Subscribe to our RSS Feed

အရည်အချင်းရှိ ဆရာ၊ ဆရာမများကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်မည်


ထူးခြားတတ်မြောက်မှုရှိသည့် အရည်အချင်းရှိ ဆရာ၊ ဆရာမများအား နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်နေကြောင်း နိုင်ငံတော်ဒုတိယသမ္မတ၏ ရှမ်းပြည်နယ် ခရီးစဉ်၌ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ နိုင်ငံတော်က ဆောင်ရွက်ရန် အစီအစဉ်ရှိခြင်းမှာ အစဉ်အလာ မှတ်တိုင်တစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာ့ပညာရေး လေ့လာသုံးသပ်အချို့က မှတ်ချက်ပြုကာ ထောက်ခံကြိုဆိုမှုများ ပြုလုပ်လိုက်ကြကြောင်းလည်း သိရသည်။ ဒဂုံတက္ကသိုလ် မြန်မာစာဌာနမှ ကထိက ဆရာမတစ်ဦးက "ဒီလို လုပ်ဆောင်ပေးရင် ဆရာမတစ်ယောက်အနေနဲ့ ဝမ်းသာမိမှာပဲ။ ဘယ်သူမဆို မိမိတို့အားစိုက်၊ လုပ်ဆောင်မှုတွေအပေါ်မှာတော့ တစ်နည်းနည်းနဲ့ အသိအမှတ် ပြုခံချင်ကြတာက ဓမ္မတာပဲ။ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားကို သာမန်စာတတ်ရုံ၊ စာမေးပွဲအောင်ရုံ လုပ်ဆောင်ပေးတာမျိုး မဟုတ်ဘဲ ဘဝတစ်ခုလုံးအတွက် လမ်းမှန်ပေါ်ရောက်အောင် ပြုစုပျိုးထောင်ပေးနေတဲ့သူတွေ အများကြီး ရှိနေတာကြောင့်ပါ" ဟု ပြောသည်။ ယခင်အစိုးရ အဆက်ဆက်လက်ထက်၌ ဆရာ၊ ဆရာမများ၏ အဆင့်အနေအထားများအား မြှင့်တင်ချီးမြှင့်ခြင်းများနှင့် အသိအမှတ်ပြုခြင်းများ ရှိခဲ့သော်လည်း သင်ကြားနိုင်သည့် အတိုင်းအတာပေါ်တွင်သာ ရှိခဲ့ပြီး သင်ကြားရေးပေါ်တွင် အခြေခံသည်မျိုး သည်မှာ မရှိခဲ့ကြောင်း ထို့အတွက် ဤသည်မှာ ပထမဦးဆုံး အစီအစဉ်ဖြစ်သည်ဟု မြန်မာ့ပညာရေး၌ နှစ် ၃၀ ကျော် တာဝန်ယူခဲ့သူ အငြိမ်းစားကျောင်းဆရာကြီး တစ်ဦးထံမှ သိရသည်။ မြန်မာ့အခြေခံ ပညာရေးသမိုင်း တစ်လျှောက်၌ လက်ထောက် ဆရာ၊ ဆရာမ အဆင့်များဖြင့်သာ မည်သို့မျှ မပြောမဆိုခဲ့ဘဲ ကျေနပ်နှစ်သိမ့်မှုများဖြင့် သင်ကြားပေးနေသည့် ဆရာမများ ရှိခဲ့ပြီး ရထားသည့် ရာထူးအဆင့်အတန်းဖြင့်သာ ချို့တဲ့စွာ အငြိမ်းစားယူသွားခဲ့သူ ရှိနေခဲ့သည်ကို အထင်အရှား တွေ့နေကြရကြောင်း၊ တိုးတက်မှု မရှိသည့် နေရာများ ဖြစ်နေသော်လည်း နာ ၃ နာဖြင့် ဆက်လျှောက်နေသူများကို ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်မည်ဆိုပါက ကျေနပ်အားရ ဂုဏ်ယူစရာတစ်ခု ရရှိသွားစေမည်ဟု ဆရာကြီးများက သုံးသပ်မှု ပြုကြသည်။ သင်ကြားရေးပေါ်တွင် အခြေခံကာ ပေးအပ်ဖွယ်ရှိနေသည့် အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်တို့အား အရပ်သားအစိုးရသစ် လက်ထက်၌ ချီးမြှင့်နိုင်မည်ဆိုပါက မြန်မာ့ပညာရေး အဆင့်မြှင့်တင်ရေးအတွက် အထောက်အကူကြီးတစ်ရပ် ဖြစ်လာမည်ဖြစ်ပြီး ပညာရေးလောကရှိ ဝန်ထမ်းများ၏ ဂုဏ်ကို မြှင့်တင်ပေးရာရောက်ကြောင်း မြန်မာ့ပညာရေး လေ့လာသုံးသပ်သူ အချို့က ထောက်ပြကြသည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Daily Mail

1 comments:

အရမ်းကောင်းပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်