Subscribe to our RSS Feed

တက္ကသိုလ်၊ ကောလိပ်များ ပညာသင်နှစ် တစ်နှစ်တိုးရန် အတည်ပြု

From : ခေတ်လူငယ်

ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ၏ ဘွဲ့ကြိုသင်တန်း ပညာသင်နှစ်များကို တစ်နှစ်စီ တိုးမြှင့်သင်ကြားရန် တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီမှ အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ လာမည့် ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်များ၏ ပညာသင်နှစ်ကို တိုးမြှင့်ရန် အတည်ပြုလုပ်ခြင်းဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်အသီးသီးရှိ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီ အစည်းအဝေး တက်ရောက်ခဲ့သော ပါမောက္ခချုပ်တစ်ဦးက ပြောကြားသည်။ “တက္ကသိုလ် ပညာသင်နှစ်တွေ တစ်နှစ်စီတိုးဖို့ အတည်ပြုလိုက်တယ်။ သက်ဆိုင်ရာ တက္ကသိုလ်တွေအလိုက် သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ရေးဆွဲနေကြတယ်။ လာမယ့်နှစ်ကစပြီး တစ်နှစ်စီ တိုးမှာပါ” ဟု ၎င်းက ပြောသည်။ တက္ကသိုလ် ပညာသင်နှစ်များကို လွန်ခဲ့သော ဆယ်နှစ်ကျော်မှ စတင်၍ တစ်နှစ်စီ လျှော့ချခဲ့ပြီးနောက် ယခုအခါ ပညာသင်နှစ်များ ပြန်လည်တိုးမြှင့်ရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။ တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ဘွဲ့ကြိုသင်တန်းများတွင် ပညာသင်နှစ်တစ်နှစ် တိုးမြှင့်သင်ကြားရေးအတွက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို တင်သွင်းကြမည်ဖြစ်ရာ နိုင်ငံတော်ရှိ တက္ကသိုလ်အသီးသီး၌ ကမ္ဘာ့အဆင့်မီ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများဖြင့် သင်ကြားရမည်ဖြစ်သဖြင့် နိုင်ငံတော်၏ အမျိုးသား ပညာရည်မြင့်မားမှုအတွက် အားတက်ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိပညာသင်နှစ်မှစတင်၍ ကွန်ပျူတာတက္ကသိုလ်များ၏ ပညာသင်နှစ်ကို သုံးနှစ်မှ လေးနှစ်သို့ တိုးမြှင့်ထားခဲ့ပြီးဖြစ်ကာ အခြားတက္ကသိုလ်၊ ကောလိပ်များတွင် လာမည့် ပညာသင်နှစ်မှစ၍ ဘွဲ့ကြိုသင်တန်း တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ဘွဲ့ဒီဂရီရရှိရန် တစ်နှစ်ပိုမိုကြာမြင့်၍ ပညာသင်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။


Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်