Subscribe to our RSS Feed

ရန်ကုန်မြို့တွင် ဒီမိုကရေစီဆန်ဆန် အုပ်စုဖွဲ့ဝိုင်းရိုက်၊သတ်ဖြတ်မူများ နေ့စဉ်ဆက်တိုက်ဖြစ်ပေါ်

From : အိဖြူလွင်


ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားလာခြင်းကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်းတစ်လျှောက် ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှင့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက ဓားဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက်ဆုံး အောက်တိုဘာ၂၃ ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက ၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ ရေအိုးဖြင့် ခေါင်းကိုရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။

ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့် နိုက်ကလပ်များ၊ ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။ “ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်”ဟု ၎င်းကပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေတွင် လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့် ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက နည်းပါးပြီး လူငယ်အချင်းချင်းဖြစ်ပွားသော ပြဿနာများမှ ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများတွင် လူသေဆုံးပါက ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။


နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍ ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော ယောက်ျားလေးများအတွက်လည်း စိုးရိမ်ပူပန်စရာများရှိလာသည်။ “အခုဆိုရင် ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင် ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်”ဟု အမျိုးသားတစ်ဦးကပြောသည်။

အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ကိုးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက် ညက အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသော
ဆိုင်ကယ်စီးအုပ်စုဖွဲ့ရိုက်နှက်မှု ၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။
 

 Myanmar Express 

7 comments:

အဲဒီအမှုတွေမှာ တရားခံတွေကိုဘယ်လိုအရေးယူတယ်
ဘယ်လိုအပြစ်တွေပေးထားတယ်ဆိုတာ မီဒီယာတွေကနေ ပြည်သူတွေသိအောင် စင်ဆက်မပြတ်အသိပေးသင့်ပါတယ်
နောက်နောင်ဒါမျိုးထပ်မလုပ်ရဲအောင်ပေါ့
အခုတော့ ပြည်သူတွေက အစပိုင်းဘဲသိလိုက်ရတယ် နောက်ပိုင်းဘာမှမသိရတော့ဘူး.. ငွေပေးပြီးအမှုပိတ်လိုက်လား.. နှစ်နဲနဲပြစ်ဒဏ်ဘဲကျခံရလားဆိုတာ ..ပြည်သူတွေကိုအသိပေးသင့်ပါတယ်..ဒါမှလဲ ရဲတွေနဲ့ တရားရေးဝန်ထမ်းတွေလာဘ်စားတယ် မစားဘူးဆိုတာသိရမှာပါ .. အခု မြန်မာပြည်မှာ ပြည်သူတွေစိတ်ဝင်စားတဲ့ အမှုကြီးတော်တော်များများ ဘာမှမသိရတော့တာများပါတယ် ..နောက်ဆုးံပိတ်ဘာဖြစ်သွားတယ်ဆိုတာ ဘာမှမသိရတော့ပါဘူး

ရဲစခန်းမခေါ်နဲ့ တရားရုံးမှာလဲအမှုမဖွင့်နဲ့။ ကျွေးစရိတ်နိုင်ငံတော်

ဘတ်ဂျတ်ကအကုန်မခံပါနဲ့ ။

သေချာပြီဆိုရင် လက်ပြန်ကြိုးတုပ် လူစည်ကားရာလမ်း လေးခွ ဆုံမှာ

ဒူးထောက်ခိုင်း ပါးစပ်ထဲသေနတ်တေ့ပစ်သတ်ရမှာ။

ပြီးရင် အမျှမဝေနဲ့ ။ အိမ်ကမိသားစုတွေကိုရက်လည်ဆွမ်းမသွတ်စေနဲ့။

ဝိညာဉ်ကိုဆက်ထောင်ချပစ်။

ဟမ်မူရာဘီ code ပြဌန်းလိုက်။ တရားဥပဒေစိုးမိုးမှုမရှိဘူးဆို

ကြိုက်သလောက်ပြော။

ဘာကြောင့်လဲသိလား..........

ဘယ်ခောတ် ဘယ်စနစ်ရောက်ရောက် ( ခောတ် စနစ် တွေနဲ့ဘယ်လိုမှ

မဆိုင်ပဲ ) လူ့အဖွဲ့အစည်းနဲ့ ကိုမထိုက်တန်တဲ့လူ အစုတ်အပြတ်တွေမို့ပဲ။

ဒီနေရာမှာ ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ ဆိုပြီးနွဲ့နေလို့မရဘူး။

တစ်တိုင်းပြည်လုံး ငြိမ်းချမ်း ပျော်ရွှင် စီးပွားရှာ နေထိုင်စားသောက်နိုင်ဖို့

ဒီလို လူ့အန္ဓတွေကိုသတ်ကိုပစ်ရမှာ။

ဆန်လဲအပိုမကုန်တော့ဘူး။ မြေကြီလဲ မလေးပင်တော့ဘူး။

စွမ်းအားရှင်တွေရဲ့လက်ထဲအပ်လိုက် ။

kotint ပြောသလိုသာလုပ်ကြည့် ခြင်ကိုက်ရင်တောင် မရိုက်ရဲအောင် ငြိမ်သွားကြလိမ့်မယ် ။

ရဲတွေကရုပ်ရှင်တွေထဲမှာတောင်အစွမ်းအစမရှိဘူးဖြစ်
နေကြတာ အပြင်မှာဆိုရင်တော့စဉ်းသာစဉ်းစားကြည့်
ပေါ့ကွယ်

ဒါရိုက်တာဝိုင်းရဲ့ben that scene(အဲ့ဒီအခန်းဖြတ်)ဆိုတဲ့
ဗီဒီယိုဇာတ်လမ်းလေးကိုသွားသတိရမိတယ်
မြို့လယ်ကောင်အကြမ်းဖက်ရိုက်နှက်နေကြလူသတ်နေ
ကြတာတွေကိုဟန့်တားထိန်းသိမ်းမှုအရေးယူမှုမရှိဖြစ်နေ
ကြတာဘာကြောင့်လဲ?စဉ်းစားစရာတော့ဖြစ်နေပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်