Subscribe to our RSS Feed

နိုင်ငံခြားဧည့်သည်များ လွယ်ကူမြန်ဆန်စွာဝင်နိုင်ရေး e-visa စနစ် အကောင်အထည်ဖော်

လေဆိပ်၊ ရေဆိပ်ဝင်ပေါက် ထွက်ပေါက်များ၊ နယ်စပ်ဝင်ပေါက် ထွက်ပေါက်များ၌ e-visa စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် online & Internet တပ်ဆင်အသုံးပြုမှုနှင့် ကော့သောင်းဒေသ ရွက်လှေခရီးစဉ်၊ ထားဝယ်၊ မြိတ်ဒေသ ခရီးစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်ဇုန်များ တည်ဆောက်ရေးကိစ္စများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတက်ရောက်၍ အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင် နိုင်ငံခြားသားဝင်ရောက်မှု လွယ်ကူအဆင်ပြေရေး ကော်မတီအနေဖြင့် နိုင်ငံခြားသား ဧည့်သည်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူမြန်ဆန်မှု ရှိစေရေးအတွက် e-visa စနစ်ဖြင့် ဖော်ဆောင်ကျင့်သုံးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လေဆိပ်၊ ရေဆိပ် ဝင်ပေါက်ထွက်ပေါက်များ၊ နယ်စပ်ဝင်ပေါက်များ ထွက်ပေါက်များ၌ online & Internet တပ်ဆင်၍ စမ်းသပ်အသုံးပြုမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားဧည့်သည်များ ဝင်ရောက်လာပါက ဝင်/ထွက်ပေါက်များတွင် အဆင်ပြေလွယ်ကူစေရေး၊ သယ်ယူပို့ဆောင်ရေးယာဉ်များ အဆင်ပြေရေး၊ ဟိုတယ်အခန်း လုံလောက်မှုရှိစေရေးနှင့် ပုဂ္ဂလိကဝန်ဆောင်မှု အဆင့်မြင့်မားရေး၊ စိတ်ဝင်စားဖွယ်ရာ ခရီးစဉ်သစ်များ ဖော်ထုတ်ရေး စသည့် လုပ်ငန်းစဉ်များသည်လည်း အရေးကြီးကြောင်း၊ သို့ဖြစ်ပါ၍ ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ် တည်ဆောင်ရန်အတွက် ယခုအစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပေး ဆွေးနွေးကြစေလိုကြောင်း၊ ပထမဦးစားပေးအနေဖြင့် CLMV လေးနိုင်ငံ ခရီးစဉ်တစ်ခု ဖြစ်စေရေး အစီအစဉ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်