Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်အား လက်ခံတွေ့ဆုံ

From : .သမ္မတရုံး

နေပြည်တော်  နိုဝင်ဘာ (၁၉)
       
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်အား ယနေ့ ညနေ (၃) နာရီ မိနစ်(၄၅) တွင် ဖနောင်ပင်မြို့ရှိ Peace Palace  စတုတ္ထထပ် Call Room  ၌ လက်ခံ တွေ့ဆုံသည်။
       
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
       
ယင်းသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံခေါင်းဆောင်များသည် ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများကို အမြင်ချင်း ဖလှယ်ခဲ့ကြပြီး၊ အဆိုပါစီမံကိန်းများ အမှန်တကယ် လက်တွေ့ အကောင်အထည် ဖော်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့ကြသည်။
       
ဗန်ကောက်မြို့တွင် နိုဝင်ဘာ ၇ ရက်နေ့၌ ထားဝယ်အထူးစီးပွားရေးဇုန် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံးကျင်းပသည့် နှစ်နိုင်ငံပူးတွဲကော်မတီအစည်းအဝေးမှ ထွက်ပေါ်လာသည့် အောင်မြင်မှုများကို နှစ်နိုင်ငံခေါင်းဆောင်များမှ များစွာနှစ်ထောင်း အားရ ဖြစ်လျှက်ရှိကြောင်း၊ ပူးတွဲကော်မတီမှ အဓိကအရေးကြီး ဦးစားပေးစီမံကိန်းများကို ၂ဝ၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန်နှင့် ကဏ္ဍအသီးသီးတွင် လုပ်ငန်းအစီအစဉ်များ လျှင်မြန်စွာပြီးစီးစေရန် အတွက် ဆပ်ကော်မတီအသီးသီးကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ ပူးတွဲညှိနှိုင်းကော်မတီ၏ အစည်းအဝေးကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာတွင် ထပ်မံ ကျင်းပမည်ဖြစ်ကြောင်း။
       
အဆိုပါစီမံကိန်းအား လုပ်ကိုင်နိုင်စွမ်းရှိသော လုပ်ငန်းရှင်များနှင့် စိတ်ဝင်စားသော လုပ်ငန်းရှင်များ အားလုံးကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်ရန် နှစ်ဖက်မှ သဘောတူခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ၎င်းနှင့်ဆက်နွယ်လျှက်ရှိသော စီမံကိန်းနေရာများတွင် ထိုင်းနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသော အဓိကလုပ်ငန်း များဖြစ်သည့် လမ်းများ၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စက်ရုံ၊ ရေပေးဝေရေး၊ အညစ်အကြေးစွန့်စနစ်၊ ဆက်သွယ်ရေးလုပ်ငန်း၊ မြန်နှုန်းမြှင့်ရထားနှင့် အဆိုပါဒေသဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်ရန်နှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ထားဝယ်စီမံကိန်းအရေးပါမှုကို အဓိကထားလုပ်ဆောင်ရန် လုပ်ကိုင်နိုင်စွမ်း ရှိသောနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို အဆိုပါစီမံကိန်းတွင် ပါဝင်နိုင်ရန် အတွက် ဖိတ်ခေါ်ရန်တို့ပါဝင်သည်။
       
ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးတို့သည် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်း ပူးတွဲကြေညာချက်ကို အပြန်အလှန် လဲလှယ်ကြသည်။
       
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် တည်ဆောက်မည့် ဂက်စ် တာဘိုင်ဓာတ်ပုံအား ပေးအပ်သည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်