Subscribe to our RSS Feed

ဒီမိုကရေစီအင်အားစု ပါတီငယ်များ အကျပ်အတည်း တွေ့နေကြရတဲ့ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ


From : Myanmar Times

ကြားဖြတ် ရွေးကောက်ပွဲတွင် အင်အားကြီး ပါတီကြီးများနှင့် ယှဉ်ပြိုင်ကြရမည့် နိုင်ငံ ရေးပါတီငယ်များသည် ယခင် ရွေးကောက်ပွဲကထက် စိန်ခေါ်မှုပိုမိုများ ပြားလာကြောင်း ပါတီခေါင်းဆောင် များက မြန်မာတိုင်း(မ်)ကို ပြောသည်။

လစ်လပ်နေသော မြန်မာတစ်နိုင်ငံ လုံးရှိ ၄၈ နေရာစလုံးတွင် ၀င်ရောက် ယှဉ် ပြိုင်ကြမည့် အင်အားကြီးပါတီများ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့နှင့် တွေ့ဆုံကြရမည့် မဲဆန္ဒနယ် များတွင် အဆိုပါ ပါတီငယ်များမှ ကိုယ်စားလှယ်လောင်းများအဖို့ စိန်ခေါ် မှုများစွာ ကြုံတွေ့နေကြရကြောင်း ၎င်းတို့က ပြောသည်။

လက်ရှိရွေးကောက်ပွဲသို့ ၀င်ရောက် ကြမည့် ပါတီငယ်အများစုမှာ ၄၈ နေရာ စလုံးတွင် မ၀င်ပြိုင်နိုင်ဘဲ အများစုမှာ မိမိတို့ အမာခံမဲဆန္ဒရှင်များရှိသည်ဟု ယူဆရသော အချို့မြို့နယ်များတွင်သာ ၀င်ရောက်ကြမည် ဖြစ်သည်။

ဒီမိုကရေစီအင်အားစုပါတီငယ်များ မှာ မိမိတို့တတ်နိုင်သည့် မဲဆွယ်စည်းရုံး မှုများကို မတ်လဆန်းမှ စတင်ပြုလုပ် နေကြပြီဖြစ်ပြီး ယင်းတို့အတွက်စိန်ခေါ် မှုများကိုလည်း သိသာစွာ မြင်တွေ့ လာကြရပြီဖြစ်သည်။

ယခင်၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲကာလက ရွေးကောက်ပွဲဝင်ရန် ကနဦး ဆုံးဖြတ်ချက်ချခဲ့သည့် ပါတီငယ်များ မှာ ယခုအခါတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာမက ယခုနှစ် မှ ရွေးကောက်ပွဲဝင်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ထိပ်တိုက် တွေ့ရမည်ဖြစ်သဖြင့် ပါတီ ကိုယ်စား လှယ်များအတွက် ရင်ဆိုင်ရမည့်အချက် များ လွန်စွာများပြားကြောင်း ယင်းပါတီ ခေါင်းဆောင်များက ပြောသည်။

ထိုပါတီများကဲ့သို့ ယခင်ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အသွင်ပြောင်းဖွဲ့စည်း ထားသည့် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ အတွက်လည်း စိန်ခေါ် မှုများ ရှိနေသည်။ အင်အားကြီးနှစ်ပါတီနောက်တွင် တတိယ နိုင်ငံရေးပါတီဖြစ်သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီသည် တစ်နိုင်ငံလုံးတွင် ၂၃ နေရာ ၌ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီ၏တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင် မောင်ကြီးက ပြောသည်။

တတိယအင်အားအကြီးဆုံးပါတီ အဖြစ်ပါဝင်မည့် တစညပါတီ၏ ကိုယ်စားလှယ်လောင်း အင်အားမှာ ၂၃ နေရာဖြစ်သော်လည်း ပါတီကကိုယ်စား လှယ်လောင်းများအတွက် ယခုကြား ဖြတ်ရွေးကောက်ပွဲ၌ အသုံးစရိတ်ကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းခန့်သာ သုံးစွဲမည် ဖြစ်သည်။

"ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သုံးသပ်မှု အရ နေရာတိုင်းမှာ ပြိုင်ဖို့ မဖြစ်ဘဲ ၂၃ နေရာမှာပဲ ပြိုင်ဖြစ်မယ်။ အဓိကက ထောက်ခံသူတွေဟာ စိတ်ပျက်သွား လား၊ ထောက်ခံလာလားဆိုတာ သိချင် လို့ ယှဉ်ပြိုင်တာသာ ဖြစ်ပါတယ်" ဟု ဦးခင်မောင်ကြီးက ပြီးခဲ့သည့် ဖေဖော် ၀ါရီလဆန်းပိုင်းက ပြောခဲ့သည်။

တစညနှင့် ထိပ်တိုက်တွေ့နိုင်သည့် အင်အားကြီး ပါတီနှစ်ခုစလုံးကို ပြိုင်ဘက်အဖြစ်သာ သဘောထား ကြောင်း၊ မည်သည့်ပါတီကိုမျှ ပိုပြီး ယှဉ်ပြိုင်ရမည်ဟု သဘောမထား ကြောင်း ပါတီ၏သဘောထားကို ပြော ဆိုခဲ့သည်။

တစညပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလက ကိုယ်စား လှယ်ပေါင်း ၉၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ၆၁ နေရာတွင် သာ အောင်မြင်မှု ရရှိခဲ့သည်။

ယခုတစ်ခေါက် ကြားဖြတ်ရွေး ကောက်ပွဲသည် ပြည်သူ့ဆန္ဒပိုမိုပေါ် လွင်လာမည်ဟု ဦးခင်မောင်ကြီးက ဟောကိန်းထုတ်ထားသည်။

"ကျွန်တော်တို့ပါတီကတော့ ပါတီ အားလုံးကို ညီညွတ်မျှတအောင် ပြိုင်မယ်။ ပြည်သူ့ဆန္ဒကိုပဲ ကြည့်ပါမယ်"ဟု ဦးခင်မောင်ကြီးက ပြောသည်။

၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲကာလ က ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက် ကြောင့် အများဝေဖန်မှုများ ရရှိခဲ့ဖူး သည့် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ၊ ပါတီဒုတိယခေါင်းဆောင်ဦးခင် မောင်ဆွေက တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁၃ နေရာဝင်ပြိုင်မည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးတွင် သုံးနေရာသာ ၀င်ပြိုင်မည်ဖြစ်ကြောင်း ပြောသည်။

ပါတီက ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် နေရာများမှာ မန္တလေးတိုင်းဒေသကြီးတွင် နှစ်ဦး၊ ကချင်ပြည်နယ်တွင် နှစ်ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင် နှစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် သုံးဦးနှင့် မကွေးတိုင်း တွင် တစ်ဦးဝင်မည်ဖြစ်သည်။

"မဲဆန္ဒနယ်အားလုံးမှာတော့ ပြည်ခိုင် ဖြိုးနဲ့ကော အင်န်အယ်လ်ဒီနဲ့ကော တွေ့ ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီက ဆင်းရဲပါတယ်။ ကိုယ်စားလှယ်လောင်း တွေက ကိုယ့်စရိတ် ကိုယ်စိုက်ထုတ်ပြီး မဲဆွယ်ကြပါတယ်" ဟု ဦးခင်မောင်ဆွေ က ပြောသည်။

သူက ဆက်လက်ပြောသည်မှာ ပါတီအတွက် အဓိကရင်ဆိုင်နေရ သည့် ပြဿနာရပ်များမှာ ငွေကြေး အခက်အခဲနှင့် ပါတီကို စွပ်စွဲပုတ်ခတ် ပြောဆိုခံနေရခြင်းများ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

