Subscribe to our RSS Feed

ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုး


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ကရင်နီ ပြည်သူပါတီ (KNPP) တို့ ကယားပြည်နယ် လွိုင်ကော်မြို့ ၊ ပြည်နယ် ဧည့်ရိပ်သာ ကန္ဒာရဝတီ ခန်းမတွင် ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အပစ်အခတ် ရပ်စဲရေး စတင် ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း နှစ်ဖက် ခေါင်းဆောင်များက သတင်း ထုတ်ပြန်သည်။

အဆိုပါ ဆွေးနွေးပွဲကို ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နှင့် ကရင်နီ ပြည်သူ့ပါတီ (KNPP) မှ Major General Beehtoo၊ Chuooreh တို့ ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွင်း အမေရိကန် သံမှူး၊ ဗြိတိသျှသံရုံး ဒုတိယ အတွင်းဝန်၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ဌာနေ ကိုယ်စားလှယ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း နှစ်ဘက် ဆွေးနွေးရာတွင် သဘောတူညီမှု အချက် (၂၀) ကို အဓိကထား ဆွေးနွေးခဲ့ ကြပြီးနောက် အပြန်အလှန် တောင်းဆိုညှိနှိုင်းမှုများ ပြုလုပ်ကာ ယင်းတို့ နှစ်ဦး သဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကရင်နီ ပြည်သူ့ပါတီ (KNPP) ကို ၁၉၅၇ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာ စစ်အစိုးရကို စစ်ရေးအရရော နိုင်ငံရေးအရပါ တော်လှန် နေသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

KNPP မှာ (၂၀၀၈) ခုနှစ် ဖွဲစည်းပုံ အခြေခံဥပဒေနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို ဆန့်ကျင်သည့် ကြေညာချက် တစ်စောင်ကို ၂၀၁၀ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ (၁၉၉၅) ခုနှစ်တွင် KNPP နှင့် မြန်မာ စစ်အစိုးရတို့ (၃) လကြာ နှစ်ဘက်သဘောတူ အပစ်အခတ် ရပ်စဲခဲ့ သော်လည်း နောက်ပိုင်းတွင် အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်သွားပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

အလားတူ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တရုတ်ပြည် ရွှေလီမြို့၌ မတ်လ (၈) ရက်နေ့ မနက်ဖြန်တွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်