Subscribe to our RSS Feed

သတင်းမီဒီယာများအတွက် အဖွဲ့ဖွဲ့စည်းရန် စဉ်းစားနေ


မြန်မာနိုင်ငံတွင် အစပျိုးရန် စီစဉ်နေပြီဖြစ်သည့် သတင်းမီဒီယာများအတွက် Press Council ဖွဲ့စည်းရေးသည် ယခုနှစ်လယ်ခန့်တွင် အစောဆုံးဖွဲ့စည်းနိုင်ပါက မြန်မာသတင်းမီဒီယာလောကအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဟု ဝါရင့်သတင်းစာသမားများက သုံးသပ်ပြောကြားသည်။ ဒီဇင်ဘာလဆန်းပိုင်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မီဒီယာလောကသားများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် ထိုအကြောင်းအရာကို ထည့်သွင်းဆွေးနွေးသွားခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးကိုကိုလှိုင်က ထိုကဲ့သို့ ဖွဲ့စည်း နိုင်ရန် စတင်စဉ်းစားနေပြီဖြစ်ကြောင်း၊ သို့ရာတွင် ဖွဲ့စည်းရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ပြောသည်။ ထိုအဖွဲ့ ဖွဲ့ပါက သတင်းသမားများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာကို ထိန်းကျောင်းပေးနိုင်မည်ဖြစ်သလို သတင်းသမားများ၏ လွတ်လပ်စွာရေးသားနိုင်ခွင့်နှင့် အရည်အသွေးကိုလည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ “မကြာခင်မှာ စာပေစိစစ်ရေးရဲ့ လုပ်ငန်းပိုင်းတွေ လျှော့ချလာတဲ့အခါမှာ ဒီလိုအဖွဲ့မျိုး လိုလာပါတယ်။ ဒီလိုလုပ်မယ်ဆိုတော့ ဘယ်သူက ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဝိုင်းပြီးစဉ်းစားရမယ်” ဟု ဦးကိုကိုလှိုင်က ပြောသည်။ “အခုဆိုလည်း မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများအသင်းဆိုတာ ရှိတယ်။ အဲဒါကိုပဲ ပြန်ပြောင်းပြီးလုပ်မလား မပြောတတ်ဘူး။ ဒါမှမဟုတ် အသွင်ပြောင်းပြီး သတင်းသမားတွေကိုလည်း ပါနိုင်အောင်လုပ်မှာလားဆိုတာ မပြောနိုင်ဘူး” ဟု ၎င်းက ပြောသည်။ ထို့ပြင် နောင်နှစ်အတွင်း၌ပင် မီဒီယာ ဥပဒေလည်း ပေါ်ထွက်လာဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်