From : ခေတ်လူငယ်
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးသူငယ်များနေ့ (Convention on the Rights of the Child) ကို ရန်ကုန်မြို့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက် (တန်ဆောင်မုန်း လပြည့်နေ့) ၌ ရက်ပြောင်းရွှေ့ကျင်းပမည် ဖြစ်ကြောင်း သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ဂေဟာမှ ဒေါက်တာထားထား (စာရေးဆရာမစုထား)က ပြောကြားသည်။ ကလေးများ ကျောင်းပိတ်ရက်နှင့်တိုက်၍ အချိန်ပြောင်းလဲ ကျင်းပရခြင်းဖြစ်ပြီး နံနက်ခင်း ၉ နာရီမှစကာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ပျော်ပွဲရွှင်ပွဲကျင်းပရာ၌ အခက်အခဲ ရှိသောကြောင့် တိုင်းရင်းသားကျေးရွာကို ရွေးချယ်ခဲ့ရခြင်း ဖြစ်ကြောင်း ဒေါက်တာ ထားထားက ပြောကြားသည်။ အဆိုပါ အထိမ်းအမှတ်ပွဲတွင် ကလေးသူငယ်များ အချင်းချင်း အကများ၊ တေးသရုပ်ဖော်များ တင်ဆက်ကြမည်ဖြစ်ပြီး ယခုနှစ် အစီအစဉ်တွင် တိုင်းရင်းသားကျေးရွာသို့ လေ့လာရန်ပါ ထည့်သွင်းထားကြောင်း ၎င်းက ပြောကြားသည်။ ယင်းအထိမ်းအမှတ်နေ့ကို လမ်းပျောက်ကလေးငယ်များ စောင့်ရှောက်မှုများ လုပ်ကိုင်ပေးနေသော World Vision နှင့် HIV ပိုး ကူးစက်ခံထားသော ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးနေသော သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ဂေဟာတို့ ပူးပေါင်း၍ နှစ်စဉ် ကျင်းပလျက်ရှိသည်။ ၁၉၉၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကလေးလူငယ်များ စောင့်ရှောက်ရေးဥပဒေ (Convention on the Rights of the Child) ကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်