Subscribe to our RSS Feed

ရင်ခုန်ပြောကြား အကယ်ဒမီစကား စိုင်းစိုင်းခမ်းလှိုင် မျိုးသန္တာထွန်း သက်မွန်မြင့် လင်းဇာနည်ဇော် ဝေဠုကျော်


နှစ်စဉ်ဒီဇင်ဘာလသို့ ရောက်ပြီဆိုလျှင် ရုပ်ရှင်အနုပညာရှင်များရော၊ ရုပ်ရှင်ချစ်ပရိသတ်များပါ တန်ဖိုးထား မျှော်လင့်ကြသည့် အကယ်ဒမီအတွက် စတင်ရင်ခုန်ကြပြီဖြစ်သည်။ အနုပညာရှင်တို့က ကိုယ်တိုင်အတွက် ရင်ခုန်ကြသူများရှိသလို သူများအတွက် မျှော်လင့် ၀မ်းသာပေးကြသူများလည်း ရှိသည်။ ပရိသတ်များကတော့ သူတို့ကြည့်ဖြစ်သည့် ရုပ်ရှင်ကားများထဲက သူတို့ရစေချင်သူတွေနှင့် တကယ်တမ်း ဆုချီးမြှင့်ခံရသူများ တစ်ထပ်တည်းကျမကျ မျှော်လင့်ကြခြင်းဖြစ်သည်။ အကယ်ဒမီအတွက် ရင်ခုန်ကြသူတို့၏ အကယ်ဒမီစကားသံ အချို့ကို စုစည်းဖော်ပြပေးသွားမည်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၅ ကားရှိပြီး ဟာသဇာတ်ကား ၁၁ ကားနှင့် ဒရာမာရုပ်ရှင်ဇာတ်ကား ၄ ကားပါဝင်ထားသည်။ ကျရာဇာတ်ရုပ် အသီးသီးတွင်ပါဝင် ပုံဖော်ထားသည့် အနုပညာရှင်အချို့၏ အကယ်ဒမီ ရင်ခုန်စကားသံများမှာ . . .

ဒါရိုက်တာဝိုင်း

အခုပြောမယ့်စကားက ကျွန်တော့်အတွက် မရည်ရွယ်ပါဘူး။ ပရိသတ်အတွက် ဒီစကားကိုပြောတာပါ။ ပရိသတ်တွေကတော့ ကျွန်တော့် ကိုချစ်တယ်၊ ကျွန်တော့်ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော့်ကို ရစေချင်တယ်။ သို့သော်လည်း သိပ်မမျှော်လင့်ပါနဲ့လို့ ပြောချင်ပါတယ်။ ကျွန်တော့် ဇာတ်ကားက အကယ်ဒမီ ပေးလေ့ပေးထရှိတဲ့ ပုံစံမျိုး တချို့နဲ့တိုက်နေတယ်။ ယဉ်ကျေးမှုတို့စသဖြင့် ဘာတွေမှန်းမသိတဲ့ စံတွေ နဲ့ ကျွန်တော့်ကားက ကိုက်နေတယ်။ တခြားပြိုင်ရမယ့် ကားတွေမှာလည်း အဲဒီစံတွေနဲ့ ကိုက်တဲ့ကားတွေ ပါနေတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ရင်မခုန်ပေးဘဲ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ပြောင်းပြီး ရင်ခုန်ပေးပါလို့ ပြောချင်ပါတယ်။ ကိုယ်ဖန်တီးခဲ့တဲ့ အပေါ် ကိုယ်တိုင်ပြန်ဝေဖန်ပါဆိုရင်တော့ နိုင်ငံတကာအဆင့်အတန်းနဲ့ မတွက်ဘဲ မြန်မာနိုင်ငံ အဆင့်အတန်းနဲ့ပဲ တွက်မယ်ဆိုရင်တော့ ဂုဏ်ထူး ထွက်ပါတယ်။ သရုပ်ဆောင်ဆိုရင်တော့ ပြေတီလည်း ကောင်းသလို သက်မွန်လည်း ကောင်းပါတယ်။ မထင်မှတ်တဲ့ တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းလည်း အရမ်းကောင်းပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်လို့ ပြောရရင်တော့ အနုပညာရှင်တိုင်း ချစ်တဲ့အကယ်ဒမီဆုက ပရိသတ်နဲ့ တစ်ထပ်တည်းကျရင် ကောင်းတယ်။

