Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတစွာ ကျင်းပပေးမည်ဟုဆို


ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

ရွေးကောက်ပွဲများအား ကျင်းပပေးရန် တာဝန်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျင်းပရန်ရှိသော ကြားဖြတ် ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီ လွတ်လပ်မျှတစွာ ကျင်းပပေးမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီဇင်ဘာလ ၁၆ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ကျင်းပမည့်ရက်မတိုင်ခင် သုံးလအလိုတွင် ကြေညာပေး မည်ဖြစ်၍ မှတ်ပုံတင် ပြီး နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံး ရေးလုပ်နေရန် လိုအပ်ကြောင်း ဦးတင်အေးက ပြောသည်။

လွှတ်တော် တတိယပုံမှန်အစည်း အဝေးများကို ဇန်န၀ါရီလလယ်တွင် ပြန်လည်ကျင်းပရန်ရှိရာ အဆိုပါ အစည်းအဝေးမတိုင်ခင်တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ဘဲ ကိုယ်စားလှယ် လစ်လပ်နေရာများ အတိုင်း ထားရှိမည်ဖြစ်သည်။

"ကြားဖြတ်ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ပေးပါ့မယ်။ မဲဆန္ဒ နယ်နေရာတွေ လစ်လပ်နေတာ မကောင်းပါဘူး။ မဲဆန္ဒ နယ်တစ်နယ်မှာ လူထုကိုယ်စားလှယ်က ရှိသင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် လေးနေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် နှစ်နေရာ၊ စုစုပေါင်း ၄၈ နေရာရှိပြီး ၂၀၁၀ အထွေထွေရွေးကောက် ပွဲကာလ၌ လုံခြုံရေးအရ မကျင်းပနိုင်ခဲ့ သည့် နေရာပေါင်း ၁၇ နေရာရှိသည်။

အဆိုပါ ၁၇ နေရာအနက် ရှမ်းပြည်နယ် မိုင်းလားမြို့နယ်တွင် ကိုယ်စားလှယ် တစ်ယောက်မျှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့၍ မကျင်းပခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

"လုံခြုံရေးအရ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ သက်ဆိုင်ရာအာဏာပိုင် တွေနဲ့ တိုင်ပင်ပြီး ကျင်းပနိုင်မယ့် အနေအထားရှိရင် ကျင်းပ ပေးပါ့မယ်"ဟု ဦးတင်အေးက ပြောကြားသည်။

ဦးတင်အေးခေါင်းဆောင်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် ကော်မရှင်ကို အစားထိုးကာ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့သော ကော်မရှင်ဖြစ်သည်။

အဖွဲ့ဝင်ရှစ်ဦး ပါဝင်ဖွဲ့စည်းထားသည့် ကော်မရှင်အသစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်သည့် ရွေးကောက်ပွဲအဖြစ် ခံယူထားသော်လည်း အားနည်းချက် များ ရှိနေခဲ့ကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ၏ ၀န်ထမ်းများသည် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတွင် အားနည်းချက်များ ရှိသကဲ့သို့ မဲဆန္ဒရှင်များအား အသိပညာ ပေးရာတွင်လည်း အားနည်းခဲ့ကြောင်း ၎င်းက ပြောသည်။

"အားနည်းချက်တွေက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာတွေတော့မဟုတ်ပါဘူး။ "အတိတ်ကဟာတွေကို မေ့လိုက်ပါ။ သင်ခန်းစာယူပါ"ဟု ဦးတင်အေးက ဆိုသည်။

၎င်းသည် ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ဇူလိုင်လတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

"ပါတီတွေပြောတာက ဥပဒေတွေ က လုံလောက်ပါတယ်။ ဖော်ဆောင်မှု အပိုင်းမှာ အားနည်းနေတယ်လို့ ပြောကြတယ်"ဟု ဦးတင်အေးက ဆိုသည်။

"ထုတ်ပြန်ထားတဲ့ ဥပဒေတွေအတိုင်း လုပ်ကြမယ်ဆိုရင် အားနည်းစရာမရှိပါဘူး"ဟု ၎င်းက ဆိုသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကန့်ကွက်မှုပေါင်း ၂၉ ခု ရှိခဲ့ပြီး ယခုအခါ အမှုအားလုံးကို စစ်ဆေး ပြီးဖြစ်သည်။

ယခင် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က ကျပ် ငွေ ၁၀ ဒသမ ၈ ဘီလျံခန့် သုံးစွဲခဲ့ပြီး ယခု ကော်မရှင် အသစ်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရန်အတွက် ကျပ်ငွေ သန်း ၇၀၀ ခန့် သုံးစွဲရန် လျာထားကြောင်း ဦးတင်အေးက ဆိုသည်။

"နောင် ရွေးကောက်ပွဲတွေကို အကောင်းဆုံးဖြစ်အောင် လုပ်သွားပါမယ်"ဟု ၎င်းက ဆိုသည်။

ဦးတင်အေးသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ဒုတိယဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်မှ ရွေးချယ်ခံခဲ့ရသည်။

၎င်းအား သမ္မတက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း မတင်သွင်းမီ တစ်ရက်အလိုတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ခဲ့သည်။

ယမန်နှစ် ရွေးကောက်ပွဲအပြီးမှ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလလယ်အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားသည့် ပါတီပေါင်း ၁၀ ပါတီရှိပြီး လေးပါတီမှာ ပါတီမှတ်ပုံတင်ပြီးဖြစ်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အပါအ၀င် သုံးပါတီမှာ ပါတီတည် ထောင်ခွင့် ရရှိထားပြီးဖြစ်သည်။

Myanmar Daily Mail

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်