Subscribe to our RSS Feed

ဆီတွဲမီးလောင်မှု ဆေးကုလူနာ ၃၆ ဦး သေဆုံး ၊ ၂၉ ဦးသာ ကျန်ရှိ

From : ခေတ်လူငယ်


ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအနီးတွင် နိုဝင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော ဆီတွဲရထား လမ်းချော် တိမ်းမှောက် မီးလောင်ခဲ့မှုတွင် ဆေးကုသလူနာ ၃၆ ဦးအထိ သေဆုံးပြီး ၂၉ ဦးသာ ကျန်ရှိတော့ကြောင်း ကန့်ဘလူမြို့ခံများထံမှ သိရသည်။ လက်ရှိအချိန်ထိ မီးလောင်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသူ ၂၅ ဦး၊ မီးလောင်ဒဏ်ရာရရှိပြီး ကန့်ဘလူနှင့် မန္တလေးဆေးရုံသို့ တက်ရောက် ကုသနေသူများထဲမှ ၃၆ ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။ ကန့်ဘလူဆေးရုံသို့ တက်ရောက်ကုသမှု ခံယူသူများထဲမှ လူနာ ၃၂ ဦး သေဆုံးခဲ့ပြီး၊ ရောဂါသက်သာသဖြင့် လူနာ ၁၉ ဦး ဆင်းသွားပြီဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၃ ထိ ဆေးရုံတက် လူနာ ၂၉ ဦး ကျန်ရှိနေသေးကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ်က ပြောကြားသည်။ ဒဏ်ရာ ပြင်းထန်သဖြင့် မန္တလေးဆေးရုံသို့ လွှဲပြောင်းကုသသူ ၂၀ ဦးအနက်မှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ သေဆုံးသူ လေးဦးအထိ ရှိကြောင်း ကန့်ဘလူဒေသခံများက ပြောကြားသည်။ နိုဝင်ဘာလ ၉ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင် မန္တလေး-မြစ်ကြီးနား အမှတ် ၈၀၇ MOC ဆီတင်ရထားသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာ ချပ်ကြီးဘူတာရုံအနီးတွင် ဆီတွဲသုံးတွဲ လမ်းချော် တိမ်းမှောက်ခဲ့မှုကြောင့် ဆီများ ဖိတ်ကျခဲ့ရာ ရွာသူရွာသားများ ခပ်ယူနေကြစဉ် နံနက် ၁၀ နာရီခန့်၌ မီးလောင်ခဲ့သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သော လူနာများကို ကျွန်းလှမြို့နယ်မှ လူမှုရေးအသင်းအဖွဲ့များက အလျင်မြန်ဆုံး သွားရောက် ကူညီခဲ့ကြပြီး ကန့်ဘလူမြို့ရှိ လူမှုရေး အဖွဲ့အစည်းများနှင့် အာဏာပိုင်များသို့ အသိပေး အကြောင်းကြား၍ အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း  သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်