ပြေတီဦး

ကျွန်တော်ဒီနှစ်မှာ ရုပ်ရှင်ကားကြီး ခြောက်ကားမှာ သရုပ်ဆောင်ထား ပါတယ်။ လေးကားက ဟာသကားဖြစ်ပြီး နှစ်ကားကတော့ ဒရာမာကားပေါ့နော်။ အာဒမ်ရယ် ဧ၀ရယ် ဇာတ်ကားကတော့ ကျွန်တော်မလုပ်ဖူး သေးတဲ့ ကာရိုက်တာလေးပေါ့။ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်ကတော့ ဒရာမာကား စစ်စစ်ပေါ့လေ။ အဲဒီနှစ်ကားလုံးမှာ တတ်စွမ်းသမျှတော့ ကြိုးစားခဲ့ပါတယ်။ အကယ်ဒမီရတယ် မရဘူးဆိုတာ အတွက်တော့ ကြိုပြီးမှန်းဆ ရင်ခုန်တာမျိုးတော့ မရှိပါဘူး။ အနုပညာရှင်တိုင်းချစ်တဲ့ အကယ်ဒမီအတွက်တော့ ရမယ်ဆိုရင် ပျော်မှာပေါ့လေ။ ကျွန်တော့်လိုပဲ ကောင်းတဲ့သူတွေ ကြိုးစားထားတဲ့ သူတွေလည်း အများကြီးပါပဲ။

သက်မွန်မြင့်

သက်မွန် ဒီနှစ်မှာရုပ်ရှင်ကားကြီး ခြောက်ကား ရိုက်ထားပါတယ်။ လေးကားက ဟာသကား နှစ်ကား ကတော့ ဒရာမာပေါ့နော်။ နှစ်ကားလုံးမှာလုပ်ရတဲ့ ကာရိုက်တာကတော့ မတူပါဘူး။ အာဒမ်ဧ၀မှာက ချစ်သူ ကို အရမ်းချစ်တဲ့ ဖြူဖြူစင်စင်ကောင်မလေးက စိတ်နာသွားတဲ့အချိန်မှာ ပြောင်းလဲသွားရတာပေါ့။ အမေ့ ကျေးဇူးကတော့ ဒရာမာစစ်စစ်ပေါ့။ နှစ်ကားလုံးမှာတော့ သက်မွန်အစွမ်းရှိသမျှ ကြိုးစားခဲ့ပါတယ်။ သက်မွန် အတွက် ပရိသတ်တွေက ရင်ခုန်ပေးကြတယ်ဆိုလို့လည်း ကျေးဇူးတင်ပါတယ်။ အကယ်ဒမီအတွက်တော့ သက်မွန် အများကြီး မျှော်လင့်မထားပါဘူး။ ပရိသတ်က ရစေချင်တယ်ဆိုတာနဲ့တင် သက်မွန်ကျေနပ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်

ကျွန်တော် သရုပ်ဆောင်ထား တဲ့ အာဒမ်ရယ်ဧ၀ရယ်ဒသရယ် ဇာတ်ကားလေးမှာ ကျွန်တော် တတ်စွမ်းသလောက်လေးကို ဒါရိုက်တာကို ၀ိုင်း သင်ကြားပြသပေးတဲ့အတိုင်း ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။ လိုအပ်ချက်တွေလည်း ရှိခဲ့ပါတယ်။ အခု အကယ်ဒမီအတွက် ပရိသတ် က ရင်ခုန်ပေးကြတယ်လို့ သိရတာကြောင့် ရတာ မရတာထက်ကျွန်တော် အားတွေ အများကြီးရှိလာတယ်ဗျာ။ နောက်ကိုလည်း အစွမ်းကုန်ဆက်ပြီး ကြိုးစားဦးမှာပါ။ ရသည် မရသည်ကတော့ အရမ်းကြီးမျှော်လင့်မထား ပါဘူး။

ဝေဠုကျော်

ကျွန်တော်ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးနှစ်ကားမှာ ပါဝင်သရုပ် ဆောင်ထားပါတယ်။ တစ်ကားက ဟာသကားဖြစ်ပြီး နောက်တစ်ကား ကတော့ ဒရာမာကားပေါ့လေ။ ပင်လယ်ထက်က နေ၀န်းနီ ဇာတ်ကားနဲ့ ကျွန်တော့်အတွက် ရင်ခုန်ပေးကြတယ် ဆိုတာကြောင့် ၀မ်းသာပါတယ်။ ကျွန်တော်က အဲဒီဇာတ်ကားမှာ ဆလုံ တိုင်းရင်းသားတစ်ယောက် ပုံစံသရုပ်ဆောင်ထားပါတယ်။ ဆလုံတစ်ယောက်ရဲ့ပြောဟန်ဆိုဟန်အတိုင်း ဖြစ်အောင် ကြိုးစားရတဲ့အပြင် တခြား စိတ်ခံစားမှု အမူအရာပိုင်းတွေလည်း ပေါ်လွင်အောင် ကြိုးစားရတာဖြစ်တဲ့ အတွက် သေချာကြိုးစားခွင့်ရတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ကျွန်တော်က တော့လုပ်ခွင့်ရသလောက် အတိုင်းအတာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကျန်တာတော့ သိပ်အများကြီး မျှော်လင့်မထားပါဘူး။

