Subscribe to our RSS Feed

ပည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာဟိုရှီဟီကိုနိုဒါတို့ တွေ့ဆုံဆွေးနွေး

From : သမ္မတရုံး

နေပြည်တော်  နိုဝင်ဘာ  ၁၉
       
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာဟိုရှီဟီကိုနိုဒါတို့သည် ယနေ့ ညနေ (၄)နာရီ မိနစ်(၂ဝ)တွင် ဖနောင်ပင်မြို့ရှိ Peace Palace ဒုတိယထပ် Lumchang Room ၌ တွေ့ဆုံဆွေးနွေးကြသည်။
       
ထိုသို့တွေ့ဆုံရာတွင်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့်  ဌာနဆိုင်ရာကြီးအကဲများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
       
ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့သည် အပြန်အလှန် အမှတ်တရ လက်ဆောင်များ ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြသည်။
       
ယင်းသို့ တွေ့ဆုံရာ၌ နှစ်နိုင်ငံခေါင်းဆောင်များက ယခုလို တွေ့ဆုံရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၁ ရက်က စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အတွင်း မြေငလျင် လှုပ်ခတ်သွားသည်ကို သိရှိရသည့်အတွက် စိတ်မကောင်း ဖြစ်မိရပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျန်ရှိနေသည့် ကြွေးမြီများကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ တွင် လျှော့ချပေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ချေးငွေအသစ်အနေဖြင့် ယန်းသန်းပေါင်း (၅) သောင်းကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ       ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ သီလဝါ ဆိပ်ကမ်းတည်ဆောက်ရေး ကိစ္စရပ်များ၊ ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေး၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရေး၊ လာမည့် ၂ဝ၁၃ ခုနှစ်တွင် လက်ခံ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်မည့် ဆက်သွယ်ရေးကဏ္ဍများကို ကူညီပေးသွားမည့် ကိစ္စ၊ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူရမည့်အချိန်တွင် လိုအပ်မည့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အဆင်ပြေစေရေးအတွက် လူပုဂ္ဂိလ် အရာရှိများကိုလည်း ဂျပန်နိုင်ငံသို့ခေါ်ယူ၍ ပညာပေး လေ့ကျင့်ကူညီပေးသွားမည် ဖြစ် ကြောင်း၊ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိများကိုလည်း ဂျပန်နိုင်ငံသို့အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်ပါကြောင်း။
       
နိုင်ငံတော်သမ္မတကြီး ဦးဆောင်ပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု လုပ်ငန်းများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ထိုသို့တိုးတက်ပြောင်းလဲ လာသည့် ပြောင်းလဲမှုများကိုလည်း ထောက်ခံအားပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲလာ သည့် အခြေအနေများကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်နိုင်ငံသမ္မတ ယနေ့ မိမိတို့နိုင်ငံကို လာရောက်ခဲ့ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ကြသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်