝန်များကို ထမ်းရွက် ကြရာမှာ (၆၇) နှစ်မြောက် တပ်မတော်နေ့  ဦးတည်ချက်များဖြစ်တဲ့-

(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေး၊ အချုပ်အခြာအာ ဏာတည် တံ့ ခိုင်မြဲရေး ဟူသော ဦးတည်ချက် များ ကို စွဲမြဲစွာခံယူစောင့်ထိန်းရေး။
(ခ) နိုင်ငံတော်၏ အမျိုးသားရေး နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး။
(င) ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရာတွင် တပ်မတော်၏ အဓိက တာဝန် ဖြစ်သော ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေး။
(ဃ) နီုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် တည်ဆောင်ရေး။

ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အညီ တာဝန် ထမ်းရွက် သွားကြဖို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။


Myanmar Express

1 comments:

ဝေဖန်တာလွယ်သလောက် တကယ်အလုပ်လုပ်ကြည့်တဲ့အခါမလွယ်တာကိုပညာရှိတွေကသိကျတယ်
အပြုသဘောမဆောင်ပဲ ဘေးထိုင်ဘုပြောပြီး ဝေဖန်နေတဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ ကိုယ်သူတို့နေရာရောက်ရင်သူတို့လိုလုပ်နိုင်ပါ့မလား စဉ်းစားပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်