Subscribe to our RSS Feed

အစိုးရသက်တမ်းအတွင်း ထာဝရငြိမ်းချမ်းရေးရယူမည်ဟုဆို


ရတနာထွန်း
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေးကို ယခုအစိုးရသက်တမ်း လေးနှစ်ကျော် ကာလအတွင်း အရယူ နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က သတင်း မီဒီယာများနှင့် တွေ့ဆုံပြောဆိုရာတွင် ပြည်တွင်း၌ လက်နိုင်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ခန့်ရှိပြီး အဆိုပါအဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူမှုသည် လက်ရှိ အခြေအနေတွင် အောင်မြင်မှုရရှိနေသည်ဟု ၎င်းကပြောသည်။

"ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ကိစ္စက အလွန်ကို Sensitive ဖြစ်ပါတယ်။ အရင် အခြေအနေ အရပ်ရပ်ကို လေ့လာပြီး တိုင်းရင်းသား တွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ စိတ်ထဲက စေတနာကို ပြင်ပလက္ခဏာအားဖြင့် ခံယူချက်မှား မသွားအောင်၊ အဓိပ္ပာယ် ယူဆချက် ပြောင်းမသွားအောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒါတွေကို အခြေခံပြီး လုပ်လို့ ကျွန်တော်တို့ အောင်မြင်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ရက်ပိုင်းနဲ့ရမယ်လို့ သမ္မတအဆင့် မပြောနဲ့၊ ကျွန်တော်တို့အဆင့်တောင် မပြောပါဘူး။ ကျွန်တော်တို့ရဲ့ အစိုးရ သက်တမ်းမှာ ဒီအဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရအောင် ခိုင်ခိုင်မာမာ လုပ်မယ်လို့ ရည်မှန်းထားပါတယ်"ဟု ယခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးအောင်သောင်းက ပြောသည်။

နိုင်ငံတော်သမ္မတမှ ဩဂုတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းလက်နက်ကိုင် အဖွဲ့များသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်လွှာ ပေးပို့ခဲ့ပြီး ၎င်း တို့နှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ် အဆင့်စသည့် အဆင့်နှစ်ဆင့်ဖြင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်နေရာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် သုံးဖွဲ့ ဖြစ်သည့် '၀' အထူးဒေသ (၂)၊ '၀' အထူး ဒေသ (၄)နှင့် ကလို့ထူးဘောအဖွဲ့ (ယခင် DKBA ) တို့နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးမှု ရောက်ရှိနေပြီဖြစ်ပြီး ကျန် အဖွဲ့များမှာ ပြည်နယ်အဆင့်ဖြင့် ဆွေးနွေးနေဆဲနှင့် ဆွေးနွေးရန် ညှိနှိုင်းနေဆဲဟု ၎င်းကပြောသည်။

"ဆွေးနွေးတဲ့နေရာမှာ စစ်ရေးကို လုံးဝအားမပေးပါဘူး။ ဖြစ်နိုင်သမျှ စစ်ရေးကို ရှောင်ပြီးသွားဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အရင် ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ တပ်မတော်အစိုးရခေတ် တုန်းက တွေ့ခဲ့တဲ့ပုံစံမျိုးတွေ ကျွန်တော်တို့ မလုပ်ပါဘူး။ အရင်ကတော့ အားလုံး သဘော တူညီပြီးမှ လက်မှတ်ထိုးကြပါတယ်။ အခုက မတူတဲ့အချက်ကို အပ ထား၊ တူသမျှလေးကို တစ်ခါတွေ့ရင် တစ်ခါလက်မှတ်ထိုးတယ်။ မတူတာတွေကို ညှိနှိုင်းဆောင်ရွက်ပါတယ်"ဟု ဦးအောင်သောင်းက ဆိုသည်။

ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် လက်နက်ကိုင်အဖွဲ့များ၌ အခြေခံအားဖြင့် တူညီသည့်အချက်များ ရှိနေသည်ကို တွေ့ရသည်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့၏ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ပြောသည်။

