မြစ်ကြီးနား ဒီဇင်ဘာ ၂၀
ကျွန်မကို ဟိုပင်မြို့နဲ့ မဝေးတဲ့ ရွာတစ်ရွာမှာ ကချင်တိုင်းရင်းသားမိဘတွေက ၁၉၆၈ ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ်၊ ကျွန်မငယ်စဉ်ကတည်းက မှတ်မိသလောက် ကျွန်မရဲ့ဇာတိကျေးရွာဝန်းကျင်မှာ KIA က ကြီးစိုး ခြယ်လှယ်နေခဲ့တာပါ။
အဖေဆိုရင် သူရှာရသမျှငွေကြေးကို အမေ့ကိုတောင် ပွင့်ပွင့်လင်းလင်းမပြောရဲဘူး၊ ငွေရတာ KIA ကသိရင် ဆက်ကြေးလာတောင်းမှာ စိုးလို့ပါ၊ ကျွန်မ ၆ နှစ် အရွယ်လောက်မှာ အဖေဟာ ကျွန်မတို့ မောင်နှမတွေရဲ့ ဘ၀ တက်လမ်းအတွက် အေးချမ်းစွာပညာသင်နိုင်အောင် စုဆောင်းရသမျှငွေကို အရင်းအနှီးလုပ်ပြီး မိသားစုနဲ့အတူ မြစ်ကြီးနားမြို့ပေါ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။
ကျွန်မ မြစ်ကြီးနားမြို့မှာ အခြေချပြီး ပညာသင်နေပေမဲ့ ကျွန်မဇာတိမြေက သတင်းတွေကိုတော့ အမြဲတမ်းနားစွင့်နေခဲ့တာပါ၊ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မတို့မိသားစုလို မြို့ပေါ်ပြောင်းရွှေ့မလာနိုင် သူတွေကတော့ KIA က ပေးတဲ့ဒုက္ခတွေကို တနင့်တပိုးခံနေရတာ နားနဲ့မဆံ့ကြားနေရပါတယ်၊ သွားလာ ဆက်သွယ်ရေးအနေနဲ့လည်း ဟိုပင်-မြစ်ကြီးနား မီးရထားလမ်းကြီးရှိပေမဲ့ KIA က မိုင်းတွေခွဲနေတာကြောင့် ရထားစီးမယ်ဆိုရင် အန္တရာယ်ကင်းစေဖို့ ဘုရားသခင်ထံမှာ အထပ်ထပ်ဆုတောင်းပြီးမှ စီးရတယ်၊ သူငယ်ချင်း တစ်ယောက်ရဲ့အဖေဟာ ဖားကန့်ဘက်မှာ အနှစ်နှစ်အလလပင်ပန်းစွာနဲ့ ကျောက်တူးဖော်ရင်း ကျောက်အောင်ခဲ့တယ်၊ ဒီကျောက်ဟာ သူ့ရဲ့သွေး ချွေးတွေနဲ့ ရင်းပြီး ရှာဖွေခဲ့ရတာပါ၊ ဒါပေမဲ့ အောင်တဲ့ကျောက်ဟာ သူနဲ့သူ့မိသားစုအတွက် မဖြစ်ခဲ့ဘဲ KIA အတွက် လက်နက်ဝယ်ဖို့ဖြစ်ခဲ့တယ်၊ အကြောင်းကတော့ KIA က ကျောက်အောင်တဲ့သတင်းရသွားတဲ့အတွက် သူငယ်ချင်းရဲ့အဖေကို ရက်စက်စွာ သတ်ဖြတ်ပြီး ကျောက်ကိုလုယူသွားခဲ့ခြင်းပါပဲ။
၁၉၉၄ ခုနှစ်ဝန်းကျင် ကျွန်မအသက် ၂၆ နှစ်လောက်မှာ KIA နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးရရှိပြီဆိုတဲ့ သတင်းဟာ ကျွန်မတို့ မြစ်ကြီးနားမြို့ပေါ်ကို မင်္ဂလာရှိစွာ ရောက်လာခဲ့ပါတယ်၊ ကျွန်မအပါအ၀င် မြစ်ကြီးနား တစ်မြို့လုံးသာမက ကျွန်မဇာတိကျေးရွာမှာရှိတဲ့ သူတွေအားလုံး ဖော်မပြတတ်အောင် ၀မ်းသာခဲ့ရတယ်၊ ငြိမ်းချမ်းမှုရဲ့ အရသာကြောင့် အေးချမ်းစွာလုပ်ကိုင်စားသောက်နိုင်ခဲ့တဲ့အတွက် ကားပိုင်၊ အိမ်ပိုင်တွေနဲ့ အေးချမ်းပြည့်စုံတဲ့ ဘ၀တွေကို ပိုင်ဆိုင်လာခဲ့ကြပါတယ်၊ သွားလာဆက်သွယ်ရေးကောင်းမွန်လာတဲ့အတွက်လည်း ဟိုပင်နဲ့ မြစ်ကြီးနား ချောင်းပေါက်မတတ်သွားလာနိုင်ခဲ့ကြတယ်၊ နှစ်ပေါင်း ၂၀ နီးနီး ဝေးကွာခဲ့ရတဲ့ ကျွန်မရဲ့ ဇာတိမြေကို အပူအပင်ကင်းကင်းနေ့ညသွားရောက်လည်ပတ်နိုင်ခဲ့ပါတယ်။
