Subscribe to our RSS Feed

မြန်မာက အိမ်ရှင်အဖြစ် ကျင်းပမည့် ဆီးဂိမ်းအတွက် လုပ်အားပေးလူငယ် ၁၂၀၀၀ ခေါ်မည်

နေပြည်တော် နိုင်ငံတကာ အဆင့်မှီ အားကစားကွင်းကြီး

၂၀၁၃ အိမ်ရှင်ဆီးဂိမ်းအတွက် ဆက်ဆံရေးအရာရှိနှင့် လုပ်အားပေးလူငယ် အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် လုပ်အားပေးလူငယ် ၁၂၀၀၀ ခန့် ခေါ်ယူသွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ သိရသည်။ လျှောက်ထားသူများသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၀) ထက်မကျော်သည့် နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အမျိုးသားအနေဖြင့် အရပ် ၅ ပေ ၄ လက်မ၊ အမျိုးသမီးအနေဖြင့် ၅ ပေ ၂ လက်မ ရှိရမည်ဖြစ်ပြီး ရုပ်ရည်သန့်ပြန့်ကာ လုပ်ငန်းတာဝန်အပေါ် စိတ်ဝင်စားသူ၊ သတ်မှတ်ပြိုင်ပွဲကာလ ပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ “ဆက်ဆံရေး အရာရှိကို ပထမအကြိမ်မှာ ကျား ၅၀၊ မ ၅၀ အယောက် ၁၀၀ လောက်ခေါ်သွားမယ်။ တကယ်လိုတာက အားလုံး ၁၂၀၀၀ ဝန်းကျင်လောက် လိုတယ်။ လူငယ်တွေရော၊ စွမ်းအားရှင်တွေရော လိုတယ်။ အိုင်ကျူမြင့်တဲ့ ကလေးတွေ၊ လူငယ်စွမ်းအား အရင်းအမြစ်ကောင်းတဲ့ ကလေးတွေဆို ပိုကောင်းပါတယ်” ဟု အားကစားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာအရည်အချင်းအားဖြင့် အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်နှင့် အထက် အောင်မြင်ပြီးသူများ ဖြစ်ရမည်။ အင်္ဂလိပ်၊ ထိုင်း၊ မလေးရှား ဘာသာစကား တစ်ခုခုကို ပြောဆိုနိုင်သူ ဖြစ်ရမည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ခွင့်ပြုချက်ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် သင်တန်းကို ၂၀၁၂ ဇန်နဝါရီ ၂၄ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလအတွက် ခရီးသွားစရိတ် (အသွား၊ အပြန်)၊ နေ့စဉ်စားစရိတ်၊ ဝတ်စုံစရိတ်၊ နေရာထိုင်ခင်းနှင့် ထောက်ပံ့ကြေး စသည်တို့ကို ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းလျှောက်လွှာများကို ကိုယ်ရေးအချက်အလက်နှင့်အတူ သတ်မှတ်ဓါတ်ပုံများကို ၂၀၁၂ ဇန်နဝါရီ ၁၆ ရက် နောက်ဆုံးထား၍ နေပြည်တော် အားကစားဝန်ကြီးဌာနသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်