Subscribe to our RSS Feed

၂၀၁၃ ခုနှစ် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကိုဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်

From : သမ္မတရုံး


 ၂၀၁၃ ခုနှစ် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီ (၁၀) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၁၃ ခုနှစ် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟို ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကြည်၊ ဦးသိန်းညွှန့်၊ ဦးတင့်ဆန်း၊ ဒေါက်တာ မြအေးနှင့် ဒေါက်တာကိုကိုဦ်း၊ ဆပ်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၁၃ ခုနှစ် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကြီးကို အမျိုးသားရေး ဦးတည်ချက်များနှင့် အညီ အနှစ်သာရှိရှိ ကျင်းပနိုင်ရေး အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့သစ်အနေဖြင့် (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး လာမည့် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေးအတွက်လည်း ဗဟိုကော်မတီနှင့် ဆပ်ကော်မတီ (၇) ခုကို စနစ်တကျ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ဆပ်ကော်မတီ အသီးသီး အနေဖြင့် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ယခုအစည်းအဝေးတွင် ဆွေးနွေးအကြံပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ပြည်ထောင်စုဝန်ကြီးများက ဆပ်ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်