Subscribe to our RSS Feed

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ စာနယ်ဇင်း ကျင့်ဝတ်များ

From :  ကြေးမုံ


မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ပဉ္စမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်အရ စာနယ်ဇင်းကျင့်ဝတ်များမှာ-
 ၁။ သတင်းမီဒီယာတစ်ခုက ဖော်ပြသော သတင်းတိုင်း အချက်အလက် တိကျမှန်ကန်ရန်နှင့် တတ်နိုင်သမျှ ပြည့်စုံရန် စိစစ်ရမည်။ 
၂။ တိကျမှန်ကန်မှု မရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန် လိုအပ်ပါက သက်ဆိုင်ရာ မီဒီယာသည် အမြန်ဆုံး ပြန်လည်ပြင်ဆင် ဖော်ပြပေးရမည်။ သတင်းမှန် ဖြေရှင်းချက်ကိုလည်း ယင်းသတင်း ထည့်သွင်းသည့်နေရာနှင့် အနီးစပ်ဆုံး စာမျက်နှာတွင် ထင်ရှားစွာ ဖော်ပြပေးရမည်။ 
၃။ သတင်းပေးသူ သို့မဟုတ် သတင်းရင်းမြစ်(Source)၏ အမည်နာမနှင့် စပ်လျဉ်း၍ ကာယကံရှင်၏ ဆန္ဒနှင့်အညီ ထိန်းသိမ်းဆင်ခြင်ရမည်။ ယုံကြည်၍ ထုတ်ဖော် အသိပေးလိုက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ လျှို့ဝှက်ထိန်းသိမ်းထားရမည်။ 
၎။ တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့် စပ်လျဉ်း၍ မီဒီယာတွင် ရေးသားဖော်ပြရာ၌ တရားရုံးတော်က ပြစ်မှုထင်ရှားစီရင်ခြင်း မပြုသေးသမျှ ကာလပတ်လုံး တရားစွဲဆိုခံရသူအား အပြစ်ကင်းစင်သူ တစ်ဦးအဖြစ် မှတ်ယူရမည်။
 ၅။ သတင်းများ ရယူရေးသားရာ၌ မိမိကိုယ်စားပြုသည့် သတင်းမီဒီယာအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။
 ၆။ သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါး စသည်တို့အသွင်ဖြင့် ထည့်သွင်းသော ကြော်ငြာများကို ကြော်ငြာဖြစ်ကြောင်း သိသာထင်ရှားအောင် ဖော်ပြရမည်။
 ၇။ သတင်းရေးသားရာတွင် ရေးသူ၏ အာဘော် လုံးဝ မပါဝင်စေရ။ ဘက်လိုက် ရေးသားခြင်း မပြုရ။
 ၈။ အများပြည်သူ အကျိုးစီးပွားအတွက် ရေးသင့်ရေးထိုက်သည်မှအပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်(သို့) အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများ ရှောင်ကြဉ်ရမည်။
 ၉။ သတင်းရေးသားရာတွင် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် စပ်လျဉ်းသည့် ဥပဒေ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်။ 
 ၁ဝ။ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား၊ ဝေဖန်၊ လှုံ့ဆော် ရေးသားခြင်း မပြုရ။ ၁၁။ စာနယ်ဇင်းသမားများအားလုံး မည်ကဲ့သို့သော အခွင့်အရေး၊ တံစိုးလက်ဆောင်ကြောင့်မျှ မိမိ သို့မဟုတ် အခြားတစ်စုံတစ်ယောက်၏ အကျိုးငှာ ဘက်လိုက်ရေးသား ဖော်ပြခြင်း မပြုရ။ 
၁၂။ စီးပွားရေး၊ နိုင်ငံရေး စသည့် အဖွဲ့အစည်းတစ်ခုခု၏ သြဇာကြောင့် မမှန်မကန် ရေးသားခြင်း မပြုရ။ ၁၃။ သူတစ်ပါး ဖန်တီးထားသော သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများကို မူရင်းဖန်တီးသူ၏ ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်း မပြုရ။ ခွင့်ပြုချက်ရယူပြီး ဖော်ပြလျှင်လည်း မူလရင်းမြစ်ကို ဖော်ပြပေးရမည်။ 
၁၄။ အီလက်ထရွန်နစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ရက်များ စသည့် နည်းလမ်းများမှတစ်ဆင့် ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေအခိုင်အမာ မပြနိုင်က ပြန်လည်ကူးယူ ဖြန့်ချိခြင်း မပြုရ။ 
၁၅။ အများပြည်သူ၏ ကိုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသားဖော်ပြမှုများ၊ ညစ်ညမ်းမှုများနှင့် ပတ်သက်၍ မည်သည့်သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ စသည့်ဖြင့် အထက်ပါအတိုင်း ရေးဆွဲသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
 အဆိုပါ စာနယ်ဇင်းကျင့်ဝတ်များနှင့် ပတ်သက်၍ စာပေလောကသားများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး သိရှိနိုင်ရေးနှင့် လိုအပ်သော အကြံဥာဏ်များ ပေးပို့နိုင်ရေးတို့အတွက် နိုင်ငံပိုင် သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က အကူအညီ တောင်းခံသဖြင့် ထပ်ဆင့်ဖော်ပြပေးခြင်း ဖြစ်ပါသည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်