လင်းဇာနည်ဇော်

မလင်းဒီနှစ်မှာ အငိုမျက်လုံး အပြုံးမျက်နှာ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ အစ်ကိုကိုချစ်ကြောက် ရိုသေရတဲ့၊ အငြိမ့်မင်းသမီးဘ၀ကို အရမ်း ၀ါသနာပါ မြတ်နိုးတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။ ပရိသတ်တွေက အသိအမှတ်ပြုတဲ့အတွက် လည်း ကျေးဇူးတင်ပါတယ်။ အကယ်ဒမီ ဆိုတာကတော့ အနုပညာရှင်တိုင်း လိုချင်ကြတဲ့ဆု ဖြစ်တာကြောင့် ရခဲ့မယ်ဆိုရင်တော့ အတိုင်းထက် အလွန် ၀မ်းသာမိမှာပါ။

ဆင်မ

ကျွန်တော် ‘အငိုမျက်လုံး အပြုံး မျက်နှာ’ ဒရာမာဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ အဲဒီကားမှာ ကျွန်တော်အစွမ်းရှိသလောက် လုပ်ခွင့်ရသလောက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဟာသသရုပ်ဆောင် အဖြစ် မြင်နေကျနေရာကနေ လုပ်ဖော်ကိုင်ဘက်အတွက် ၀မ်းနည်းပူဆွေးရတဲ့ ပုံစံမျိုးသရုပ်ဆောင်ရတာ ပေါ့လေ။ ကျွန်တော်တို့ ဟာသသရုပ်ဆောင် တစ်ယောက်အတွက် အခုလို အခွင့်အရေးရတယ်ဆိုတာ ကြုံတောင့်ကြုံခဲပါ။ ပါခွင့်ရတဲ့ အနေအထားမှာ လုပ်ပြခွင့်ရသလောက်ကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဒီအပေါ်မှာပရိသတ်က တစ်စုံတစ်ခု အသိအမှတ်ပြုပေးတယ်ဆိုရင် ကျေနပ်ပါပြီ။ အကယ်ဒမီဆိုတာကတော့ဆုတစ်ခုပေါ့လေ။ ရရင်တော့လည်း လိုချင်တာပေါ့။

မြန်မာပြည်ကျောက်စိမ်း

ကျွန်တော် အရင်ကတည်းကလည်း ရုပ်ရှင်ကားကြီးတွေ နောက်ခံ တေးဂီတ ဖန်တီးမှုကို လေ့လာခဲ့ပါတယ်။ လက်ထောက်ဂီတမှူးအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးတယ်။ အခုကတော့ ပထမဆုံးအကြိမ်အဖြစ် နောက်ခံတေးဂီတကို အစအဆုံးဖန်တီး ဖြစ်တာပေါ့လေ။ ဒီကားက မြန်မာ့ဇာတ်သဘင်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်ဝင်ခန်း တစ်ခန်းစီကို ပံ့ပိုးပေးနိုင်တဲ့ တီးလုံးတီးကွက် မျိုးဖြစ်အောင်ကြိုးစား ဖန်တီးခဲ့တယ်။ အပျော်တီးလုံး၊ ၀မ်း နည်းစရာတီးလုံး၊ အသုဘမြေချတဲ့ ဇာတ်ဝင်ခန်းတီးလုံး၊ အမိန့်စာပြန်တဲ့ တီးလုံးစသဖြင့် သူ့နေရာနဲ့သူ လိုက်ဖက်အောင် ဖန်တီးခဲ့ပါတယ်။ မဟာ ဂီတထဲက ထုတ်နုတ်ပြီး ဖန်တီးဖြစ်ခဲ့ တာပါ။ ဒါကတော့ ကျွန်တော်ကြိုး စားခဲ့တဲ့အပိုင်းပေါ့လေ။ အကယ်ဒမီဆိုတာ ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူအတွက်ကတော့ နာမည်တစ်ခုရတာပေါ့။ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်တော့်အနေနဲ့ ကတော့ အတတ်နိုင်ဆုံးဆက်ပြီး ကြိုးစားနေမှာပါပဲ။

