Subscribe to our RSS Feed

KIA ကြောင့် ဆုံးရှုံးနစ်နာခဲ့ရသူ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ခံစားချက်


စီးပွားရေးလုပ်ငန်းဆိုတာ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်မှု၊ ဒေသတည်ငြိမ်အေးချမ်းမှုနှင့် တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စဖြစ်ပါတယ်၊ စီးပွားရေးလုပ်ငန်းကောင်းမွန်မှသာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိ နိုင်မှာဖြစ်တယ်၊ ဒေသတစ်ခုရဲ့ စီးပွားရေးကောင်းမွန်မှုဟာ အဲ့ဒီဒေသကို ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသအသီးသီး စုပေါင်းလိုက်ရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ သေချာတဲ့အမှန်တရား ဖြစ်ပါတယ်၊ ကချင်ပြည်နယ်အတွင်း လမ်းပမ်းဆက်သွယ်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေခဲ့တဲ့ KIA ရဲ့ လုပ်ရပ်ဟာ ကချင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဟန့်တားနေခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ ကချင်ပြည်နယ်ဇာတိ၊ ကချင်တိုင်းရင်းသားတစ်ယောက် မဟုတ်ပေမယ့် ကချင်ပြည်နယ် ထဲမှာ စီးပွားရေး လာရောက်လုပ်ကိုင်နေခဲ့တာ ၁၅ လောက်ရှိပါပြီ၊ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ အခွန်နှုန်းတွေ ပေးဆောင်ရသလို KIA က သတ်မှတ်ထားတဲ့ ဆက်ကြေးတွေလည်း တရားမ၀င်ပေးဆောင် နေရပါတယ်၊ KIA ရဲ့ဆက်ကြေးနှုန်းထားဟာ အစိုးရတပ်နှင့် တိုက်ပွဲတွေဖြစ်တာနဲ့တစ်ပြိုင်တည်း အဆမတန်တိုးမြှင့် လာတယ်၊ အရင်ကတည်းက နှုန်းထားအမျိုးမျိုးနဲ့ ကောက်ခံနေရာကနေ အခုတိုက်ပွဲတွေဖြစ်တော့ ပိုဆိုးလာတယ်၊ စီးပွားရေးကိုကြီးကြီးမားမား ဆောင်ရွက်သူတွေ၊ အလယ်အလတ်အဆင့် လုပ်ကိုင်သူတွေနဲ့ လက်လုပ်လက်စား တောင်ယာစိုက်ပျိုးသူတွေမကျန် ယခင်ကမကြားဘူးတဲ့ ဆက်ကြေးနှုန်းထားတွေ ပေးဆောင်နေရတာဟာ ဒေသခံ လူတန်းစားအလွှာအသီးသီးရဲ့ စီးပွားရေးထိခိုက်စေပြီး ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူအားလုံးကို အတိဒုက္ခ ရောက်စေလျက်ရှိပါတယ်။


နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ အစိုးရက ဖိတ်ခေါ်နေပေမယ့် KIA ခေါင်းဆောင်ပိုင်းကတော့ ခေတ်နဲ့မလျှော်ညီတော့တဲ့ အယူအဆဟောင်းတွေကိုသာ သေသည်အထိ ရှေ့တန်းတင်စွဲကိုင်သွားမယ်လို့ ထင်ပါတယ်၊ ဘယ်လိုမှ ယှဉ်ပြိုင်တိုက်နိုင်မှာမဟုတ်တဲ့ စစ်တပ်ကို တွေးခေါ်မှုမဲ့စွာနဲ့ ရန်စခဲ့ပါတယ်၊ နံရံကို ကြက်ဥနဲ့ ပေါက်နေသလို မိုက်တွင်းနက်မြဲနက်နေပါတယ်၊ ကချင်ပြည်နယ်ထဲက ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို သူတို့ရဲ့အာဏာရရှိရေးအတွက် အသုံးချနေတယ်လို့ ယူဆရမှာပဲဖြစ်ပါတယ်၊ တကယ်တမ်း KIA လူကြီးတွေသာ မှန်ကန်စွာတွေးခေါ်နိုင်တဲ့ ဦးနှောက်ရှိမယ်ဆိုရင် ကိုယ့်ပြည်နယ်ထဲမှာ တိုက်ပွဲတွေမဖြစ်စေဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ခေါင်းဆောင်ပီပီ ကြိုးပမ်းဖြေရှင်းနိုင်ရမှာဖြစ်ပါတယ်၊ ကချင်ပြည်နယ်ထဲက ဖြစ်တည်ပြီးသား ဖွံ့ဖြိုးမှုအခြေခံအုတ်မြစ်တွေကို KIA ခေါင်းဆောင်တွေကိုယ်တိုင် ဖျက်ဆီးခဲ့တာဟာ ရှင်သန်ဖို့အားယူနေတဲ့ အပင်တစ်ပင်ရဲ့ အကိုင်းအခက်တွေကို ဖြတ်တောက်ပစ်လိုက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်၊ အခုတော့ နှစ်ပေါင်း ၂၀ လောက်တည်ဆောက်ခဲ့ရတဲ့ လမ်း၊ တံတားနှင့် အဆောက်အဦတွေဟာ လပိုင်းအတွင်းမှာပဲ ပျက်စီးကုန်ပါပြီ၊ ကချင်တိုင်းရင်းသားမဟုတ်တဲ့ ကျွန်တော်တောင် ဒီလောက်ခံစားရရင် အဲ့ဒီဒေသမှာ မွေးဖွားကြီးပြင်းသူတွေ အတွက်ဆိုရင်တော့ ဘယ်လောက်တောင် ခံစားရမလဲဆိုတာ မတွေးတတ်အောင်ပါပဲ၊ ဒေသတွင်းက တောင်ယာ စိုက်ပျိုးအသက်မွေးရတဲ့ လက်လုပ်လက်စားတွေဟာ စပါးစိုက်ချိန်မှာ စပါးစိုက်ခွင့်မရဘဲ၊ KIA ရဲ့ အဓမ္မ စုဆောင်းခြင်းခံရတယ်၊ အခုလိုစပါးရိတ်ချိန်မှာလည်း စပါးမရိတ်နိုင်ဘဲ KIA အတွက် အလုပ်လုပ်ပေးနေရတယ်၊ မိသားစုဘ၀တွေ အလွန်ပဲဆိုးရွားလှပါတယ်။


ကျွန်တော်ဆိုရင် ဖားကန့်ဘက်ကလုပ်ငန်းတွေကို ထားခဲ့ပြီး မန္တလေးနှင့် ရန်ကုန်မှာရှိတဲ့ လုပ်ငန်းတွေကိုပဲ ဆက်လုပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ရတယ်၊ ဖားကန့်ဘက်က အရင်းအနှီးတွေတော်တော်များများ ဆုံးရှုံးခဲ့ရပြီ၊ ဒီအကြောင်းတရားတွေရဲ့တရားခံဟာ KIA ပဲဖြစ်ပါတယ်၊ သူတို့တောင်းသမျှ ဆက်ကြေးကို တတ်နိုင်သမျှပေးပြီး အဆင်ပြေအောင်ဆက်ဆံခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်၊ ကြာရင် ကျွန်တော့လို အသက် ၆၀ နီးပါးလူကိုတောင် KIA လူသစ်အဖြစ် ဆွဲခေါ်တော့မယ့် အခြေအနေမျိုးဖြစ်လာတယ်၊ အတင်းအကြပ် ဆက်ကြေးတောင်းတဲ့အပြင် အသက်ကိုပါ ခြိမ်းခြောက်ရန်ရှာနေတဲ့အတွက် ဒီဇင်ဘာလဆန်းပိုင်းက ကျွန်တော် အပါအ၀င် ဖားကန့်ဘက်က စီးပွားရေးသမားတွေ စုပေါင်းပြီး ငွေသိန်း ၁၅၀ လိုင်ဇာကို ပို့ပေးခဲ့ရတယ်၊ ဒီအတွက် လိုင်ဇာမှာရှိတဲ့ လူကြီးတွေက အခုလိုပို့ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနှင့် သတ်မှတ်ချက်ပြည့်ဖို့ ကျန်တဲ့ငွေ သိန်း ၃၅၀ ကို အမြန်ဆုံးထပ်မံပို့ပေးစေလိုကြောင်း ကျွန်တော်တို့ကို ထပ်ပြောလာခဲ့ပါတယ်၊ လူကြီးမင်းများ စဉ်းစားသာကြည့်ပါတော့ အင်မတန်စက်ဆုပ်ရွံရှာစရာကောင်းလှတဲ့အဖွဲ့အစည်းဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဒီအဖွဲ့အစည်းရှိတဲ့နေရာမှာ အလုပ်လုပ်ရတာကို ကျွန်တော် စိတ်ကုန်သွားခဲ့ပြီး ဖားကန့်ဘက်က လုပ်ငန်းတွေကို ရင်နာစွာနဲ့ ထားရစ်ခဲ့ရတာပါ။

