အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပြီးသူ သုံးသန်းနှင့်သုံးသိန်းရှိကြောင်း ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် NLD မှ ထုတ်ပြန်ကြေညာခဲ့ရာ လူထုကြားတွင် ဝေဖန်မှုများ ပြင်းထန်လာခဲ့သည်။ NLD ဗဟိုမှ ကြေညာချက်အရ ရက်ပေါင်း ၃၃ ရက်အတွင်း လက်မှတ်ပေါင်း ၃၃ သိန်း၊ တစ်ရက်လျှင် ပျမ်းမျှ လက်မှတ် တစ်သိန်း ရရှိနေသည် ဆိုခြင်းမှာ လူထုမှ ယုံကြည်ရန် ခက်ခဲနေကြရသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဟောပြောသည့် မြို့များတွင်ပင် တစ်ရက်တည်း လက်မှတ် ၁ သိန်းမရရှိခဲ့ပေ။ သို့ဖြစ်၍ NLD ၏ ကြေညာချက်မှာ မဟုတ်မမှန် လုပ်ကြံထားခြင်း သိသာနေသည်။
ရက်ပေါင်း ၃၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်၊ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ရန်ကုန်၊ မန္တလေး၊ မအူပင် နှင့် တောင်ငူမြို့များတွင်သာ သွားရောက်ဟောပြောခဲ့ရာ အချို့မြို့များတွင် တက်ရောက်သူ ထောင်ဂဏန်းသာရှိပြီး အချို့မြို့များတွင် ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ ရသည်။ ဒေါ်အောင်ဆန်း စုကြည်မပါပဲ ၈၈ ဦးဆောင်သည့် ဆွေးနွေးပွဲများတွင်လည်း တက်ရောက်သူ နှစ်ထောင်ထက် မပိုခဲ့။ ပရိတ်သက်များခဲ့သည့် မန္တလေးတွင်လည်း ၁၈ နှစ်အောက် ကလေးများ ဖြစ်နေသဖြင့် လက်မှတ်မထိုးပဲ စာရေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောခဲ့ရသေးသည်။ ဤအခြေအနေမျိုးတွင် တစ်ရက်လျှင် လက်မှတ် တစ်သိန်းရရှိသည်ဟု NLD ကြေညာခြင်းမှာ ဟာသဟု ပြောရမလို၊ ပြောင်လိမ်သည်ဟု မှတ်ချက်ပေးရမလို ဖြစ်နေသည်။
လူ တစ်သိန်းမပြောနှင့် လူ အယောက် ၁၀၀၀ လောက် တန်းစီပြီး လက်မှတ်ထိုးနေသည့်ဓာတ်ပုံ တစ်ပုံပင်လျှင် မြောက်များလှသော NLD အားပေး စာမျက်နှာများတွင် မတွေ့ရဖူးပေ။ ရွာလုံးကျွတ် လက်မှတ်ထိုးကြောင်း အထောက်အထားပြနိုင်သည့် မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်ပင်လျှင် ၂ နှစ်အတွင်း လက်မှတ် ၆ သန်းကျော်သာ ရရှိခဲ့ရာ NLD ၏ကြေငြာချက်မှာ လုပ်ကြံ သတင်းဖြန့်သလိုဖြစ်နေသည်။
ဒါ့အပြင် ၃၃ ရက်အတွင်း ရရှိပြီး လက်မှတ်များတွင်လည်း အရှုပ်အရှင်း ပြဿနာအချို့ရှိနေသည်။ နေပြည်တော် ကျည်တောင်ကန်တွင် လက်မှတ် လိမ်လည်ကောက်ခံသဖြင့် တိုင်ကြားခံထားရသည်။ မန္တလေးတွင်လည်း ဆရာတော်များကို ဆွမ်းလောင်းရန်ဖိတ်ပြီး လက်မှတ်ထိုးခိုင်းသည်ဟု ဆိုသည်။ NLD ရုံးအချို့တွင် နိုင်ငံခြားတွင် အိမ်ဖော်မလုပ်ရဖို့ ၄၃၆ လက်မှတ်ထိုးခိုင်းသည့် ဆိုင်းဘုတ်များချိတ်ဆွဲကာ ပြည်သူကို ထင်ယောင်ထင်မှားဖြစ်ပြီး လက်မှတ် များများ ရအောင် ကောက်ခံနေသည်။ ဂန့်ဂေါခရိုင် ကျောက်စစ်ကျေးရွာတွင် (၄၃၆) ပြင်ဆင်ရေး လက်မှတ်မထိုးသူအား ကျေးရွာသာရေး နာရေး လူမှုရေးမှ ကျင်ပစ်မည်ဖြစ်ကြောင်း၊ NLDပါတီ ခေါင်းဆောင် ဦးစစ်ဝင်းမှ ခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းကြောင်း တိုင်ကြားခံထားရသည်။ မန္တလေးတွင် ရဲတပ်သား တစ်ဦးမှ သူ့နာမည်၊ ကွယ်လွန်သွားသည့် သူ့အဖေနာမည်၏ မှတ်ပုံတင် နံပတ်ကိုသုံးကာ လက်မှတ်အတုထိုးသွားကြောင်း သိရသဖြင့် ပြန်လည်စစ်ဆေးခွင့် တောင်းရာ NLD မှ စစ်ဆေးခွင့်မပေးခဲ့ပေ။ သို့ဖြစ်၍ NLD ပြောသည့်လက်မှတ် ၃ သိန်းတွင် သေဆုံးသူများ၊ ၁၈ နှစ်အောက်ကလေးများ၊ လက်မှတ် ၂ ကြိမ် ၃ ကြိမ် ထိုးသူများ နှင့် အမှန်တကယ် လက်မှတ်မထိုးသူများ ပါ/မပါ ကို NLD မှ လုံးဝ ချပြရဲခြင်းမရှိပေ။
