Subscribe to our RSS Feed

အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာအပါအ၀င် ဆန်တင်ပို့ထုတ်လုပ်သူများအသင်း ဖွဲ့စည်းမည်

From : 7day


မြန်မာနိုင်ငံအပါအ၀င် အာဆီယံ ဆန်တင်ပို့ထုတ်လုပ်သူများအသင်းကို မကြာမီကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။

“သမ္မတကြီးက ကမ္ဘောဒီးယားမှာလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူမယ်။ ပုဂ္ဂလိကကဏ္ဍကလည်း သဘောတူတယ်” ဟု ဦးချစ်ခိုင်က ဆိုသည်။

အာဆီယံနိုင်ငံ ဆန်တင်ပို့ ထုတ်လုပ်သူများ အသင်းတွင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့်က ပြောသည်။ အသင်းဝင်အဖြစ်ပါဝင်ရန် ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပညာရှင်များပါဝင်သော အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ တင်ပြမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

အဆိုပါအသင်းတွင် အသင်းဝင်ဖြစ်ပါက မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချနေသူများအတွက် ဈေးကွက်အာမခံချက်ရရှိလာမှာဖြစ်ကြောင်း အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ပြောကြားသည်။ အာဆီယံနိုင်ငံများ ဆန်တင်ပို့ထုတ်လုပ်သူများ အသင်း ဖွဲ့စည်းရန် ထိုင်းနိုင်ငံက စတင်ကြိုးပမ်းနေပြီး ၂၀၁၂ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ညှိနှိုင်းခဲ့သည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်