ဒီလိုအေးချမ်းတဲ့ အခြေအနေတစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး လုံးဝပြောင်းလဲသွားခဲ့ပါတယ်၊ ၁၇ နှစ်လောက် အေးချမ်းနေတဲ့ ကချင်ပြည်နယ်ဟာ ဗုံးသံအမြောက်သံတွေနဲ့ စစ်မြေပြင်ပြန်ဖြစ်လာခဲ့တယ်၊ KIA ဟာ အရင်လုပ်ခဲ့ဖူးတဲ့ အလုပ်တွေကို ပြန်လုပ်လာတာပါပဲ၊ ကျွန်မရဲ့ ဇာတိဟိုပင်မြေနဲ့ မြစ်ကြီးနားကြားမှာရှိတဲ့ ရထားလမ်းကို အကြိမ်ကြိမ်မိုင်းခွဲဖျက်ဆီးနေကြတယ်၊ အစိုးရက ပြင်လိုက် သူတို့က ခွဲလိုက်နဲ့၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဟိုပင်က မြစ်ကြီးနားကိုလာရင် ဆားမှော်မရောက်ခင်နားမှာ ရထားလမ်းမိုင်းကွဲတာတွေဖြစ်ခဲ့တယ်၊ ဖြစ်တဲ့နေရာမှာအလောင်း ၂ လောင်းတွေ့ရပြီး တစ်ယောက်က ကျွန်မတို့ဇာတိရွာက မဒီလှအောင် လို့ပြောတယ်၊ သူက ကျွန်မမြစ်ကြီးနားကို ပြောင်းလာပြီးနောက်ပိုင်း KIA က လူသစ်စုလို့ KIA ထဲကို ရောက်သွားခဲ့တာ တပ်ကြပ်အဆင့်ရနေပြီလို့ သိရတယ်၊ တစ်ယောက်ကတော့ ကပ်ကျော်တောင်ရွာဘက်ကလို့ ပြောတယ်၊ မိုင်းထောင်ရင်း ကိုယ်ထောင်တဲ့မိုင်း ကိုယ့်လက်ထဲမှာတင်ကွဲပြီး သေသွားကြတာဖြစ်ပါတယ်၊ KIA ဟာ ဒီဒေသကလူတွေကိုပဲ နယ်မြေကျွမ်းကျင်တယ်ဆိုပြီး မိုင်းပြန်ထောင်ခိုင်းတာပါ၊ အခိုင်းခံရတဲ့သူတွေ မိုင်းထောင်နည်း မကျွမ်းကျင်တာရယ် ဖြစ်သလိုလုပ်ထားတဲ့မိုင်းတွေရယ်ကြောင့် အခုလိုဖြစ်ခဲ့တာပါ၊ ခြေပြတ်၊ လက်ပြတ်နဲ့ တစ်ပိုင်းစီဖြစ်ပြီး သေသွားသူတွေရဲ့ မိသားစုတွေအတွက်ကတော့ ယူကြုံးမရဖြစ်စရာပါပဲ၊ အဆိုးဆုံးကတော့ တစ်ချို့နေရာတွေမှာ သူတို့ကိုယ်တိုင် မိုင်းသွားမထောင်ဘဲ မသိနားမလည်တဲ့ ရွာသားတွေကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး မိုင်းတွေထောင်ခိုင်းနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျွန်မတို့ မြစ်ကြီးနားမြို့ပေါ် သီတာရပ်ကွက်က ဦးဒယောင်တန်ဂွမ်းအိမ်မှာ ဗုံးပေါက်ကွဲသွားလို့ အပြစ်မဲ့ ကလေး၊ လူကြီးတွေ အများအပြားသေကြေခဲ့ရပါတယ်၊ ကျွန်မ သွားကြည့်ချင်ပေမဲ့ မိသားစုကတားလို့ သွားမကြည့်ဖြစ်ခဲ့ဘူး၊ ရပ်ကွက်ထဲကပြောတာကတော့ KIA ရဲ့ မိုင်းတွေစုထားတဲ့အိမ်မှာ မိုင်းထောင်ပုံလေ့ကျင့်ရင်းနဲ့ မတော်တဆပေါက်ကွဲသွားတာလို့သိရတယ်၊ သေသွားသူတွေအတွက် ဘုရားသခင် ထံမှာ ဆုတောင်းပေးနိုင်ရုံကလွဲလို့ ကျွန်မဘာမှမတတ်နိုင်ခဲ့ဘူ့း။
