Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရန် ပြင်ပလေ့လာသူ ၉၀ ကျော် ဖိတ်ကြား

From :ခေတ်လူငယ်

ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာစောင့်ကြည့်သူများ စိတ်ဝင်တစား အကဲဖြတ်လေ့လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူ ၉၀ ကျော်ခန့် ဖိတ်ကြားထားကြောင်း အဆိုပါ ဖိတ်ခေါ်မှုကို တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး သံတမန်ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ကျွန်တော်တို့ တစ်နိုင်ငံကို လေ့လာသူတစ်ဦးနဲ့ အဲဒီနိုင်ငံက သတင်းဌာန သုံးခုကို ဖိတ်ထားတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ အဆိုပါ လေ့လာစောင့်ကြည့်သူများကို မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ သံရုံးများနှင့် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွင့်လှစ်ထားရှိသော မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ရှိသည့် နိုင်ငံများမှ သံရုံးများကို ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရန် ဖိတ်ကြားထားကြောင်း ၄င်းကဆက်လက်ပြောကြားသည်။ အဆိုပါ လေ့လာစောင့်ကြည့်သူများကို အဖွဲ့ဖွဲ့စည်းပေးပြီး ၄င်းတို့လေ့လာချင်သည့် မဲဆန္ဒနယ်မြေများသို့ လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် ၄၈ နေရာအားလုံးကို လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ ASEAN အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကိုလည်း ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် မြန်မာအစိုးရက ဖိတ်ကြားထားပြီးဖြစ်ကြောင်း၊ အာဆီယံအဖွဲ့က ထုတ်ပြန်ထားသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ တစ်နိုင်ငံလျှင် ကိုယ်စားလှယ်နှစ်ဦးနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်ငါးဦးခန့် လာရောက်ရန် အစိုးရက ဖိတ်ခေါ်ထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကတိပေးပြောကြားခဲ့ပြီး နိုင်ငံတကာ လေ့လာသူများကို ခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်