မြန်မာနိုင်ငံမှာ အကျဉ်းသား တွေကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) နဲ့ လွှတ်ပေးလိုက်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ခြင်းတွေအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က မြန်မာအစိုးရကို ချီးကျူးလိုက်ပါတယ်။ ဒီကိစ္စအတွက် အမေရိကန် သာမက နိုင်ငံတကာအသိုင်းအ၀ိုင်း တစ်ခုလုံး ကလည်း ချီးကျူးသင့်ကြောင်း လည်း ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးတွေ အပြန်အလှန် ခန့်အပ်တဲ့အထိ ဆောင်ရွက်သွားလိုကြောင်း သောကြာနေ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ပြုလုပ်တဲ့ အထူးသတင်းစာ ရှင်းလင်းပွဲမှာ ဟီလာရီကလင်တန်က ပြောကြားလိုက်ကြောင်း သိရပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရရဲ့ အပစ်အခတ်ရပ်စဲလိုက်ခြင်း၊ အကျဉ်းသားတွေ ကို ပုဒ်မ ၄၀၁ နဲ့ ပြန်လွှတ်ပေးလိုက်ခြင်း၊ ၂၀၁၁ ခုနှစ် ဧပြီလကစလို့ အာဏာရလာခဲ့တဲ့ အရပ်သား ခေါင်းဆောင်တွေ အနေနဲ့ သတင်းမီဒီယာတွေနဲ့ လူမှုအဖွဲ့အစည်းတွေ အပေါ် ကန့်သတ်မှုတွေ လျှော့ပေါ့ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလေးအနက်ထား ဆွေးနွေးပြောဆိုလာခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် နေ့ရက်သတ်မှတ်ပေးခြင်း၊ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGOs တွေကို ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ လူသားချင်းစာနာမှု လုပ်ငန်းတွေအတွက် သွားခွင့်ပြုခဲ့ခြင်း၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းခဲ့ခြင်း တွေကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြိုဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသား ပြည်သူတွေအပေါ်မှာ စီးပွားပိတ်စို့မှု လုပ်ထားမှုအပေါ်မှာ ပြန်လည် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အတူတကွ လျှောက်လှမ်းကြဖို့ အမေရိကန် ဖက်က သံဓိဋ္ဌာန်ချမှတ်ထားကြောင်းကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်