မည်သည့် အဖွဲ့အစည်းက ပုတ်ခတ်ပြောဆိုသည် ကိုမူ ၎င်းက ပြောဆိုခဲ့ခြင်း မရှိချေ။ "အခုဆို ကျွန်တော်တို့ပါတီကို ပြည် သူက ယုံစားမှု လျော့နည်းသွားအောင် ဝေဖန်ပြောဆိုတာလည်း ခံရပါတယ်" ဟု ဦးခင်မောင်ဆွေက ပြောသည်။

ထို့ပြင် ၎င်းက ထပ်မံပြောဆိုသည်မှာ ရွေးကောက်ပွဲ ပြုလုပ်သည့် ဧပြီလ ၁ ရက်နေ့တွင် ဆက်လက်စောင့်ကြည့်ရ မည့် ကိစ္စများစွာ ရှိကြောင်း၊ ယခင် အခေါက်က ကြုံတွေ့ခဲ့ရသည့် ကြိုတင် မဲ၊ ပယ်မဲများနှင့် ပတ်သက်ပြီး ဂရုစိုက် ရမည် ဖြစ်ကြောင်း၊ နယ်မြို့ များတွင် မဲပေး ရာ၌ ခြိမ်းခြောက်အကျပ်ကိုင်မဲထည့်ခဲ့ မှုများ ရှိမရှိကိုလည်း လေ့လာစောင့် ကြည့်ရမည် ဖြစ်ကြောင်းပြောသည်။

"မဲထည့်မယ့် ပြည်သူကို လာဘ် မထိုးရဘူး။ ပြည်သူဆီက တန်ဖိုးရှိတဲ့ မဲကို တရားမျှတစွာနဲ့ ယှဉ်ပြိုင်ဖို့ လိုပါ တယ်။ ဘယ်လောက် တရားမျှတမှုရှိ တယ်ဆိုတာကို စောင့်ကြည့်ရပါမယ်" ဟု ဦးခင်မောင်ဆွေက ပြောသည်။

ယခုအကြိမ်တွင် ဒီမိုကရေစီအင်အား စုများလည်း များပြားပြီး အင်န်အယ်လ်ဒီ ကိုယ်တိုင်လည်း ပါဝင်လာပြီဖြစ်သော ကြောင့် မဲများပျံ့နှံ့မှု မရှိစေရန် အင်န် အယ်လ်ဒီအနေဖြင့် ဆောင်ရွက်သင့် သော်လည်း ယင်းတို့နှင့် မည်သည့် ညှိနှိုင်းပြောဆိုမှုမျှ မရှိသောကြောင့် အင်န်အယ်လ်ဒီသည် မိမိကိုယ်မိမိ ယုံကြည်မှုပြင်းသည့် ပါတီတစ်ခုအဖြစ် ရပ်တည်လျက်ရှိနေသည်ဟု ရှုမြင် ကြောင်း ဦးခင်မောင်ဆွေက ပြော သည်။

ထို့ပြင် ဒီမိုကရေစီအင်အားစုပါတီ ငယ်များသည် မိမိတို့၏ ပါတီဝင် အချို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ပြောင်းရွှေ့မှုများ ကိုလည်း တွေ့ကြုံရ လျက်ရှိသည်။ တစ်ဦးတည်းသော လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒီမိုကရက် တစ်ပါတီ (မြန်မာ)မှ ယှဉ်ပြိုင်မည့်ပါတီ တည်ထောင်သူလည်းဖြစ်သော ဦးသု ဝေက ၎င်း၏ပါတီမှ အတွင်းရေးမှူး ဖြစ်သော ဒေါ်နေရီဗဆွေက ခွင့်တောင်း သောကြောင့် ပါတီမှ နှုတ်ထွက်ခွင့်ပြု လိုက်ကာ လက်ရှိတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်သွားခဲ့ပြီဖြစ် ကြောင်း ပြောသည်။

