မြန်မာနိုင်ငံတွင် ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး နောက်တစ်နေ့တွင် နော်ဝေကုမ္ပဏီများကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း နော်ဝေအစိုးရ တာဝန်ရှိသူများက ဇန်န၀ါရီလ ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ နော်ဝေကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store က ပြောကြားခဲ့သည်။ မြန်မာအစိုးရက ဇန်န၀ါရီလ ၁၃ ရက်တွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမှု အပါအ၀င် မကြာသေးမီက လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှု အချို့ကြောင့် အဆိုပါကန့်သတ်ချက်ကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း နော်ဝေအစိုးရ တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။ သို့သော် စိန်နှင့် သစ်ကုန်သွယ်မှု ပိတ်ပင်ထားမှု အပါအ၀င် ဥရောပသမဂ္ဂ၏ လတ်တလော ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများမှာမူ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store က NRK သတင်းဌာနသို့ ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုအချို့ကြောင့် နော်ဝေကုမ္ပဏီများ အနေဖြင့် ဥရောပသမဂ္ဂ၏ မူဘောင်ထဲမှနေ၍ မြန်မာတွင် စီးပွားရေး လုပ်ကိုင်မည်ဆိုပါက သင့်တော်သော ရွေးချယ်မှုဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခြင်းသည် မြန်မာအရပ်ဘက် အစိုးရအပေါ် မိမိတို့ကယုံကြည်မှု ရှိလာစေရန်အတွက် အရေးကြီးကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နော်ဝေနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ မကြာမီလာရောက်ရန် စီစဉ်ထားကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်