Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်ရက် သုံးလကြိုတင် ကြေညာမည်


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သုံးလကြိုတင် ကြေညာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လစ်လပ်မဲဆန္ဒနယ်များ စာရင်းကို တရားဝင် ထုတ်ပြန်လိုက်ပြီးဖြစ်သဖြင့် မှတ်ပုံတင်ကျပြီး နိုင်ငံရေးပါတီများအနေနှင့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ငန်းများ လွတ်လပ်စွာ စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ နေပြည်တော်တွင် ဒီဖင်ဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ကျင်းပမည်နည်းဟု မေးမြန်းရာ ဦးတင်အေးက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။ “ဇန်နဝါရီ၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုတဲ့ သတင်းက ကောလဟလလို့ မပြောလိုဘူး။ ကြားဖြတ်ရွေးကောက်ပွဲကို သမ္မတက သုံးလကြိုတင် ကြေညာမှာပါ။ ကော်မရှင်အနေနဲ့ အမြန်ဆုံး ကျင်းပချင်ပါတယ်။ ဒါပေမယ့် မှတ်ပုံတင် လျှောက်ထားဆဲ နိုင်ငံရေးပါတီတွေ ရှိနေတယ်။ မှတ်ပုံတင်ဖို့ အချိန်ပေးရမယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ဌာနဆိုင်ရာနဲ့ ဘတ်ဂျက် ညှိနှိုင်းဖို့လည်း လိုသေးတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဖြေဆိုခဲ့သည်။ နိုင်ငံရေးပါတီများ စည်းရုံးရာတွင် လွတ်လွပ်လပ်လပ် စည်းရုံးနိုင်ပြီး ကော်မရှင်အနေနှင့် ကန့်သတ်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း ၄င်းကဆိုသည်။ “ပါတီတွေ လွတ်လွပ်လပ်လပ် သွားလာပြီး စည်းရုံးရေး လုပ်စေချင်တယ်။ ပါတီတွေ နိုင်ငံ့ကောင်းကျိုး လုပ်မယ်လို့ ယူဆတဲ့အတွက် လုပ်စေချင်တာပါ။ ပါတီတွေက လွတ်လပ်စွာ စည်းရုံးခွင့်ရဖို့ လိုတယ်။ ဒါမှ လူထုဆန္ဒမဲတွေရမှ လွှတ်တော်ထဲရောက်မယ်။ လွှတ်တော်ထဲရောက်မှ လူထုအကျိုး သယ်ပိုးနိုင်မယ်” ဟု ဦးတင်အေးက ပြည်တွင်းမီဒီယာများကို ရှင်းလင်းပြောဆိုသည်။ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်း၊ မဲရုံမှူးများကို ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ အသုံးပြုမည်ဖြစ်ကြောင်း၊ မဲရုံနှင့် မဲပုံးများပြားသည့်အတွက် လူအင်အားလိုအပ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းပြီး မသမာမှုများ မလုပ်နိုင်ကြောင်း၊ သို့သော်လည်း မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ လုပ်လိုကြောင်း အဆိုပြုမှုများ ရှိလာလျှင်လည်း ခွင့်ပြုမည်ဖြစ်ကြောင်း ဦးတင်အေးက ရှင်းပြခဲ့သည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

2 comments:

ကောင်းပါတယ်၊ ကြိုဆိုပါတယ်ဗျာ။

ကောင်းပါတယ်၊ ကြိုဆိုပါတယ်ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်