Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် စတုတ္တအကြိမ်မြောက် အာဆီယံ-အမေရိကန် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

From :သမ္မတရုံး


နေပြည်တော် နိုဝင်ဘာ ၂ဝ

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၁၉)ရက် ညနေ(၆)နာရီ မိနစ်(၂ဝ)တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace Palace တတိယထပ် Champa Room ၌ ကျင်းပသည့် စတုတ္တအကြိမ်မြောက် အာဆီယံ-အမေရိကန် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဘရူနိုင်းဒါရုဆလမ်နိုင်ငံဘုရင် ဆူလ် တန်ဟာဂျီဟာဆာနာလ် ဘိုကီးယားမူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလိုဘန်ဘန်းယူဒိုရိုနို၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီအဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာငုယင်တန်ဇွန်း၊ အမေရိကန်ပြည်ထောင်စုနိုင်ငံ သမ္မတ ဘားရက် အိုဘားမား၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် အပါအဝင် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် အမေရိကန် ပြည်ထောင်စုသမ္မတ နိုင်ငံ သမ္မတ တို့သည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ထိပ်သီးအစည်းအဝေးကို ကျင်းပရာ အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံ သမ္မတတို့သည် အာဆီယံ-အမေရိကန် ဆက်ဆံရေးအပေါ် နိုင်ငံအလိုက်ခေါင်းဆောင်များက ပြန်လည်သုံးသပ်ကာ အနာဂတ် အလားအလာများအပေါ် ဆွေးနွေးခဲ့ကြသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်