Subscribe to our RSS Feed

အစိုးရပိုင်အဆောက်အအုံဟောင်းအချို့အား ဟိုတယ်အဖြစ်ဖွင့်လှစ်မည်


ဇော်ဝင်းသန်း
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်အ၀င်မှာ တစ်နှစ်ထက်တစ်နှစ် ပုံမှန်အားဖြင့် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းအထိ မြင့်တက်လျက်ရှိရာ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များ တည်းခိုရေး အဆင်ပြေ စေရန်အတွက် ရန်ကုန်မြို့ရှိ အစိုးရပိုင် အဆောက်အအုံဟောင်းအချို့နှင့် မြေကွက်များကို ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်း ပြည်ပလုပ်ငန်း ရှင်များကို တင်ဒါခေါ်ယူထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကနဦးအနေဖြင့် ရန်ကုန်မြို့ သိမ်ဖြူ လမ်းပေါ်ရှိ ယခင် ၀န်ကြီးများရုံးနှင့် ကျောက်တံတားမြို့နယ်ရှိ ယခင် တရား ရုံးချုပ်ဟောင်း များကို ပြတိုက်အဖြစ် ဆောင်ရွက်ရန် လုပ်ငန်းရှင်များကို ဖိတ် ခေါ်ထားပြီး ပြည်လမ်းပေါ်ရှိ ယခင် နိုင်ငံခြားရေးဝန်ကြီးဌာနကိုမူ ပြည်တွင်း လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည် Youth Force rS Service Apartment အဖြစ် မူလလက်ရာမပျက် ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိ သူက ဆက်ပြောသည်။

"ယခင်ဝန်ကြီးများရုံးနဲ့ တရားရုံးချုပ်ဟောင်းတွေကိုတော့ ပြည်တွင်းသာမက ပြည်ပက လုပ်ငန်းကုမ္ပဏီတွေက ပြတိုက် အဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းထားတာ တွေရှိပါတယ်။ နောက်ဆုံးအဆင့်ကို တော့ ဥက္ကဋ္ဌကပဲ ဆုံးဖြတ်ပေးမှာပါ"ဟု ၎င်းက ဆက်လက် ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ကမ်းနားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံး၊ ပြည်လမ်းရှိ ပြည်ထောင်စု ရိပ်သာမြေကွက်၊ အလုံလမ်းနှင့် ခရေပင်လမ်းထောင့်ရှိ အိမ်ရာအဆောက်အအုံနှင့် မြေကွက်၊ ကုန်သည်လမ်းရှိ မြန်မာ့မီးရထားရုံးချုပ် ဟောင်း၏ ငါးထပ်အဆောက်အအုံတို့အား ဟိုတယ်လုပ်ငန်း နှစ်ရှည်ငှားရမ်း လုပ်ကိုင်ရန် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များကို ဇန်န၀ါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရန် တင်ဒါခေါ် ယူထားကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

"အခုအထိ ပြည်တွင်းရော၊ ပြည်ပကပါ လျှောက်ထားတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ပြည်ပကဆို အာရှတိုက်နိုင်ငံတွေက ဖြစ်ပါတယ်။ အတိအကျကိုတော့ အခု ပြောလို့မရသေးပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဖြစ်တဲ့ ဟိုတယ်နှင့် ခရီး၊ အိုးအိမ်၊ ရထားပို့ဆောင်ရေး ၀န်ကြီး စတဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီး ဘယ်ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးမယ်ဆိုတာ ဆုံးဖြတ်မှာပါ"ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အလားတူ လွန်ခဲ့သော နိုဝင်ဘာလ ၂၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စက်မှု ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဗီယက်နမ် စီပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ရှိကြောင်း ပြောကြားသည်။

အဆိုပါ ဗီယက်နမ်မှ ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်အား ကမ္ဘာအေးဘုရားလမ်းမ၊ ဆီဒိုးနားဟိုတယ်တစ်ဖက်ရှိ ယခင် စက်မှု(၁) ၀န်ကြီး ဌာန တည်နေရာတွင် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်း အခမ်းအနားတွင် ၀န်ကြီးက ဆက်လက် ပြောကြားသည်။

ထို့ပြင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့မှလည်း မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားကြပြီး လာမည့် ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာနိုင်မည်ဟု ၀န်ကြီး ဦးစိုးသိန်းက ပြော ခဲ့သည်။

ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနမှ ၂၀၁၀ ပြည့်နှစ်အထိ ထုတ်ပြန်ထားသော စာရင်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် စုစုပေါင်း ၂၂ လုံးအနက် စင်ကာပူနိုင်ငံ ရင်းနှီမြှုပ်နှံမှုမှာ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှာ ဒုတိယနှင့် တတိယ အများဆုံး ရင်းနှီး မြှုပ်နှံသော နိုင်ငံများဖြစ်သည်။

Myanmar Daily Mail

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်