မည်သို့ပင် ဖြစ်စေ ဇူလိုင် ၁၉ ရက် မတိုင်ခင် လက်မှတ် ၁၆ သန်း မရရအောင် ကောက်ရ မည်ဟု ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်မှ ညွန်ကြားထားသဖြင့် NLD ပါတီဝင်များ လော် စပီကာများဖြင့် ပြည်သူများကို အတင်းအကြပ် လိုက်အော်သူအော်၊ လမ်းပေါ်တွင် ယဉ်မောင်းများကို ကားအတွင်းအထိ လက်မှတ် ကောက်သူ ကောက်နှင့် ပါတီဝင်တွေလည်း အကြပ်ရိုက်၊ ပြည်သူတွေလည်း အနှောက်ယှက် ဖြစ်နေကြရသည်။ သို့သော် ဇူလိုင် ၁၉ ရောက်လျှင်တော့ ၁၆ သန်းရသည်ဟု NLD က မဖြစ်မနေ ကြေညာမည်မှာ ကျိန်းသေဖြစ်သည်။
၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုတွင် အခြေခံဥပဒေ ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖတ်ရှုထားသည့် လွှတ်တော် အမတ်များပင်လျှင် လက်မှတ်ထိုးခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှလည်း ပုဒ်မ ၄၃၆ ကို ပြည်သူများ မသိကြသေးကြောင်းနဲ့ ပြည်သူ ၉၀% ကျော်က အခြေခံဥပဒေ မဖတ်ဖူးသူများ ဖြစ်ကြောင်း မအူပင်တွင် ပြောဆိုခဲ့ရာ ယခု NLD ရရှိထားသည့် လက်မှတ်များမှာ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို အမှန်တကယ် နားလည်ပြီး တိုင်းပြည်အတွက် ရှေးရှုကာ ပြင်ဆင်လိုသည့် လက်မှတ်များ ဟုတ်/မဟုတ် ဆိုသည်မှာ သံသယ ဝင်စရာဖြစ်သည်။ အသေအချာမသိသူများ၏ လက်မှတ်များ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး အသုံးချကာ မိမိပါတီ အာဏာရရေး၊ မိမိသမ္မတဖြစ်ရေး အသုံးချမည့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်မှာ လွန်စွာ ရှက်စရာကောင်းလှသဖြင့် လူထုယုံကြည်မှု မကျဆင်းစေရန် သတိပြုသင့်ပေသည်။
.. www.MyanmarExpress.net
6 comments:
သုံးစားမရတဲ့လက်မှတ်တွေ။ အကုန်လုံးက ဘုမသိဘမသိ ဗိုလ်ချုပ်မျက်နှာနဲ့ ထိုးထားတဲ့ လက်မှတ်တွေ။ သုံးသန်းကျော်တာ လာပြောမနေနဲ့ လူဦးရေ သန်း၆၀ကျော်ရှိတာ မေ့နေပြီလား။
၁၆သန်းမလုပ်ပါနဲ့။ တနိုင်ငံလုံးပခက်ထဲကအူဝဲပါမကျန် ကလေးလူကြီးအကုန်လူသန်းပေါင်း၅၀ကျော်အားလုံးထိုးကြတယ်လို့သာဖောလိုက်ပါတော့လား ။ ဆောက်ရူးလူလိမ်တွေရယ်။ ဗြဲ
အဖွဲ့ဝင်တွေက သိပ်ပြီးအလုပ်ကြိုးစားတာ။ ပြည်သူတွေ ပြန်သွားလဲ လက်မှတ်တွေ ဆက်ထိုးနေရတော့ နေ့တိုင်း အချိန်ပို လုပ်ခ ရနေကြတယ်။
It reminds me of a Play by William Shakespeare "Much Ado about Nothing".
မယုံချင်သူကို ယုံအောင်ပြော။ အပြောကောင်းလွန်းတော့မျက်စိလည်။ ခွိခွိ
မရ ရတဲ့ နည်း နဲ့  ယူထားတဲ့ လက်မှတ် ၄ သန်း ဖြစ်လည်း
တရားမ၀င်ပါဘူး ။ လွှတ်တော်ထဲမှာ NLD အင်အား ၁၀ % ပဲရှိတော့  ကြံရာမရ ပုတ်သင်ညိုဖုတ်စားတဲ့ မုဆိုးကျော် ဒွတ်ပီ ဖြစ်တာပေါ့ ။ လူထုခေါင်းဆောင်စစ်စစ်ဆိုရင် BIDING
ချည်နှောင်ထားတဲ့ လက်မှတ်တွေမလိုပါဘူး ။ ၂၀၁၅ ပွဲမှာ
မိကျောင်းမှန် ဆန်လိမ့် မယ် ။ သတ္တိဆိုတာ အဲဒါကိုပြောတာ ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်