Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg အား လက်ခံတွေ့ဆုံ

From : သမ္မတရုံး


နေပြည်တော် နိုဝင်ဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg အား ယနေ့ ည ၇ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဒေါက်တာမြအေး၊ ဒေါက်တာကံဇော၊် ဒေါက်တာကိုကိုဦးနှင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ကြပြီး နော်ဝေနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာ နဝန်ကြီး H.E. Mr. Espen Barth Eide၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Mr. Katja Nordgaard နှင့် အဆငြ့်မင့် အရာရှိကြီး များလည်း တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက ပြောကြားရာတွင် မိမိတို့ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှုသာမက ကဏ္ဍစုံလည်းပူးပေါင်း ဆောင်ရွက်မှုများ ရှိပါကြောင်း၊ ယခုခရီးစဉ်သည် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားဖြည့်ပေးမည့် ခရီးစဉ်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ဧည့်သည်တော် ဝန်ကြီးချုပ်က ပြောကြားရာတွင် မြန်မာနိုင်ငံ၌ နော်ဝေနိုင်ငံသံရုံး ဖွင့်လှစ်ခြင်းသည် မြန်မာနှင့် နော်ဝေဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှုကို သက်သေပြလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို တစ်ကမ္ဘာလုံးမှ ချီးကျူးလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံကြားကုန်သွယ်မှုနှင့် စီးပွားရေးကဏ္ဍကို ယခုထက်ပိုမိုတိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း၊ အခွင့်အလမ်းများလည်း များစွာရှိပါကြောင်း၊ စွမ်းအင်၊ ရေအားလျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ငါးလုပ်ငန်းနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ နောက်ဆက်တွဲဖြစ်သည့် မိုင်းရှင်းလင်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေးကိစ္စများတွင် ကူညီမှုများရရှိနိုင်ရေးအတွက် နော်ဝေနိုင်ငံသံအမတ်ကြီးက ဦးဆောင်၍ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီကျင့်သုံးသည့် အစိုးရပေါ်ပေါက်လာသည်မှာ (၁)နှစ်နှင့် (၇)လသာရှိပါသေးကြောင်း၊ ရခိုင်ဒေသတွင် ဖြစ်ပွားသည့် လူ့အဖွဲ့အစည်းနှစ်ခု ပြဿနာမျိုးကဲ့သို့ မမျှော်လင့်သည့်အခက်အခဲနှင့် စိန်ခေါ်မှုများကိုလည်း ကြိုးစားရင်ဆိုင် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံရေး ပြောင်းလဲရာတွင် နိုင်ငံရေးအဖွဲ့အစည်းများ အားလုံးပါဝင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ လွန်ခဲ့သော နှစ် (၂ဝ) ခန့်က ဆန့်ကျင်နေသူများပင်လျှင် ယခုအခါ လုပ်ဖော်ကိုင်ဖက်များ ဖြစ်နေကြပြီ ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် ကမ္ဘာပေါ်တွင်အရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခကိုလည်း အခက်အခဲများကြားမှ ဖြေရှင်းဆောင်ရွက်နေပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့ ရှိသည့်အနက် ၁ဝ ဖွဲ့နှင့် စေ့စပ်ဆွေးနွေးအောင်မြင်ခဲ့ပြီး ကျန်တစ်ဖွဲ့နှင့်လည်း ထိတွေ့ဆက်ဆံမှု ဆောင်ရွက်နေပြီဖြစ်၍ မကြာမီ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရမည်ဟု မျှော်လင့်ပါကြောင်း။

နိုင်ငံရေး ပြုပြင်ပြောင်းလဲရာတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် တစ်ချိန်တည်း ဆက်စပ်ဆောင်ရွက်ရပါကြောင်း၊ နှစ် (၂ဝ)ကျော် ပိတ်ဆို့မှုခံခဲ့ရသဖြင့် အရင်းအနှီးနှင့် အသိပညာ၊ လူသားအရင်းအမြစ် နည်းပါးခဲ့ရပါကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများကို ပထမဦးဆုံး စတင်ဖြေလျော့ပေးခဲ့သည်မှာ နော်ဝေနိုင်ငံဖြစ်၍ ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်မှုမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်အောင် ဖြေလျော့ပေးပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ သဘာဝအရင်းအမြစ်များစွာကို တန်ဖိုးရှိ ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နှစ်နိုင်ငံအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ မိမိတို့အရေးကြီးလိုအပ်နေသည်မှာ နိုင်ငံသူ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးပင်ဖြစ်ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း အများအပြားပေးနိုင်သော စက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာရန် လိုလားပါကြောင်း၊ သဘာဝဓာတ်ငွေ့၊ သစ်တော၊ ရော်ဘာ၊ စားသောက်ကုန်နှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက် လိုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် ဝန်ကြီးချုပ်က နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးတိုးမြှင့်ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ နော်ဝေကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အားပေးဆောင်ရွက်လျက်ရှိပြီး စီးပွားရေးပိတ်ဆို့မှုများလည်း ဖြေလျော့ပေးပြီး ဖြစ်ပါကြောင်း၊ တယ်လီကွန်မြူနီကေးရှင်း၊ ရေနံနှင့်သဘာဝဓာတ်ငွှေ့၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာထုတ်လုပ်ရေး စသည့်ကဏ္ဍများ၌ နာမည်ကျော်ကြားသော နော်ဝေကုမ္ပဏီအများအပြား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရှိပါကြောင်း၊ နော်ဝေနိုင်ငံသည်လည်း လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကျော်က ဆင်းရဲသောနိုင်ငံဖြစ်ခဲ့ရာမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြားဖိတ်ခေါ်နိုင်ခဲ့၍ ချမ်းသာလာခြင်း ဖြစ်ပါကြောင်း။

နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် ကူညီနိုင်ခဲ့၍ ဝမ်းမြောက်ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိခြင်းကို များစွာကြိုဆိုပါကြောင်း၊ ရခိုင်ဒေသတွင်ဖြစ်ပွားသည့် ပဋိပက္ခများတွင် အစိုးရမှ အကြမ်းဖက်မှုများချုပ်ငြိမ်းရန် ကြိုးပမ်းအားထုတ်မှုများနှင့် ပဋိပက္ခများအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုကို ကြိုဆိုပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အပြည့်အဝ ဆက်လက်ကူညီသွားမည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး၊ ကလေးသူငယ်များကိစ္စနှင့် အမျိုးသားအမျိုးသမီးတန်းတူရှိရေး ကဏ္ဍများတွင် အပြည့်အဝ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက နော်ဝေနိုင်ငံအနေဖြင့် အဆင်းရဲဆုံးမှ အချမ်းသာဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများကို မျှဝေပေးသည့်အတွက် များစွာကျေးဇူးတင်ပါကြောင်း ၊ လက်ရှိအခြေအနေ၌ နော်ဝေနိုင်ငံသည် လူသားချင်းစာနာ ထောက်ထားမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍများတွင် အကူအညီများစွာ ပေးသောနိုင်ငံဖြစ်၍ ကျေးဇူးတင်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍများကိုလည်း အကူအညီပေးစေ လိုပါကြောင်း ဖြင့်ပြောကြားသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်