Subscribe to our RSS Feed

ရှေ့နှစ်တွင် ဘဏ်စနစ် ပိုမိုတိုးတက်ကျယ်ပြန့် လာမည်ဟု ဘဏ်လုပ်ငန်းရှင်များ မျှော်မှန်း

အေးသီတာကျော်
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

သမ၀ါယမဘဏ်ခွဲ၏ ရန်ကုန်ဘဏ်ခွဲတစ်ခုတွင် အေတီအမ်စက်ကို တပ်ဆင်နေစဉ်။
ဓာတ်ပုံ - ကောင်းထက်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်အတွင်း ပုဂ္ဂလိက ဘဏ်များ ဆိုင်ရာ မူဝါဒအပြောင်းအလဲများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လာမည့်နှစ်များတွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍမှာ ပိုမို ကျယ် ပြန့်လာမည်ဟု မျှော်လင့်ကြောင်း ပြည်တွင်းဘဏ်လုပ်ငန်း လောကက ပြောသည်။

ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည့် အငှားဝယ်စနစ်၊ အလိုအ လျောက် ငွေထုတ်စနစ်(အေတီအမ်)၊ ငွေလဲ ကောင်တာများနှင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လုပ်ငန်း လိုင်စင် စသည်တို့ ခွင့်ပြုပေးခဲ့ခြင်းတို့ ကြောင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အပေါ် စိတ်ဝင်စားမှုပိုလာခဲ့သည်။

"တိုင်းပြည် တိုးတက်တယ်ဆိုတာ ငွေရေးကြေးရေးက လွှမ်းခြုံထားတာ။ ငွေကြေးပရမ်းပတာဖြစ်ရင် နစ်နာမှာ ဖြစ်တဲ့အတွက် စနစ်ကောင်းဖို့ အရေးကြီးတယ်။ ဘဏ္ဍာအခွန်ဝန်ကြီးဌာနနဲ့ ဗဟို ဘဏ်တို့အနေနဲ့ တကယ့်ပညာရှင်တွေ ရှာရမယ့်အချိန် ဖြစ်လာပြီ။ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍက အခုအချိန်မှာ အရေးကြီးလာပြီ"ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

"ပိုပြီး ဖြေလျှော့ပေးလာတာ၊ နိုင်ငံတကာနဲ့ ပါဝင်လာတာ ကောင်းပါတယ်။ ပိုပြီးလွတ်လွတ်လပ်လပ် ရှိလာတယ်။ အရင်က ရွှေအပေါင် ပစ္စည်းထားလို့ မရဘူး။ ငွေစုစာအုပ်ကို အပေါင်ထားပြီး ငွေချေးတာမျိုး လုပ်လို့မရဘူး။ အခု လုပ်ခွင့်ရလာပြီဖြစ်တဲ့အတွက် ပုဂ္ဂလိက ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး အကောင်အထည်ဖော်လာနိုင်မယ်"ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်၏ အမှု ဆောင်ဒါရိုက်တာနှင့် အကြံပေး ဒေါ်ဥမ္မာစိန်က ပြောသည်။

ထို့ပြင် ဘဏ် ၁၁ ဘဏ်အား နိုင်ငံခြား ငွေကြေး ရောင်းဝယ်ဖောက်ကားခွင့် လုပ်ငန်းလိုင်စင် ခွင့်ပြုပေးလိုက်သည့် အတွက်လည်း ၂၀၁၅ ခုနှစ်တွင် အခြား အာဆီယံနိုင်ငံများနှင့် ဆက်သွယ်ရန် ကြိုတင်ပြင်ဆင်မှုတစ်ရပ် ဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်၏ အကြံပေး ဦးစိုးတင့်က ဘဏ်စနစ် ပြုပြင်ပြောင်းလဲ လိုက်ခြင်းဖြင့် တခြား ပြည်တွင်းကဏ္ဍ များပါ တိုးတက်လာမည်ဟု ဆိုသည်။

ငွေလဲကောင်တာများ ဖွင့်လှစ်ပေး ခြင်းဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တွင် အထောက်အကူပြုခြင်း၊ ငှားဝယ် စနစ်နှင့် နိုင်ငံခြားငွေကြေး အပ်ငွေ စာရင်းများ ဆောင်ရွက်ခြင်းကြောင့် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ခြင်းနှင့် အဆိုပါလုပ်ငန်းများ ချဲ့ထွင်နိုင်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမို မြင့်မားလာသည့် အကျိုးကျေးဇူးများရနိုင်ကြောင်း ၎င်းက ပြောသည်။

သမ၀ါယမ (စီဘီ)ဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က အလိုအလျောက် ငွေထုတ်စနစ် (အေတီအမ်) နှင့် ငှားဝယ် စနစ် စသည်တို့ကို ပြန်လည် ခွင့်ပြု ပေးခြင်းမှာ မြန်မာနိုင်ငံက ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိသည့် (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အာဆီယံ ထိပ်သီးညီလာခံတို့ အတွက်လည်း ကြိုတင်ပြင်ဆင်သည့် သဘောဖြစ်သည်ဟု ပြောသည်။

"ဒီနှစ်အတွင်းမှာ ပြောင်းလဲလာတာ က မလုံလောက်သေးဘူး။ ပြောင်းလဲမှု တွေများပေမယ့် သိသိသာသာ တိုးတက် မလာသေး ဘူး"ဟု ရေထွက်ပစ္စည်း တင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းက ပြောင်းလဲလာသည့် အခြေအနေမှာ အနုတ်လက္ခဏာမှ သုညသို့ ရောက်လာပြီဖြစ်သော်လည်း အပေါင်း လက္ခဏာဖြစ်ရန် လိုအပ်နေသေးသည် ဟု ပြောသည်။

"ပြောင်းလဲတိုးတက်ဖို့ အားယူနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဘဏ်စနစ်တွေက နိုင်ငံတကာကို အမီလိုက်နိုင်ဖို့လိုတယ်။ ကုန်သည်တွေ အတွက် ဘဏ်စနစ် ပွင့်လင်းလာရင် အလုပ်လုပ်ရတာ ပိုပွင့်လင်းလာမယ်။ အထောက်အပံ့ကောင်းတွေ ရလာမယ်"ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

Myanmar Daily Mail

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်