ကျွန်တော်ကိုယ်တိုင် သိရှိခံစားရတဲ့ခံစားချက်တွေအပြင် ကချင်ပြည်နယ်ထဲမှာ စီးပွားရေးလုပ်နေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေဆီက ကြားရတဲ့သတင်းတွေ စုစည်းပြီးပြောပြချင်ပါတယ်၊ KIAရဲ့ ကချင်ပြည်နယ်မှာ နောက်ဆုံးပေါ် စီးပွားရှာနည်းတွေပဲဖြစ်ပါတယ်။



 သြဂုတ်လ ၂၇ ရက်နေ့မှာ KIA လုံးတုံတိုက်နယ်ရုံးက ရှမ်းလီ ဆိုသူဟာ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာအနီးမှာ အလုပ်လုပ်နေတဲ့ ရွှေမှော်လုပ်ငန်းသုံး ဘက်ဟိုးယာဉ်တွေဆီက တစ်စီး ၁၅ သိန်းနှင့် ၂၅ စီးအတွက် ၃၇၅ သိန်း ကောက်ခံသွားပါတယ်။

 ခိုင်မာသောပန်းတိုင်ကုမ္ပဏီရဲ့ ကာမိုင်းမြို့ အ၀င်ဂိတ်နှင့် ဖားကန့်မြို့ အ၀င်ဂိတ်တွေကို KIA ဂေါ်ရီတိုက်နယ်မှူး လရိန်က သြဂုတ်လအတွင်းက ဆက်ကြေးငွေ ၂၅ သိန်းတောင်းခဲ့ပါတယ်၊ ကုမ္ပဏီက အဲဒီဆက်ကြေးငွေကို သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ၂ ကြိမ်ခွဲပြီး ပေးခဲ့ရပါတယ်။

 အောက်တိုဘာလ ၁၆ ရက်နေ့က KIA အဖွဲ့တစ်ဖွဲ့ ဆန်ခါ ကိုရောက်လာပြီး လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ ရတနာမြေတွေမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ဈေးဆိုင်တွေကို အရွယ်အစားအလိုက်ပေးသွင်းရမယ့် ဆက်ကြေးနှုန်းထားစာရင်း လာပေးခဲ့တယ်၊ ဒီငွေတွေကို ရင်း(၆)ကိုပေးသွင်းရမှာဖြစ်ပြီး နှုန်းထားတွေကတော့ ကုမ္ပဏီများ သိန်း ၂၀၀ မှ သိန်း ၅၀၀ ထိ၊ ကုန်စုံဆိုင်များ ၅ သိန်းမှ ၁၀ သိန်းထိ၊ စက်သုံးဆီဆိုင် ၁ သိန်းမှ ၅ သိန်းထိ၊ လက်ဖက်ရည်ဆိုင် ၁ သိန်းမှ ၃ သိန်းထိ ဖြစ်ပါတယ်။

 ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တောင်ယာမှော်မှာ ရွှေလုပ်နေတဲ့ ကျွန်တော့ရဲ့မိတ်ဆွေ ရွှေသပြေအောင် ကုမ္ပဏီကလူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ KIA တိုက်နယ်မှူး ဇလွန်းဆိုသူကခေါ်ယူပြီး သတ်မှတ်ဆက်ကြေးငွေမပေးလျှင် ကုမ္ပဏီက တာဝန်ရှိသူအားလုံး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ငွေတောင်းခဲ့တယ်၊ ကုမ္ပဏီအနေနဲ့ ရှိသမျှရွှေရောင်းပြီး ရတဲ့ငွေ သိန်း ၁၂၀ ကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သွားပေးခဲ့ရတယ်၊ ငွေလက်ခံတာက KIA က ဒုအရာခံဗိုလ် နော်တိန်းဆိုသူဖြစ်တယ်၊ ဒီဇင်ဘာလကျတော့ KIA ရဲ့ အကောက်ခွန်တာဝန်ခံတွေ ပြောင်းသွားတဲ့ အတွက် နောက်လူဖြစ်တဲ့ ဒုအရာခံဗိုလ်ရော်ဘင်ကို သိန်း ၂၀၀ ထပ်ပေးခဲ့ရတယ်၊ ဒါ့အပြင် KIA ဗဟိုက ပေးသွင်းတာနောက်ကျမှုနှင့် နောက်ထပ် ၅၅ သိန်းထပ်ပေးဖို့ ကုမ္ပဏီကို ဒဏ်ရိုက်ခဲ့တဲ့ အတွက် ဒီဇင်ဘာလ အကုန်မှာ အဲ့ဒီငွေထပ်ပေးရမယ်လို့ သိရတယ်။

 KIA တပ်မဟာ(၂)ဟာ ကျွန်တော်တို့ ရွှေနဲ့ ကျောက်သမားတွေဆီက ဆက်ကြေးကောက်ဖို့ ဧရိယာ ခွဲထားပြီးဖြစ်ပါတယ်၊ ကုမ္ပဏီတွေအတွက်ကတော့ ရမယ့်ရွှေကဘယ်မှာနေလဲ မသိသေးဘူး ဆက်ကြေးကောက်မယ့်သူက အသင့်စောင့်နေပါပြီ၊ ကျွန်တော်သိရသလောက် ဥရုချောင်းနှင့် နန့်ပင်းချောင်းဆုံရဲ့အရှေ့တောင်ဘက် ရွာတွေက ရင်း(၆)ကို ငွေပေးရမယ်၊ ဥရုချောင်းနှင့် နန့်ပင်းချောင်းဆုံရဲ့အနောက်တောင်ဘက် ရွာတွေကတော့ ရင်း(၂၆)ကို ငွေသွင်းရမယ်။

 ကန်ဆီးနယ်မြေအတွင်း ရေမဆေးကျောက် ရှာဖွေခြင်း၊ ကျောက်တူးဖော်ခြင်းနှင့် ရွှေလုပ်ငန်း လုပ်ကိုင်လိုသူတွေကို KIA ရင်း(၆)က မှော်ဝင်ခွင့်လက်မှတ် တစ်စောင်အတွက် ၅,၀၀၀ ကျပ် နှုန်းနှင့် ကန်ဆီးအ၀င်ဂိတ်မှာ ရောင်းစားနေပါတယ်။

 ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ KIA ရင်း(၆)က လိုင်ဆိုင်းမြို့နယ်၊ ဒုမြို့နယ်မှူးဖြစ်တဲ့ ဒုအရာခံဗိုလ် မရူနန်နောင် ဟာ ဥရုချောင်းအနောက်ဘက်ကမ်း ဝှေဆိုင်းရွှေမှော်မှာရှိတဲ့ ရွှေမိုးမင်းကုမ္ပဏီကို ရောက်ရှိလာပြီး ကုမ္ပဏီ ၂၂ ခုက ကိုယ်စားလှယ်များနဲ့ တွေ့ဆုံကာ ကုမ္ပဏီတစ်ခုကို တစ်နှစ်စာ အခွန်ငွေ သိန်း ၃၀၀ တိတိပေးသွင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါတွေက ကျွန်တော်သိရသလောက်ပြောတာပါ၊ ကျွန်တော်မသိတဲ့ ကိစ္စတွေအများကြီးရှိနေပါသေးတယ်၊ ကျွန်တော်တို့က စီးပွားရေးသမားမို့ အရင်းအနှီးစိုက်ထုတ်ပြီး ငွေရှာရတယ်၊ အလယ်အလတ်ရှိသူတွေက အရင်းအနှီးတစ်ဝက် လုပ်အားတစ်ဝက်နှင့် ငွေရှာရတယ်၊ လက်လုပ်လက်စား မိသားစုတွေကတော့ သွေးတွေ၊ ချွေးတွေနဲ့ရင်းပြီး ငွေရှာကြရတယ်၊ လူအားလုံးဟာ မိမိဘ၀ရပ်တည်ရေးအတွက် ကိုယ်တတ်နိုင်တာကို အရင်းအနှီးပြုပြီး အလုပ်လုပ်ကြရပါတယ်၊ KIA ကတော့ လက်နက်ကိုင်ပြီး ငွေရှာပါတယ်၊ လူတန်းစား အလွှာမရွေးထံမှ ရနိုင်သမျှ ညှစ်ထုတ်တောင်းခံနေတယ်၊ လက်လုပ်လက်စားမိသားစုဘ၀တွေ အနေနဲ့ကတော့ ကြံရည်ကြိတ်စက်နဲ့ ကြိတ်ပြီးသား ကြိတ်ဖတ်တွေလို KIA ကို ပေးဆပ်ရလို့ တစ်စစီကြေမွခမ်းခြောက်နေပြီ ဖြစ်ပါတယ်။

ဒီလို ဆိုးရွားလှတဲ့လုပ်ရပ်တွေ ကျူးလွန်နေတဲ့ KIA ဟာ သိပ်တော့သက်ဆိုးရှည်မယ်မထင်ပါဘူး၊ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေအတွက် တစ်လှည့်ပြန်ပြီး ပေးဆပ်ရမှာပါ၊ အများပြည်သူဒုက္ခရောက်အောင် မွှေးခဲ့တဲ့မီးဟာ လေကြောင်းအပြောင်းမှာ မီးမွှေးသူဘက်ကို ပြန်ပြီးဦးတည်လောင်မြိုက်တော့မှာဖြစ်ပါတယ်၊ ဒါကြောင့် KIA ခေါင်းဆောင်တွေကို အစိုးရတပ်နဲ့ တိုက်ပွဲမှာ တိုက်ခိုက်ရင်းမသေခင် ဘုရားကျောင်းသွားပြီး ဘုရားသခင်ထံမှာ အပြစ်တွေအတွက် ခွင့်လွှတ်ဖို့ ဆုတောင်းရင်း ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြပါလို့သာ အများရဲ့ကိုယ်စား ပြောလိုက်ချင်ပါတော့တယ်။



Myanmar Express

2 comments:

ကောင်း တယ် များများ သာပေး ကြပါ၊ သာဓု သာဓု ကွယ်၊ နောက် ကချင်ပြည် ကို မလာ နဲ့ တော့ နော်။ ဘိုင် ဘိုင်

Crush all KIA (terrorist group)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်