Subscribe to our RSS Feed

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်တယ်လီဖုန်းများ၏ ကနဦး တပ်ဆင်ခများကို လျှော့ချသတ်မှတ်

From :ခေတ်လူငယ်

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက်လည်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ “မိုဘိုင်းလ်ဖုန်းကိစ္စနှင့် ပတ်သက်ပြီး လောလောဆယ်မှာ ကျွန်တော်တို့ တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ ဒီလုပ်ငန်းတွေပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ ဆန္ဒကို ပြည့်ဝအောင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ အကောင်းဆုံးနည်းလမ်းများ ရှာဖွေပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟူ၍ ထည့်သွင်း မိန့်ကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ မိန့်ကြားချက်နှင့်အညီ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြည်သူများ မိုဘိုင်းလ်တယ်လီဖုန်းများကို လွယ်ကူသက်သာစွာ သုံးစွဲနိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် မိုဘိုင်းလ်တယ်လီဖုန်းများ၏ ကနဦး တပ်ဆင်ခများကို ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ စ၍ GSM  ကနဦး တပ်ဆင်ခ ကျပ်နှစ်သိန်း၊ CDMA-450 MHz ကနဦး တပ်ဆင်ခ ကျပ်နှစ်သိန်း၊  WCDMA၊ ကနဦးတပ်ဆင်ခ ကျပ်နှစ်သိန်းငါးသောင်းနှင့် CDMA-800 MHz ကနဦးတပ်ဆင်ခ ကျပ်နှစ်သိန်းငါးသောင်းသို့ လျှော့ချပြင်ဆင် သတ်မှတ်လိုက်ကြောင်းသိရှိရသည်။
  
Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်