Subscribe to our RSS Feed

သန့်ရှင်းတဲ့ ဘာသာရေးအလုပ်၊ သန့်ရှင်းတဲ့ နိုင်ငံရေးအလုပ်


ခုတလော အင်တာနက် သတင်းတွေမှာ ရွှေညဝါ ဆရာတောနဲ့ ပတ်သက်တဲ့ သတင်းတွေ တော်တော်လေး တက်နေတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့မှာ မန္တလေးတိုင်း( NLD) ရုံးချုပ်မှာ ရွှေညဝါ ဆရာတော်က တရားဟော ခဲ့တာကြောင့် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ဆရာတော်ကို ဒီဇင်ဘာလ (၁၂)ရက်နေ့ ရက်စွဲနဲ့ အကြောင်း ကြားစာ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် (၄၇) ပါး စုံညီ အစည်းအဝေးပါ ဆုံးဖြတ်ချက် အကြောင်းကြားစာမှာ ရွှေညဝါ ဆရာတော်ကို သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃ အဆင့်ဆင့်ရဲ့ ညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ် (သံဃ အဖွဲ့အစည်းရဲ့ အဆုံးအမကို မနာခံသူ) အဖြစ် သတ်မှတ်ရန်နဲ့ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ သာဓုကျောင်း အတွင်း မည်သည့် သင်တန်းကိုမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်ပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဗုဒ္ဓဘသာကို လူအများစု ကိုးကွယ်တဲ့ ဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်နဲ့ ဟိန္ဒူဘာသာတို့ကို လူနည်းစု ကိုးကွယ်တဲ့ ဘာသာတွေ အဖြစ် အသိအမှတ် ပြုထားတာ တွေ့ရပါတယ်။ ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ လူမျိုးရေး အရပဲဖြစ်ဖြစ် အမုန်းပွားစေမယ့် လုပ်ရပ် တွေကိုတော့ တားမြစ်ထားတာ တွေ့ရ ပါတယ်။

ဘာသာရေးနဲ့ နိုင်ငံရေးကို တစ်ခုနဲ့တစ်ခု အပြန်အလှန် ခုတုံးလုပ် အသုံးချတာကိုလည်း တားမြစ်ထားတာ တွေ့ရပါတယ်။ ခုလည်း ရွှေညဝါ ဆရာတော်ဟာ ပါတီတစ်ခု၊ အသင်းအဖွဲ့ တစ်ဖွဲ့အတွက် ရည်ရွယ်ပြီး ဟောပြောနေတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ရာလည်း ရောက်နေပါတယ်။ အသုံးချသလို ဖြစ်နေတဲ့ သက်ဆိုင်သူတွေ အနေနဲ့လည်း ဒီအချက်ကို သတိထားသင့် သလို၊ ဘာသာရေးနဲ့ နိုင်ငံရေး ထွေးရောယှက်တင် ဖြစ်နေတဲ့ ရွှေညဝါ ဆရာတော်ရဲ့ ဟောပြောမှုတွေကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ဥပဒေကြောင်း အရေးယူ ဆောင်ရွက်စရာတွေ ဖြစ်လာစေပါတယ်။ အဲဒီလို ဖြစ်လာပြန်တော့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွှေညဝါ ဆရာတော်ကိုပဲ အမြင်မကြည်လို့ ဥပဒေမဲ့ အရေးယူဖို့ ကြိုးပမ်းနေသလိုလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း(NLD) ရုံးမှာ တရားဟောလို့ နှုတ်ထွက်ဖို့ ဖိအားပေးသလိုလို ရေးသားလာကြတာ တွေ့လာရ ပြန်ပါတယ်။

ဒီနေ့ ဒီအချိန်ဟာ ဘယ်သူတစ်ဦး တစ်ယောက်ကမှ ဥပဒေကို ကျော်လုပ်လို့ မရတော့ပါဘူး။ အဲလိုပဲ ဥပဒေမဲ့ လုပ်ရပ်ကိုလည်း ဘယ်သူ တစ်ဦးတစ်ယောက်မှ ချိုးဖောက်လို့မရပါဘူး။ ပြည်သူတွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလိုပဲ ကိုယ်နှစ်သက်ရာ ပါတီ ကိုယ်စားလှယ်လောင်းကို လွတ်လွတ်လပ်လပ် မဲပေး ရွေးချယ်ခဲ့ကြသလို၊ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြှောက် နိုင်ကြတော့မှာ ဖြစ်ပါတယ်။

လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု၊ တာဝန်ခံမှု တွေလည်း ပူးတွဲ လိုက်ပါလာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံသား အားလုံး ဟာလည်း ဥပဒေကို လေးစား လိုက်နာကြရမှာ ဖြစ်ပါတယ်။ ဘာသာရေးသမားက ဘာသာရေးကို လုပ်ဖို့၊ နိုင်ငံရေး သမားက နိုင်ငံရေးအလုပ်ကို လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဘာသာရေး သမားက သန့်ရှင်းတဲ့ ဘာသာရေး၊ နိုင်ငံရေးသမား ကလည်း သန့်ရှင်းတဲ့ အလုပ်ကို လုပ်ကြရင် အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည် ပါတယ်။ အဲလိုဆိုရင် သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို အကောင်အထည် ဖော်နေတဲ့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရရဲ့ ဆောင်ရွက်ချက် တွေကိုလည်း ဝန်းရံအားပေးရာ ရောက်မယ်လို့ သက်ဝင်ယုံကြည်မိပါတယ်။

မျိုးဆက်သစ်
ကျေးစေတမန်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်