Subscribe to our RSS Feed

ပြည်ခိုင်ဖြိုးပါတီက အခြားနိုင်ငံရေးပါတီများနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးသွားမည်

အောင်ရှင်
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်သည့် အခြားပါတီများမှ တာဝန်ရှိသူများကို လိုက်လံနှုတ်ဆက်နေစဉ်။
ဓာတ်ပုံ - အောင်ရှင်

ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီသည်အခြားနိုင်ငံရေးပါတီများနှင့် အခါ အားလျော်စွာ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တိုင်း ဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီ အားလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ၎င်းတို့ ပါတီရုံးသို့ ဖိတ်ခေါ်၍ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

'တီးပါတီ' ဟုဆိုသော အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် ပြည်ထောင် စုကြံ့ခိုင်ရေးပါတီနှင့် နိုင်ငံရေး ပါတီများအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသာဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအား စည်းရုံးဆွေးနွေးခြင်းမဟုတ် ပါဟုလည်း တိုင်းဒေသကြီး အတွင်းရေးမှူး ဦးဝင်းမောင်က ပြောသည်။

"နိုင်ငံရေးပါတီတွေနဲ့ ရင်းရင်းနှီးနှီး ဖြစ်အောင် တွေ့ဆုံတဲ့သဘောပါပဲ။ အားလုံး ဆန္ဒကိုရယူနိုင်ဖို့ အလွတ်သဘော တွေ့ဆုံဆွေးနွေး တဲ့ သဘောမျိုးပါ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးတာမျိုး မဟုတ်ပါဘူး။ နောက်လည်း အခါအားလျော်စွာ တွေ့ဆုံသွား မှာပါ"ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးဝင်းမောင်က ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တက် ရောက်လာသည့် နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များသည် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ တရားစီရင် ရေးကိစ္စများနှင့် စည်ပင်သာယာရေး ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းတင်ပြ ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲအတွင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)က နိုင်ငံရေးပါတီများအတွက် ပါတီရုံးဖွင့်လှစ်ရန်မြေနေရာနှင့် အစိုးရထံမှ ဘတ်ဂျက် ခွဲတမ်းရရှိရန်တင်ပြခဲ့ပြီး အခြားနိုင်ငံရေး ပါတီအချို့ကလည်း ထောက်ခံဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးပါတီများသည် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားကိစ္စများအတွက် လွှတ်တော်အမတ်များမှ တစ်ဆင့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ပြီး တိုင်းဒေသ ကြီးက လာမည့်လွှတ်တော် အစည်း အဝေးများတွင် ဥပဒေပေါင်း ၁၂ ရပ်ကို တင်ပြ ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ရုံးခန်းတွင် ကျင်းပခဲ့သည့် အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ဒီမိုကရေစီ ပါတီ၊ ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ် များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ၀ံသာနုဒီမိုကရက်တစ် ပါတီနှင့် (၈၈) ပြည်သူ့အင်အားစု ပါတီတို့မှ ပါတီခေါင်းဆောင်များတက် ရောက်ခဲ့ကြပြီး ဖိတ်ကြားထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တက်ရောက် ခဲ့ခြင်းမရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးတွင် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား ၁၉ သိန်းကျော်ရှိပြီး ပါတီဝင်ကတ်ပြား ရှစ်သိန်းကျော် ပေးအပ်ပြီး ဖြစ်ကြောင်းလည်း သိရသည်။


Myanmar Daily Mail

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်