"ဒီနေ့ နိုင်ငံမှာရှိကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ပြည်ထောင်စုကြီး ပြိုကွဲမယ့် အရေးကိစ္စတွေကို မည်သူ တစ်ဦး တစ်ယောက်ကမှ မလိုလားပါဘူး။ ပြည်ထောင်စုကြီးထဲမှာ အေးအတူ ပူအမျှ တန်းတူရည်တူနဲ့ အားလုံးအတူ လက်တွဲပြီး နေထိုင် လုပ်ကိုင်သွားကြလိုတဲ့ အဖွဲ့အစည်းတွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ဆုံသမျှအဖွဲ့တိုင်း ပြည်ထောင်စု မပြိုကွဲဖို့ အရေး၊ နိုင်ငံတော်မှာ တည်ငြိမ်အေးချမ်းမှုရှိဖို့၊ ဖွံ့ဖြိုး တိုးတက်ဖို့ကို လိုလားတာချင်းတူနေကြတဲ့အတွက် ဒီအချက်တွေပေါ် အခြေခံပြီး တည်ဆောက်သွားမယ်ဆိုရင် အင်မတန် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပြီးသား ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ဖော်ပြခဲ့သည့် ဧရာဝတီ ပြင်ပသတင်းမီဒီယာဌာန၏ သတင်းတစ်ခုတွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်း တစ်ခုဖြစ်သည့် KIO/KIA ၏ ဒုတိယခေါင်းဆောင် ဗိုလ်မှူးချုပ် Gun Maw က KIA အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု၊ ဖြေရှင်းမှုများကို လိုလားပြီး အစိုးရဘက်မှ အပစ်အခတ် ရပ်စဲရေးကို အဓိကထားပြောဆိုနေသည်ဟု ဖြေခဲ့သည်။

အစိုးရဘက်ကလည်း KIA/KIO နှင့် တွေ့ဆုံဆွေးနွေးမှုများသည် သဘောတူညီမှုရှိရန်နီးစပ်လာပြီဖြစ်ပြီး အဆင်ပြေမည့် အလား အလာများရှိနေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်သောင်းက ပြောသည်။

"သူတို့တောင်းတာက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ကျွန်တော်တို့ကလည်း သဘောတူတယ်။ သူတို့က စစ်ရေးလမ်းစဉ်ကို မဆင်နွှဲနဲ့၊ ကျွန်တော်တို့ကလည်း သဘောတူတယ်။ ကျွန်တော်တို့ဆွေးနွေးတာက အပစ်အခတ်တွေကို ရပ်ပါ။ ကျွန်တော်တို့လည်းရပ်မယ်၊ ခင်ဗျားတို့လည်းရပ်မယ်။ ပြီးရင် တစ်ပြိုင်နက်တည်း ဆွေးနွေးမယ်။ သူတို့ကကျတော့ ဆွေးနွေးရင်းနဲ့ တပ်တွေ ရုပ်သွားမယ်။ ဒါလေးပါပဲ၊ တေ့လွဲလေးပါပဲ။ အားလုံးလည်း အဆင်ပြေသွားမယ့် သဘောရှိပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်း ချမ်းမှုရရှိရန် မဖြစ်မနေလိုအပ်လာသည့် အနေအထားသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ယခု ကဲ့သို့ပြောသည်။

"တိုင်းပြည်မှာ အများသိတဲ့အတိုင်း ငြိမ်းချမ်းမှုမရှိပါဘူး။ မရှိခဲ့တာလည်း နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ပါတယ်။ နှစ် ၆၀ ကျော်ကြာအောင် လက်နက်ကိုင်အဖွဲ့ အစည်းတွေရှိနေတာ ကမ္ဘာမှာတစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာကလည်း အထင်သေးတယ်။ တိုင်းပြည်ကလည်း အထင်သေးခံရတဲ့ အနေအထားဖြစ်နေတယ်။ ဒီဘ၀က ကျွန်တော်တို့ လွတ်မြောက်ချင်တယ်" ဟု ဦးအောင်သောင်းကဆိုသည်။

KIO/KIA နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးရန် အဖွဲ့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် ဦးအောင်သောင်း၊ ဦးသိန်းဇော် နှင့် မီးရထားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ပါဝင်သည်။

Myanmar Daily Mail


Myanmar Express

2 comments:

မင်္ဂလာသတင်းပါ။ဒါတွေသာတကယ်ဖြစ်လာခဲ့ရင်ကောင်းပါတယ်ဗျာ။

မင်္ဂလာသတင်းပါ။ဒါတွေသာအမှန်ဖြစ်ပါလာရင်ပေါ့ဗျာ..။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်