Subscribe to our RSS Feed

အစိုးရသစ်လက်ထက်၌ အာဆီယံနှင့်ပတ်သက်သည့် ၀န်ကြီးအဆင့်အစည်းအဝေးကို နေပြည်တော်တွင် ပထမဦးဆုံးအကြိမ်ကျင်းပ



၁၁ ကြိမ်မြောက် အာဆီယံနိုင်ငံများ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ၀န်ကြီးများအဆင့် အစည်းအဝေးနှင့် ၁၂ ကြိမ်မြောက် အာဆီယံ ကြေးနန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အစိုးရသစ်လက်ထက်တွင် အိမ်ရှင်နိုင်ငံအဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (နေပြည်တော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။ "အာဆီယံနဲ့ပတ်သက်ပြီး ၀န်ကြီးအဆင့်အစည်းအဝေးကို အစိုးရသစ်လက်ထက်မှာ အိမ်ရှင်အဖြစ် ပထမဦးဆုံးကျင်းပတဲ့ပွဲပဲ" ဟု အစည်းအဝေးကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ ၁၁ ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ၀န်ကြီးအဆင့်အစည်းအဝေးပွဲကို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ၀န်ကြီးများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများအပြင် အာဆီယံအတွင်းရေးမှုးချုပ်ရုံးမှ ဒုတိယ အထွေထွေအတွင်းရေးမှုးချုပ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။ ၁၁ ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ၀န်ကြီးအဆင့်အစည်းအဝေးပွဲ၌ အိုင်စီတီအခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း အိုင်စီတီအသုံးပြုမှုတိုးတက်ရေး၊ ဆက်သွယ်ရေးကွန်ရက်လုံခြုံရေး၊ လူအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ၀န်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ အိုင်စီတီစွမ်းရည်တိုးတက်ရေးနှင့် သတင်းအချက်အလက်နည်းပညာကျွမ်းကျင်မှု ဖလှယ်နိုင်ရေး၊ မြန်နှုန်းမြင့် ကွန်ရက်တည်ဆောက်ရေး၊ အာဆီယံ Smart Network ထူထောင်ရေး၊ e - Government နှင့် e - Network တို့ကို ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ အလားတူပင် ၁၂ ကြိမ် မြောက် အာဆီယံကြေးနန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၌ ၂၀၁၁ - ၂၀၁၂ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်မည့် စီမံကိန်းများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များ၊ အာဆီယံအိုင်စီတီအတွက် ရန်ပုံငွေလျာထားချက်များနှင့် အခြားသောအချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။ ရေးသားသူ - မြင့်ကျော်လှိုင်

Myanmar Daily Mail

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်