ကျွန်မစဉ်စားမိတယ် ကျွန်မငယ်စဉ်ကတည်းက လေးစားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ခုထဲမှာ တိုင်းပြည်တိုးတက်ဖို့ ပြောခဲ့တာရှိတယ်၊ ဗိုလ်ချုပ်ပြောခဲ့တာက ]]ကြိုးစားလုပ်ကိုင်မှ အနှစ် ၂၀ လောက်ကြာမှာ ဗမာပြည်တော်ရုံရောက်မယ်၊ မလုပ်လို့ရှိရင် ယိုးဒယားကိုတောင်မီမှာ မဟုတ်ဘူး၊ အခြားသော လွတ်လပ်သော တိုင်းပြည်များ ခြေတစ်လှမ်း လှမ်းလျှင် ကိုယ်က ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံကြမယ်}} ဒီမိန့်ခွန်းကို ကျွန်မအရမ်းသဘောကျတယ်၊ အခု KIA လုပ်နေတာတွေက ခြေ ၄-၅ လှမ်းတော့ လှမ်းနေပါတယ်၊ ဒါပေမယ့် ရှေ့ကိုလှမ်းတာမဟုတ်ဘဲ နောက်ကိုပြန်လှမ်းနေတဲ့အတွက် လွန်ခဲတဲ့နှစ်ပေါင်း ၄၀ ကျော် ကျွန်မငယ်ငယ်တုန်းက အေးချမ်းမှုမရှိတဲ့အခြေအနေမျိုးကို ပြန်ပြီးရောက်ရှိနေခဲ့ပါပြီ၊ ရင်နာစရာပါပဲရှင်။
ကံဆိုးစွာနဲ့ ကျွန်မရဲ့ ၀မ်းကွဲမောင်တစ်ဦးဟာ KIA တပ်မတော်က တပ်သားသစ်စုတဲ့အချိန်တုန်းက အဓမ္မ ဆွဲခေါ်သွားခြင်းခံရပြီး အခု KIA မှာ အရာရှိတစ်ဦးဖြစ်နေပါတယ်၊ သူ KIA ထဲကိုရောက်တုန်းက သူ့ဆန္ဒနဲ့ မဟုတ်ဘဲ ရောက်ခဲ့တာဖြစ်ပေမဲ့ အခုအချိန်မှာ ဇာတိရွာကို ပြန်လာဖို့ပြောတာ ဘယ်လိုမှပြောလို့ မရတော့ဘူး၊ ငွေကြေးလည်း တော်တော်လေးပြည့်စုံနေပြီလို့ သိရတယ်၊ ဒီလိုပြည့်စုံတဲ့ဘ၀တစ်ခုကို ရသွားတဲ့အတွက် အဓမ္မ စုဆောင်းခံရစဉ်က အခြေအနေတွေကိုတောင် မေ့သွားတော့တာပါပဲ၊ ကျွန်မမြစ်ကြီးနားမြို့ပေါ် ရောက်ရှိနေတဲ့အချိန်နောက်ပိုင်း သူနဲ့ ရံဖန်ရံခါအဆက်အသွယ်ရှိခဲ့ပါတယ်၊ နောက်ဆုံး သူ လိုင်ဇာကို ရောက်နေတယ်ဆိုတာကိုလည်း သိရတယ်၊ သူ့ဆီကရတဲ့ နောက်ဆုံးသတင်းတစ်ခုကတော့ အလွန်ဝမ်းနည်းစရာပါပဲ။
လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်မိသားစုတွေအတွက် သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ UNHCR၊ UNICEF လို အဖွဲ့အစည်းတွေက ပေးပို့ထောက်ပံ့တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဗန်းမော်ကတဆင့် လိုင်ဇာကို ရောက်လာခဲ့တယ်၊ ဆေးဝါး၊ စားစရာ၊ အနွေးထည်တွေအစုံပဲ၊ အခုချိန်က လိုင်ဇာမှာ အရမ်းအေးတဲ့ အချိန်ဆိုတော့ အနွေးပစ္စည်းတွေ အလွန်ပဲလိုအပ်နေပါတယ်၊ ကလေးတွေဆိုရင် အ၀တ်ပါးလေးတွေနဲ့ ဘယ်လိုမှ မနေနိုင်ဘူး၊ ပစ္စည်းတွေ စားသောက်စရာတွေ ရတော့မယ်ဆိုပြီး ၀မ်းသာနေတဲ့အချိန်မှာပဲ ဥက္ကဌ ဦးဇောင်ဟရားရဲ့ အမိန့်တစ်ခုရောက်လာတယ်၊ အစိုးရဆီက ထောက်ပံ့တာတွေအားလုံး လက်မခံဘဲ ပြန်ပို့ရန်ဆိုတဲ့အမိန့်ပဲ ဖြစ်ပါတယ်၊ တစ်ကယ်တော့ သူတို့ကိုယ်တိုင် ဘာမှပြည့်စုံအောင် လုပ်မပေးနိုင်ဘဲ ဒီလိုအမိန့်ပေးတာဟာ ဒုက္ခသည်တွေကို မဆိုထားနဲ့ ကျွန်မရဲ့မောင်လို KIA အရာရှိတစ်ဦးအတွက်တောင် အတော်ပဲခံပြင်းစရာ ဖြစ်စေခဲ့တယ်၊ KIA လူကြီးတွေဟာ လိုင်ဇာကို လာရောက်နေထိုင်တဲ့သူတွေကိုဗန်းပြပြီး သူတို့ဆောင်ရွက်လိုတဲ့ အခြားရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုတာ သေချာတယ်လို့ သူကပြောတယ်၊ ကျွန်မလည်း ဒီသတင်းကြားကြားခြင်း လုံးဝမနေနိုင်လို့ မိသားစုဝင်တွေကိုပြောမိတော့ ကြားရတဲ့သူတွေအားလုံး အတော်လေးကို မခံချိမခံသာ ဖြစ်ကြတယ်၊ ဒုက္ခသည်စခန်းမှာ ရိက္ခာအလုံအလောက်မရရှိလို့ အငတ်ငတ်အပြတ်ပြတ်နေကြရမဲ့ ဘ၀ကို ကိုယ်ချင်းစာနာမိပါတယ်။
အခုလိုဆောင်းတွင်းမှာ အ၀တ်အထည်နဲ့ စောင်တွေ လုံလုံလောက်လောက်မရှိကြတော့ အအေးဒဏ်ကို အလူးအလဲခံစားကြရပြီး ကလေးငယ်နဲ့ အသက်ကြီးတဲ့သူတွေဆိုရင် ဖျားနာတာတွေများနေပြီလို့ သိရပါတယ်၊ အားလုံးရဲ့ကိုယ်စားပြောရရင် ဒုက္ခရောက်နေသူတွေအတွက် လိုနေတာက အ၀တ်နဲ့စားစရာ ရလာတာက ထောင်စရာမိုင်း လို့ပဲ ဆိုချင်ပါတော့တယ်။
ပြီးခဲ့တဲ့ ၁၅ ရက်နေ့ သတင်းစာဖတ်ရပါတယ်၊ ၀မ်းသာစရာသတင်းထူးတစ်ခုကတော့ အစိုးရက စစ်တပ်ကို ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ မလုပ်တော့ဖို့ ညွှန်ကြားခဲ့ပါတယ်၊ စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်မလုပ်တော့ဘူးဆိုရင် KIA က ဘာဖြစ်လို့ ဆက်တိုက်နေရတာလဲ၊ သေချာတာကတော့ ဒေသခံတိုင်းရင်းသား တွေနဲ့ KIA လက်အောက်ခံစစ်သည်တွေက ငြိမ်းချမ်းရေးကို လိုလားတောင့်တနေပေမဲ့ စစ်ကိုသာလိုလားတဲ့ KIA စစ်သွေးကြွခေါင်းဆောင်တွေက ဆက်တိုက်ဖို့ အမိန့်ပေးနေလို့ပဲ ဖြစ်မှာပါ။
အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုလုပ်တဲ့သတင်းတွေ သတင်းစာနဲ့ ရုပ်မြင်သံကြားမှာ တွေ့နေရပါတယ်၊ ဒါဟာ အဲဒီဒေသကတိုင်းရင်းသားတွေအတွက် အင်မတန်ဝမ်းမြောက်စရာ ဖြစ်မှာပါ၊ ကျွန်မလည်း ကျွန်မမွေးရပ်ဇာတိအပါအ၀င် ကချင်ပြည်နယ်ကို အေးချမ်းစေလိုပါတယ်၊ ကျွန်မတို့ လိုလားတဲ့ ငြိမ်းချမ်းမှုကိုပဲ ပေးပါ၊ လူသတ်၊ တံတားဖျက်၊ ရထားလမ်းဖျက်မဲ့ဗုံးတွေ မိုင်းတွေကိုမပေးပါနဲ့တော့လို့ ဦးဇောင်းဟရားနဲ့ KIA လူကြီးများကို ကျွန်မတောင်းဆိုလိုက်ပါတယ်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်