ကင်မရာမန်းတိုးဝင်း

ကျွန်တော် တာဝန်ယူရိုက်ပေးထားတဲ့ အာဒမ်ရယ်ဧ၀ရယ် ဒသရယ် ဇာတ်ကားကတော့ ဒီနှစ်စာရင်းထဲမှာ ပါတာပေါ့လေ။ ဒီကားထဲမှာ ဒါရိုက်တာဖြစ်တဲ့ကိုဝိုင်း လိုချင်တဲ့ ရိုက်ကွက် ပုံစံမျိုးလေးတွေကို ကင်မရာရှုထောင့် မှာ ဘယ်လိုလှအောင် ရိုက်မလဲဆိုတာ စဉ်းစားပြီးပုံဖော်ရပါတယ်။ အဓိက တော့ ကိုဝိုင်းကနမိတ်ပုံတွေ အရမ်းသုံးတဲ့ ဒါရိုက်တာလည်းဖြစ်တဲ့အပြင် မြင်နေကျမြင်ကွင်းမျိုး၊ ရှုခင်းရှုကွက် မျိုး၊ အယူအဆမျိုးတွေ မဖြစ်ချင်တဲ့ အတွက် တော်တော်လေးကို ကြိုးစားပြီး ရိုက်ကူးထားပါတယ်။ အကယ်ဒမီကတော့ ကျွန်တော့်အနေနဲ့ မမျှော်လင့်ပါဘူး။ ကိုယ်လုပ်ခွင့်ရတဲ့အပေါ် အကောင်းဆုံး လုပ်တာမျိုးပဲ ရှိပါတယ်။

ဒါရိုက်တာခင်စောမျိုး (အဖေ့ပညာ)

ကျွန်တော် ရုပ်ရှင်ဇာတ်ကား မဖန်တီးတာ နှစ်တော်တော်လေး ကြာပြီးခါမှ ဒီဇာတ်ကားကို ဖန်တီး ဖြစ်တာပါ။ ဖန်တီးခဲ့စဉ်တစ်လျှောက်မှာလည်း တော်တော်ကြီးကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပါတယ်။ ဆေးရုံတောင် သုံးခါတက်ပြီး ရိုက်ကူးခဲ့ရတဲ့ကားပါ။ ဒါပေမယ့် ဘယ်လိုအခက်အခဲတွေ ရှိခဲ့ပါစေ တကယ်တမ်း ဇာတ်ကားပြီးဆုံး သွားချိန်မှာတော့ ကြိုးစားခဲ့တဲ့အရာတစ်ခု အရာထင်လာပြီ ဖြစ်တဲ့အတွက် ကျေနပ်ပီတိဖြစ်ရပါတယ်။ အကယ်ဒမီ ဆိုတာကတော့ အနုပညာရှင်တိုင်း မြတ်မြတ်နိုးနိုး လိုချင်ကြတဲ့ဆုပေါ့လေ။ ဒီဇာတ်ကားအတွက်ကတော့ ကျွန်တော် အကောင်းဆုံး ကြိုးစားထားတဲ့အတွက် မျှော်လင့်ပါတယ်။ ရသည်မရသည်ကတော့ စောင့်ကြည့်ရမှာပေါ့လေ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုလည်း ရစေချင်ပါတယ်။

မျိုးသန္တာထွန်း

မမျိုးဒီနှစ်ထဲမှာ အာဒမ်ရယ် ဧ၀ရယ်ဇာတ်ကားမှာတော့ သရုပ်ဆောင်ထားပါတယ်။ မမျိုးပါဝင်ရတဲ့ ဇာတ်ဝင်ခန်းက သိပ်အများကြီး မဟုတ်ပေမယ့် ပေါ့ပေါ့လေးလုပ်လို့ရတဲ့ ဇာတ်ဝင်ခန်းမျိုးတော့ မဟုတ်ဘူး။ ယောက်ျားဖြစ်သူကို တစ်သက်လုံးအမုန်းတွေနဲ့ အငြှိုးထားပြီး ခွဲခွာခဲ့ရတဲ့ အချစ်ဦးရဲ့စောင့်ရှောက်မှုနဲ့ နေရတယ်။ သားဖြစ်သူကိုလည်း ကိုယ်ကချစ်ခင်ကြောင်း သိပ်မပြဘူး။ ဒါပေမယ့် တကယ်တမ်းသားကသူ့အဖေလို မိန်းကလေးတစ်ယောက်ကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါမှာတော့ သားတစ်သက်လုံး နောင်တရမယ့်ကိစ္စမဖြစ်အောင် တစ်သက်လုံးဖုံးကွယ်ထားတဲ့ အရာကိုဖော်ပြရတဲ့ မိန်းမတစ်ယောက်ပေါ့။ မမျိုးတတ်စွမ်းသမျှတော့ လုပ်ခဲ့ပြီးပါပြီ။ အကယ်ဒမီ ဆိုတာကတော့ မျှော်လင့်တိုင်းလည်း ရတာမျိုးမဟုတ်တဲ့အတွက် မမျှော်လင့်ထားပါဘူး။ ရတော့လည်း ၀မ်းသာမှာပေါ့လေ။

ref: facebook

1 comments:

သက်မွန်မြင့် အကယ်ဒမီရပါစေဗျာ..............

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်