Subscribe to our RSS Feed

ကွန်ဂိုနိုင်ငံရှိ အရေးပါသော မြို့တစ်မြို့ကို သူပုန်များက ဝင်ရောက်သိမ်းပိုက်

From :planet

ကွန်ဂိုနိုင်ငံ အရှေ့ဖျား မြို့တော်သို့ M23 သူပုန်တပ်များ အလုံးအရင်း ချဉ်းကပ်လာချိန်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များက သေနတ် တစ်ချက်ပင် မဖောက်ဘဲ ဆုတ်ခွာခဲ့ခြင်းမှာ အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ကွန်ဂိုနိုင်ငံရှိ အရေးပါသော မြို့တစ်မြို့ကို သူပုန်များက ဝင်ရောက်သိမ်းပိုက်
ကုလသမဂ္ဂ အနေဖြင့် ကွန်ဂိုနိုင်ငံတွင် အချက်အခြာ မြို့တစ်မြို့ကို သူပုန်များ ဝင်ရောက် သိမ်းပိုက်မှုအပေါ် မတားဆီးနိုင်ခဲ့သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ခေါင်းဆောင်းအပြာ ဝတ်ဆင်သော ကုလသမဂ္ဂ တပ်များသည် အစိုးရ ဆန့်ကျင်ရေး အင်အားစု သူပုန်တပ်များ အင်နှင့်အားနှင့် ဝင်ရောက်လာချိန်တွင် ဂိုမာမြို့အား ဆက်လက် စောင့်ရှောက် ကာကွယ်နိုင်ခြင်း မရှိတော့ပေ။ အထူးသဖြင့် နိုင်ငံ အရှေ့ဖျား မြို့တော်သို့ M23 သူပုန်တပ်များ အလုံးအရင်း ချဉ်းကပ်လာချိန်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များက သေနတ် တစ်ချက်ပင် မဖောက်ဘဲ ဆုတ်ခွာခဲ့ခြင်းမှာ အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။



ယခုအခါ ရဝမ်ဒါ အစိုးရက အထောက်အပံ့ ပေးနေသည်ဟု ယူဆရသော သူပုန်တပ်များသည် လူဦးရေ (၁)သန်းကျော်ရှိသော မြို့ကြီးကို ထိန်းချုပ် သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖာဗျူရစ်က သူပုန်တပ်များကို ဖြတ်သန်းခွင့် လွယ်လွယ်ပေးခဲ့သော ကုလသမဂ္ဂ တပ်ဖွဲ့၏ လုပ်ရပ်မှာ လက်ခံစရာ မရှိဟု ဝေဖန်ခဲ့သည်။ ထိုနေရာတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၁၇၀၀၀) ရှိနေသည်။ ကုလသမဂ္ဂကမူ မိမိတို့သည် ကွန်ဂို အရပ်သားများကို အကာအကွယ်ပေးရန်နှင့် ကွန်ဂိုစစ်တပ်၏ သူပုန်တပ်များနှင့် စစ်ပွဲတွင် ထိုက်သင့်သလောက် ထောက်ခံကူညီရန်သာ တာဝန်ယူထားကြောင်း ဆိုသည်။

ကွန်ဂိုအရှေ့ပိုင်း ဒေသသည် သတ္တုရိုင်း ထွက်ရှိမှု ပေါကြွယ်ဝပြီး ယခုအခါတွင် မင်းမဲ့စရိုက် လွှမ်းမိုးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လာရသည်။ M23တို့သည် ယခုအခါ မဟာဗျူဟာမြောက် ခြေကုတ်စခန်းတစ်ခုကို ရရှိခဲ့ပြီဟု ယူဆရသည်။ ကုလသမဂ္ဂ တပ်ဖွဲ့များသည် (၂၀၁၀)ပြည့်နှစ်ကလည်း ကွန်ဂိုနိုင်ငံအတွင်း အမျိုးသမီးများ အစုလိုက် အပြုံလိုက် မုဒိမ်းကျင့် ခံရသည့် အခြေအနေတွင် တားဆီးနိုင်မှု ပျက်ကွက်ခဲ့ခြင်းအပေါ် ဆိုးဆိုးရွားရွား ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်