Subscribe to our RSS Feed

မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ဆို့ထားမှုအပေါ် အမေရိကန် ရုပ်သိမ်း

From :  ခေတ်လူငယ်


အမေရိကန်ပြည်ထောင်စုသည် သမ္မတအိုဘားမား၏ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်မစတင်မီ ရက်အနည်းငယ်၌ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ဆယ်စုနှစ်ကြာမျှ ချမှတ်ထားသည့် ပိတ်ဆို့ထားခဲ့မှုကို နိုဝင်ဘာ ၁၆ ရက်က ရုပ်သိမ်းခဲ့ကြောင်း အမေရိကန် အစိုးရက သတင်းထုတ်ပြန်သည်။ ထိုသို့ မြန်မာနိုင်ငံမှ သွင်းကုန်များ အမေရိကန်သို့ တင်ပို့မှု ပိတ်ဆို့ထားခြင်းအား ရုပ်သိမ်းလိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သော တိုးတက်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး ထောက်ခံရန်နှင့် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးရာဌာန ပူးတွဲကြေညာချက်၌ ဖော်ပြသည်။ မြန်မာ့သွင်းကုန်များအပေါ် ပိတ်ဆို့ထားမှုကို အမေရိကန် အစိုးရက ရုပ်သိမ်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ကန့်သတ်ထားသော ကုန်ပစ္စည်းအချို့မှလွဲပြီး ကုန်ပစ္စည်းအများစုကို တင်သွင်းခွင့်ရရှိမည် ဖြစ်သည်။ မြန်မာ့တွင်းထွက်နှင့် ကျောက်မျက်ရတနာများ တင်သွင်းမှုကို ပိတ်ပင်ထားမှု ရှိနေမည်ဖြစ်သည်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ရာ အမေရိကန် သမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် သွားရောက်ခြင်းပင်ဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် အလည်အပတ်ခရီး ရောက်ရှိစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ သမ္မတအိုဘားမား၏ ယခုခရီးစဉ်သည် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်နိုင်မှုအတွက် အလွန်အရေးပါသော တုံ့ပြန်မှုကို ထင်ဟပ်ပြသခြင်းဖြစ်သည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်