Subscribe to our RSS Feed

အာဆီယံဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ထပ်မံကျင်းပသွားမည်


မြန်မာနိုင်ငံ၌ အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အဆင့်မြင်အရာရှိကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် ကျင်းပသွားရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ပြောဆိုသည်။ မြန်မာနိုင်ငံသည် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ပထမအကြိမ်အဖြစ် ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့၌ ကျင်းပပေးခဲ့ကြောင်း သိရသည်။ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ (၁၂) ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် ပထမဦးဆုံး အကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်အဖြစ် ဒုတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်သည့် အဆိုပါ အဆင့်မြင့်အရာရှိကြီးများ အစည်းဝေးကို ၂၀၁၂ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး နေပြည်တော် သို့မဟုတ် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ်ကျင်းပခဲ့သည့် အာဆီယံ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးသို့ မြန်မာအပါအဝင် အာဆီယံနိုင်ငံရှိ အိုင်တီ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး၌ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အကောင်အထည်ဖော်ဆောင်ကြမည့် စီမံကိန်းများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် အာဆီယံ အိုင်တီရန်ပုံငွေ လျာထားချက်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဘရူးနိုင်ဒါရုဆလမ်နိုင်ငံ၌ ၂၀၀၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်