ဦးသုဝေပါဝင်ယှဉ်ပြိုင်မည့် မင်္ဂလာ တောင်ညွန့်မြို့နယ်သည် ရန်ကုန်တိုင်း ဒေသကြီးရှိ မဲဆန္ဒနယ်များအနက် လူ စိတ်ဝင်စားမှုရသည့် နယ်မြေဖြစ်ကာ ဦးသုဝေအပါအ၀င် ပြည်ခိုင်ဖြိုးမှ ဒေါ်လဲ့လဲ့သင်း၊ အမျိုးသားကွန်ကရက် ပါတီမှ ဒေါ်ဖြူဖြူသင်း၊ အမျိုးသား ကွန်ဂရက်ပါတီမှ ကိုယ်စားလှယ် ဦးကောင်းမြင့်ထွဋ်၊ အမျိုးသားဒီမို ကရေစီပါတီသစ်မှ ဦးဘုန်းမြင့်တို့ လည်း ပါဝင်မည်ဖြစ်သည်။

"အခုဆိုမဲဆွယ်တာ သုံးလေးခေါက် ရှိပါပြီ။ ပြိုင်စေချင်တဲ့ မဲဆန္ဒရှင်တွေ လည်းရှိတဲ့အတွက် သူတို့တိုက်တွန်း တာနဲ့ ပြိုင်ဖြစ်တာပါ။ ဒါပေမယ့် အရင် အခေါက်တွေက မဲပေးခဲ့တဲ့ မဲဆန္ဒရှင် အများစုက အခုအင်န်အယ်လ်ဒီဘက် ကို ရောက်နေကြတယ်။ ဒီအတွက် လည်း သူတို့တွေက လာပြောကြတယ်။ ဒီမိုက ရေစီအင်အားစုတွေ အတူတူပဲလို့ပြော ကြတယ်" ဟုဦးသုဝေက ပြောသည်။

ဒီမိုကရေစီအင်အားစုအချင်းချင်း မဲ များပြန့်သွားမလားဆိုသည်ကို ဦးသုဝေ က လက်ရှိအနေအထားသည် အခြေ အနေအရ ဖြစ်ပေါ်လာခြင်းဖြစ်သော ကြောင့် ယင်းအခြေအနေတစ်ရပ်ကို လက်ခံရမည်ဖြစ်ကြောင်း ပြောသည်။

"အခုမဲဆွယ်မှုအတွက်တော့ ပါတီ က ကျပ် ၁၀ သိန်း မတည်ပေးထားတယ်။ ကျွန်တော်နဲ့ ပြိုင်ရမယ့် ပြည် ခိုင်ဖြိုးဆိုရင်လည်း ကားတွေ ၁၀ စီး ကျော်လောက်နဲ့ လှည့်နေတယ်။ အင်န် အယ်လ်ဒီဆိုရင်လည်း လေးငါးစီး လောက်နဲ့ မဲဆွယ်နေတာ။ ကျွန်တော့ကို တော့ အလှူရှင်တွေ လှူတာတွေလည်း ရှိပါတယ်" ဟု ဦးသုဝေက ပြောသည်။

ယခုတစ်ခေါက် ရွေးကောက်ပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲဖြစ်သော ကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပိုမိုဦးစားပေးလိုကြောင်း လည်း ဦးသုဝေ က ဆက်လက်ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုသုံးဦးယှဉ် ပြိုင်မည့်နေရာများသည်လည်း အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုး တို့မှ ကိုယ်စားလှယ်လောင်းများနှင့် အပြင်းအထန်ယှဉ်ပြိုင်ရမည့် နေရာများ ဖြစ်သည့် မင်္ဂလာတောင်ညွှန့်၊ မရမ်း ကုန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ပါဝင်မည့် အမျိုးသားဒီမိုကရေစီပါတီ သစ်မှ ဦးကျော်ကလည်း ပါတီငယ်များ အတွက် ပါတီကြီးများကို စည်းရုံးရေး အနေအထားအရတွင်ပင် ယှဉ်ပြိုင်နိုင် ခြင်း မပြုနိုင်ပါဟု ဆိုသည်။

"လက်ရှိမှာ တော့ပ်တူး (Top 2) ဖြစ် နေတဲ့ ပါတီကြီး နှစ်ခုနဲ့ ဘယ်လိုမှ မယှဉ် နိုင်ဘူး။ ကျွန်တော်တို့က ပါတီကို စနစ် တကျလည်း တည်ဆောက်ထားတယ်။ ယှဉ်တာကတော့ ယှဉ်ရမှာပါပဲ။ မဲဆွယ် တာတောင်မှ ကိုယ်စားလှယ်သုံးဦး အတွက်ကိုမှ ကျပ်သိန်း ၁၀၀ မပြည့် ပါဘူး"ဟု ဦးကျော်ကပြောသည်။

၎င်းက ပါတီကိုယ်စားလှယ်လောင်း သုံးဦးအတွက် တစ်ဦးလျှင် ကျပ် ၁၅ သိန်း သာ သုံးစွဲမည်ဖြစ်ကြောင်း၊ အလှူရှင် များကပေးသော ငွေများကိုလည်း ချွေတာသုံးစွဲနေရကြောင်း၊ လက်ရှိတွင် ကိုယ်စားလှယ်လောင်းများကို ပြည်သူ နှင့် မိတ်ဆက်ပေးမှုများသာ ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း ပြောသည်။

"ဒီရွေးကောက်ပွဲက တရားမျှတမှု ရှိမရှိဆိုတာ ဧပြီ ၁ ရက်နေ့ ရွေးကောက် ပွဲပြီးတာနဲ့ တွေ့ရပါလိမ့်မယ်။ တရား ဥပဒေစိုးမိုးရေးဆိုပြီး ပြောနေတဲ့သူတွေ ဟာ ဥပဒေကို ကိုယ်တိုင် ဘယ်လောက် လေးစားတယ်ဆိုတာသိဖို့ အရေးကြီး ပါတယ်" ဟု ဦးကျော်က ပြောသည်။

၎င်းတို့ပါတီက ပြည်သူသို့ ပေးနိုင် သည့်ကတိမှာ ပြည်သူ့အခြေခံလိုအပ် ချက်များကို ယခုလည်း ဆောင်ရွက်နေ သလို နောင်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်းပြောသည်။


Myanmar Express

1 comments:

ဒီမိုကရေစီကို ကူးပြောင်းဆဲကာလမှာ ပါတီငယ်တွေ အခက်အခဲ တွေ့ကြတာ ဓမ္မတာပါပဲ။ ဒါဟာ မြန်မာပြည်တစ်ခုတည်း မဟုတ်ပါဘူး။ အားလုံးတောင့်ခံနိုင်ဘို့ အရေးကြီးပါတယ်။ ပြိုင်ဖက်က သိတ်အင်အားတောင့်နေလို့ ကြောက်ပြီး ရှောင်မပြေးသင့်ပါဘူး။ ဥပမာ အဖွဲ့ချုပ်မှာ ဒေါ်စု ရှိလို့ ထောက်ခံသူ များသော်လည်း ကြံ့ခိုင်ရေးမှာလည်း လူကောင်းတွေ၊ အရည်အချင်းရှိသူတွေ ပါဝင်လာတာ တွေ့ရပါတယ်။ များများပြိုင်မှ လူတော် လူကောင်းတွေကို ရွေးထုတ်လာနိုင်ပါမှ ပြည်သူက စဉ်းစားဆင်ခြင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ အားလုံး တက်ညီလက်ညီ ပါဝင်ဆင်နွှဲနိုင်ကြပါစေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်